က မ္ဘာ့အချစ်တတ်ဆုံးလူသားကို ပြပါဆိုရင် မိန်းကလေးတွေကို ပြရမယ် ထင်ပါတယ်။ မိန်းကလေးတွေ ချစ်မိသွားတဲ့အခါ ဘယ်သူမှ ယှဉ်လို့ မရနိုင်အောင် ချစ်တတ်ကြပါတယ်။ မိခင်မေတ္တာဆိုတာမျိုးက ကြီးကျယ်မြင့်မြတ်တယ်ဆိုတာကလည်း အမျိုးသမီးတွေရဲ့ ချစ်တတ်တဲ့စိတ် ကြီးမားလွန်းလို့ပါပဲ။ အခုတော့ မိန်းကလေးတွေက ဆန့်ကျင်ဘက်ဖြစ်တဲ့သူကို ချစ်မိသွားတဲ့အခါ ဖြစ်သွားတတ်တဲ့ အခြေအနေလေးတွေကို ဖော်ပြပေးချင်ပါတယ်နော် ….

(၁) ကြည်နူးတာ

တစ်ယောက်ကို ချစ်ရတာ ပျော်စရာကောင်းတယ်ဆိုတာ ချစ်ဖူးသူတိုင်း သိကြမှာပါ။ လူတစ်ယောက်ကို ချစ်မိတဲ့အခါ အလိုလို ကြည်နူးနေတတ်ပါတယ်။ ဒီလိုပဲ ကောင်မလေးတစ်ယောက်က အချစ်ကို တွေ့နေပြီဆိုရင် ကြည်နူးနေတာကို တွေ့ရမှာပါ။ ကိုယ့်ကြိုက်တဲ့အရာတစ်ခုကို လက်ဝယ်ရရှိတဲ့ ကြည်နူးမှုနဲ့တော့ မတူပါဘူး။ သူတို့ကတော့ နေ့စဉ်ဓူဝအရာတွေ လုပ်နေရင်းနဲ့ကို ကြည်နူးနေတဲ့မျက်နှာကို သူတို့မှာ တွေ့နေရမှာပါ။ ပုံမှန်ထက် ထူးခြားနေတဲ့ မျက်နှာလို့ ဆိုရမှာပေါ့နော် …။

(၂) ဂရုစိုက်တတ်လာတာ

များသောအားဖြင့် မိန်းကလေးတွေမှာ စည်းစနစ်ကျတဲ့သူတွေလည်း ရှိနေတတ်ပါတယ်။ ဒါပေမဲ့ ပုံမှန်ထက်ပိုပြီး အစစအရာရာကို ဂရုစိုက်တတ်နေပြီဆိုရင်တော့ ချစ်တဲ့သူကို တွေ့နေတာမျိုး ဖြစ်နေတတ်ပါတယ်။ ဒါ့အပြင် သူ ချစ်တဲ့သူကို စိတ်ပူတတ်လာတာ မကြာခဏ အာရုံရောက်ပြီး ဂရုစိုက်မိနေတာတွေက ချစ်မိနေလို့ပဲ ဖြစ်ပါတယ်။ ပုံမှန်ဆက်ဆံရေးတွေမှာတော့ ဒီလိုပဲ ပုံမှန်လို ခံစားရပေမဲ့ ချစ်မိနေတဲ့အခါမှာတော့ ပုံမှန်ထက် ပိုပိုသာသာလေးကို ဂရုစိုက်မိနေတတ်ပါတယ် …။

(၃) လူကြီးဆန်သလို ကလေးလည်း ဆန်သွားတယ်

ဒါက မိန်းကလေးတွေပဲ သိနားလည်ကြမှာပါ။ မိန်းကလေးတွေကိုမှာ မိခင်စိတ်ပါလာပြီးသားမို့ ကိုယ်ချစ်ရတဲ့သူကို လူကြီးတစ်ယောက်လိုလည်း ဂရုစိုက်ပေးတတ်လာကြပါတယ်။ ဒါ့အပြင် ကလေးလိုလည်း ချစ်ရသူကို ဆိုးနွဲ့ချင်တတ်ကြပါသေးတယ်။ ဒါကြောင့် လူကြီးဆန်တာရော ကလေးဆန်တာကိုရောကို မိန်းကလေးအတော်များများက တစ်ပြိုင်တည်း လုပ်နိုင်ကြပါတယ် …။

(၄) ဘာကိုမှ ဂရုမစိုက်ဘူး

မိန်းကလေးတွေက ချစ်လာတဲ့အခါ အချစ်ကို ပိုခံစားတတ်ကြပါတယ်။ ကိုယ်ချစ်တဲ့သူက ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် လက်ခံနိုင်ကြပါတယ်။ ဘယ်အခြေအနေမှာ ဖြစ်ဖြစ် နှစ်ယောက်အတူ ကြိုးစားဖို့ ဆန္ဒရှိကြပါတယ်။ ဘယ်သူတွေက ဘာပဲ ပြောနေပါစေ ဂရုမစိုက်ပဲ ချစ်သူတစ်မျက်နှာကိုပဲ ကြည့်ပြီး တလောကလုံးကို ရင်ဆိုင်ရဲကြပါတယ်။ ချစ်မိတဲ့အခါ မတူဘူး မတန်ဘူးစကားတွေကို လုံးဝ ဂရုမစိုက်တတ်တော့ပါဘူး …။

(၅) ဟန်မဆောင်ချင်တာ

လူတွေရဲ့ သဘာဝအရ ကိုယ်ချစ်တဲ့သူရှေ့ဆို ဟန်မဆောင်ချင်ကြတော့ပါဘူး။ တခြားသူတွေ မသိတဲ့ အကြောင်းအရာတွေကို ကိုယ်ချစ်တဲ့သူကိုကျ သိစေချင်မိနေတတ်ပါတယ်။ ချစ်မိသွားတဲ့သူရှေ့ဆို ကိုယ့်ရဲ့ အကြောင်းအရာတွေကို ပြောပြချင်မိသွားနေရင်တော့ တကယ် ချစ်မိနေတာပါ။ သူ့အပေါ် ကိုယ့်အကြောင်းတွေကို ဟန်မဆောင်ချင်ဘူးဆိုရင်တော့ ချစ်စိတ်တွေကြောင့်ပဲ ဖြစ်ပါတယ် …။

ချစ်တဲ့သူတိုင်း အတူရှိနိုင်ကြပါစေနော် …။ ။

Kham