လောကမှာကိုယ့်ကိုယ်ကိုမချစ်တဲ့သူဆိုတာ မရှိလောက်ပါဘူးနော်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုချစ်ကြပုံချင်းတော့ တစ်ယောက်နဲ့တစ်ယောက်တူမှာမဟုတ်ပါဘူး။ တကယ်တော့ အခုအချက်တွေကို မလုပ်ဘူးဆိုရင် ကိုယ့်ကိုယ်ကိုချစ်တယ်လို့ မဆိုနိုင်ပါဘူး။ သင်ရော ဒီအထဲက ဘယ်နှချက်ကိုလုပ်ဖြစ်ပါသလဲ။

(၁) အစားအသောက်ကိုဂရုစိုက်တယ်

သင်ဘာအစားအစာတွေစားတယ်ဆိုတာက သင့်ကျန်းမာရေးကိုအပြောင်းအလဲဖြစ်စေပါတယ်။ အစားအသောက်ကို မချင့်ချိန်ဘဲ အလွယ်ရတာတွေစားမယ်၊ ပါးစပ်ကိုအလိုလိုက်ပြီး အပြင်စာတွေပဲစားနေမယ်ဆိုရင်တော့ ရောဂါတွေကို ဝယ်ယူနေသလိုပါပဲ။ ဒါကြောင့် အစားအသောက်ကိုသေချာဂရုတစိုက်စားတယ်ဆိုရင်တော့ သင်ဟာ ကိုယ့်ကိုယ်ကိုတကယ်ချစ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။

(၂) ကိုယ်လက်လှုပ်ရှားမှုလုပ်တယ်

အထိုင်များခြင်းက ဆေးလိပ်သောက်တာထက်တောင် ကျန်းမာရေးကိုပိုထိခိုက်စေနိုင်ပါတယ်။ အထိုင်များပေမယ့် ကိုယ်လက်လှုပ်ရှားမှုလေးတွေလုပ်မယ်ဆိုရင်တော့ ကျန်းမာရေးကိုပြန်လည်ကောင်းမွန်စေပါတယ်။ ဒါကြောင့် ကိုယ်လက်လှုပ်ရှားမှုလေးတွေလုပ်တယ်၊ အနည်းဆုံး လမ်းလေးဘာလေးလျှောက်တယ်ဆိုရင်လည်း သင်ဟာ ကိုယ့်ကိုယ်ကို နည်းလမ်းမှန်မှန်ချစ်တဲ့သူပါ။

(၃) တရားထိုင်တယ်

တရားထိုင်တယ်ဆိုတာ အသက်ကြီးမှ၊ လူကြီးတွေမှလုပ်ရတာမဟုတ်ပါဘူး။ တရားရဖို့ဆိုတာထက် စိတ်ဖိစီးမှုတွေလျော့နည်းအောင်၊ စိတ်တင်းကြပ်မှုတွေနဲ့ ဒေါသစိတ်တွေအနည်းအကျဉ်းလောက် လျော့နည်းအောင် တရားထိုင်သင့်ပါတယ်။ တရားထိုင်ခြင်းက သင့်စိတ်ထဲက စိုးရိမ်ပူပန်မှုတွေနဲ့ အဆင်မပြေမှုတွေကို အထိုက်အလျောက်လျှော့ချပေးနိုင်တာကြောင့် ဒီအကျင့်လေးရှိတာကလည်း ကိုယ့်ကိုယ်ကိုချစ်ရာရောက်ပါတယ်။

(၄) ပျော်ပျော်နေတယ်

ကိုယ့်ကိုစိတ်ညစ်စေမယ့်အတွေးတွေပဲတွေးပြီး ထိုင်စိတ်ညစ်နေတာထက် စိတ်ညစ်စရာတွေကို တတ်နိုင်သလောက်မေ့ထားပြီး ပျော်ပျော်နေတတ်ခြင်းကလည်း မိမိကိုယ်ကိုနည်းလမ်းမှန်ကန်စွာ ချစ်တတ်ခြင်းပါပဲ။

(၅) တခြားလူတွေကို မဝေဖန်ဘူး

တခြားလူတွေကိိုလိုက်ကြည့်ပြီး သူတို့ရဲ့အလုပ်အကိုင်၊ အပြုအမူ၊ စိတ်ဓာတ် အဲ့ဒီအရာတွေနဲ့ပတ်သက်လို့ ကောင်းတယ်၊ ဆိုးတယ် ဝေဖန်နေတာက သင့်ရဲ့အချိန်တွေကုန်ပြီး အဆိုးမြင်စိတ်ကိုလည်းတိုးစေပါတယ်။ တခြားလူတွေကိုမဝေဖန်တာက အကောင်းမြင်စိတ်ကိုဖြစ်စေပြီး သင့်စိတ်ကိုလည်း ရှင်းစေပါတယ်။ ဒါကြောင့် တခြားလူတွေရဲ့အကြောင်း စိတ်မဝင်စား၊ မဝေဖန်ခြင်းက သင့်ကိုယ်သင်ချစ်ခြင်းပါပဲ။

written by PP