ညီ အစ်မတွေကိုကြည့်လိုက်ရင် တည့်နေတဲ့အခါလည်းရှိသလို၊ ဘာမဟုတ်တာလေးအတွက် အငြင်းပွားကြ၊ စကားများရန်ဖြစ်ကြတဲ့အခါလည်းရှိကြတာကိုတွေ့ရပါတယ်။ ရန်ဖြစ်ကြတဲ့အခါ စိတ်ညစ်ဖို့ကောင်းပေမယ့် ညီမ၊အစ်မရှိခြင်းက အခုလိုအကျိုးကျေးဇူးလေးတွေကို ရရှိစေလို့ သင့်မှာ ညီမ၊အစ်မရှိရင် သူတို့ကိုတန်ဖိုးထားပါ၊ ပိုပြီးချစ်ပါလို့ပြောချင်ပါတယ်။

အရမ်းအားကိုးရတယ်

ကိုယ့် မှာညီမ၊အစ်မတွေရှိတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် မဖြစ်သင့်တာမဖြစ်ရ၊ မမှားသင့်တာမမှားရအောင် သတိပေးကြတယ်၊ လမ်းပြပေးကြတယ်၊ ကိုယ်သိထားသင့်တဲ့အမှန်တရားကိုပြောတယ်၊ ကိုယ်အခက်အခဲကြုံလာရင် ကူညီဖြေရှင်းပေးတယ်၊ တတ်နိုင်သလောက် အပြန်အလှန်ဖြည့်ဆည်းပေးကြတယ်၊အရမ်း အားကိုးရတဲ့သူတွေပေါ့။

အလကားရတဲ့အကျႌဆိုင်ကြီး

သူ့မှာရှိတဲ့အကျႌတွေဟာ ကိုယ့်မှာရှိသလိုပါပဲ။ ငါ့အကျႌတွေယူဝတ်ရင်ငါနဲ့တွေ့မယ် ငါ့အကျႌတွေ ထိရဲထိကြည့်ဆိုပြီး ဘယ်လောက်ပဲ ကြုံးဝါးနေပေမယ့် တကယ်တမ်းသွားစရာလာစရာရှိလို့ ဝတ်စရာမရှိရင် ကိုယ်နဲ့လိုက်ဖက်တာကို သူကိုယ်တိုင်ရှာပြီးဆင်ပေးတာမျိုးပါ။ အလကားရတဲ့အကျႌဆိုင်ကြီးဆိုရင်လည်းမမှားပါဘူး။

သူ့သူငယ်ချင်းတွေက ကိုယ့်သူငယ်ချင်းတွေ

ကိုယ့်အစ်မနဲ့ကိုယ်နဲ့ အသက်ဘယ်လောက်ပဲကွာကွာ သူပေါင်းတဲ့သူငယ်ချင်းတွေက ကိုယ့်သူငယ်ချင်းတွေဖြစ်လာတယ်။ ရွယ်တူတွေလိုပဲ ပြောမနာဆိုမနာတွေဖြစ်လာတယ်။ သူတို့တွေနဲ့ အဖွဲ့ကျနေပြီး သူတို့ဘယ်သွားသွား ကိုယ်ကတကောက်ကောက်ပါနေတာမျိုးပေါ့။

သူကကိုယ့်အတွက်အကောင်းဆုံးသူငယ်ချင်း

ကိုယ့်မှာ သွားအတူလာအတူခင်မင်ရတဲ့ ရွယ်တူသူငယ်ချင်းတွေရှိပေမယ့်လည်း ကိုယ့်အစ်မ၊ ညီမကသာ ဘာလုပ်လုပ်တိုင်ပင်လို့ရတဲ့၊ ရင်ဖွင့်လို့ရတဲ့ ကိုယ့်အတွက်အကောင်းဆုံးသူငယ်ချင်းဖြစ်တယ်။

ကိုယ့်ဘက်ကအမြဲရှိသူ

သူနဲ့ကိုယ်နဲ့အချင်းချင်းရန်ဖြစ်ရင်ဖြစ်မယ်၊ အငြင်းပွားရင်ပွားမယ်။ အရေးကြုံလာရင်တော့ ကိုယ့်ဘက်ကအမြဲတမ်းမားမားမတ်မတ် ရပ်တည်တဲ့သူက ကိုယ့်အစ်မ၊ ကိုယ့်ညီမပါပဲ။

ဒါကြောင့် ကိုယ့်မှာ ညီမ၊ အစ်မတွေများရှိခဲ့ရင် သူတို့နဲ့အတူတူနေရချိန်မှာ တတ်နိုင်သလောက်ရန်မဖြစ်ဘဲချစ်ချစ်ခင်ခင်နေသင့်တယ်၊ ဒီလိုညီအစ်မတွေပိုင်ဆိုင်ခွင့်ရတာကို တန်ဖိုးထားပြီး သူတို့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံသင့်ပါတယ်။

written by PP