ဂျပန် က နိုင်ငံခြားသားအလုပ်သမားတွေခေါ်ယူတော့မယ်ဆိုတော့ မြန်မာပြည်တွင်းကလူငယ်တွေကလည်း ဂျပန် လာနိုင်ဖို့ကြိုးစားနေကြတယ်။ အခုခေါ်နေတဲ့အလုပ်တွေက ပညာရှင်တွေက လူနည်းစုပါ။ အများဆုံးခေါ်ယူတာက သက်ကြီးရွယ်အိုစောင့်ရှောက်တာ သန့်ရှင်းရေးနဲ့ စက်ရုံလုပ်သားတွေပါ…လွယ်လွယ်ပြောရလျှင် ဉာဏလုပ်သားမဟုတ်တဲ့ ကာယလုပ်သားပါ။

ဂျပန်အစိုးရအတွက်တော့ တစ်ချက်ခုတ်နှစ်ချက်ပြတ်ရုံမက သုံးချက်ပြတ်တဲ့ အစီအစဉ်ပါဘဲ… သူတို့ နိုင်ငံလုပ်ငန်းခွင်မှာ လူအတော်များများကမလုပ်ချင်ကြတော့တဲ့လုပ်ငန်းခွင်တွေမှာ လူမလုံလောက်မှုကိုဖြည့်ပြီး လုပ်သားလည်းရ အခွန် လည်းရ နှစ်နိုင်ငံချစ်ကြည်ရေးလည်းဖြစ်ပေါ့။

လစာက တစ်လကို မြန်မာငွေ သိန်း၂၀ ကနေ သိန်း၃၀ရမယ်ဆိုတော့ အားလုံးအတွက်တော့ မက်မောစရာပါဘဲ။ မြန်မာ နိုင်ငံမှာ အခြေခံလူတန်းစားတွေအတွက် တစ်လ၂သိန်းဝင်ဖို့တောင် လွယ်မှမလွယ်တာဘဲ…

ဒါပေမယ့် စဉ်းစားစေချင်တာက ဂျပန်မှာရတဲ့လစာက အသားတင်မဟုတ်ပါဘူး။ ကျန်းမာရေးခွန်၊ မြို့နယ်ခွန်၊ ပင်စင်ခွန် စတာတွေဆောင်ပြီး နှစ်ကုန်တဲ့အခါ တစ်နှစ်စာစုစုပေါင်းဝင်ငွေရဲ့အပေါ်မှာပါ ဝင်ငွေခွန်ဖြတ်ပါတယ်။ ပြီးတော့ နေစားရိတ် စားစရိတ်တွေ ဖုန်း အင်တာနက်ဖိုးစတာတွေပါထည့်တွက်ပါ။

အဲ့တော့ ၂၀ရတယ်ဆို က်ုယ့်အတွက် ၁၀တော့ကျန်မယ်လို့တွေးထားပါ။ အလှအပနဲ့ လူမှုရေး လည်တာပတ်တာတွေ ထည့်တွက် မထားသေးပါဘူး..အဲ့ဒါတွေပါတွက်လျှင် ၅သိန်းလောက်ဘဲကျန်မယ်။

ဂျပန်လာလို့ ပိုက်ဆံတွေအများကြီးရမယ်။ ငါတော့ သူဌေးကြီးဖြစ်မှာဘဲလို့တော့မတွေးပါနဲ့…အဲ့အတွေးနဲ့တော့ မလာခဲ့ ပါနဲ့။ ဂျပန်ရောက်မှ အလုပ်က ထွက်ပြေးပြီး နိုင်ငံရေးခိုလှုံခွင့် တောင်းပြီး ဂျပန်မှာ စီးပွားရှာမယ်ဆိုတဲ့ အတွေးနဲ့လည်း မလာခဲ့ပါနဲ့…အရင်လိုမဟုတ်ပါဘူး။

ကျွန်မကိုမေးကြတဲ့သူတော်တော်များများက ပိုက်ဆံက အဲ့လောက်ဘဲကျန်မှာလား…တခြားဘာလုပ်လို့ရမလဲ။ သက်ကြီး ရွယ်အိုစောင့်ရှောက်ရေးလုပ်ရမလား…စက်ရုံမှုလုပ်ရမလားတဲ့…ကျွန်မအကြံဥာဏ်မပေးတတ်ပါဘူးရှင်…ဂျပန်လာချင်တာ ပိုက်ဆံရှာချင်လို့ဆိုတာသိပါတယ်… ဒါပေမဲ့ ကိုယ်လုပ်ရမဲ့အလုပ် စက်ရုံအလုပ်ဘဲဖြစ်စေ သက်င်္ကြးရွယ်အို စောင့်ရှောက် တာဘဲဖြစ်ပါစေ ရေရှည်လုပ်နိုင် မလုပ်နိုင်စဉ်းစားပါ။

ဂျပန်ကိုခေါ်ကတည်းက အလကားတော့ မခေါ်ပါဘူး… စာချုပ်တွေ အာမခံတွေလုပ်ရမယ်… အဲ့တော့ ကိုယ်ဘယ်ဟာကို လုပ်နိုင်မယ်ဆိုတာ အရင်စဉ်းစားပါ။ ပိုက်ဆံလေးနဲနဲပိုရလို့ အဲ့အလုပ်ကိုရွေးလိုက်တယ်…ပြီးမှ ရေရှည်မလုပ်နိုင်ဘူးဆို ပြန်မရ ပြေးမရနဲ့ အခက်တွေ့ရလိမ့်မယ်။

ပြီးတော့ သွားမည့် agency ,လုပ်ရမည့်အလုပ်နေရာ..ရမည့်လစာ စာချုပ်ပါ အချက်အလက်တွေကို အသေးစိတ် သိအောင်လုပ်ပါ။ ဘယ် agency ကကောင်းတယ်မကောင်းဘူး ကျွန်မမသိပါဘူးရှင်… ဒီစာကိုရေးနေတာလည်း မေးတဲ့သူတွေများနေလို့ ကိုယ်သိတာမျှဝေပေးရုံပါ။

ကျွန်မကို အားကိုးတကြီးမေးကြတဲ့သူတွေအတွက် ကြီးကြီးမားမား အထောက်အကူမပေးနိုင်လို့စိတ်မကောင်းပါဘူးရှင်။ ပိုပြီး စိတ်မကောင်းဖြစ်တာက ကျွန်မတို့နိုင်ငံရဲ့ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုကြောင့် ဂျပန်မှာ မလုပ်ချင်တဲ့သူများနေ တဲ့လုပ်ငန်းခွင်မှာ ကျွန်မတို့မြန်မာတွေ ကြိတ်ကြိတ်တိုးနေကြရတာပါဘဲ။

ဘာဘဲဖြစ်ဖြစ် လုပ်အားလူသားလိုနေတဲ့ဂျပန်ရယ် လူများအလုပ်ရှားနေတဲ့ မြန်မာရယ်အတွက်တော့ နှစ်ဦးနှစ်ဖက် အဆင် ပြေတဲ့အစီအစဉ် (win-win situation )ပါဘဲ။

အားလုံးဘဲ ရွေးသောလမ်း မှန်ပြီး လျှောက်သောလမ်း ဖြောင့်တန်းပါစေ…

ချယ်ရီစကား