ရွှေ ဆိုတာ ရှေးယခင်ခေတ်တည်းက တန်ဖိုးထားပြီးဝတ်ဆင်သုံးစွဲခဲ့ကြတဲ့ အရာပါ။ ဘုရင်ခေတ်ကဆို အသုံးအဆောင်တွေမှာပါ ရွှေနဲ့ချည်းပဲ သုံးခဲ့ကြတာ၊ အဝတ်အထည်တွေမှာပါ ထည့်သွင်းရက်လုပ်ကြပါတယ်။ ရွှေကို အလှအတွက်တင်မကဘဲ ဆေးကုမှုအနေနဲ့ပါ အသုံးပြုကြတယ်ဆိုတာရော သင်သိရဲ့လား။

မျက်နှာရွှေသွင်းတယ်ဆိုတာတော့ ကြားဖူးမှာပေါ့။ ဒီလိုပါပဲ ရောဂါအမျိုးမျိုးအတွက် ကုထုံးတချို့မှာ ရွှေကိုထည့်သွင်းအသုံးပြုနေကြတာတွေရှိလာပါပြီ။ အခုပြောပြမှာကတော့ ရွှေထည်ဝတ်ဆင်တာပဲ ဖြစ်ဖြစ်၊ ကုထုံးမှာ ပါဝင်တာပဲဖြစ်ဖြစ် လူ့ကျန်းမာရေးကို ဘယ်လိုအကျိုးကျေးဇူးပေးနိုင်သလဲဆိုတာပါပဲ။ ရွှေက ဘယ်လိုကျန်းမာရေးကိုအကျိုးပြုနေသလဲ

အဆစ်ရောင်လက္ခဏာတွေကို သက်သာစေတယ်

ရွှေက လေးဘက်နာအဆစ်ရောင်ရောဂါရဲ့လက္ခဏာတွေကို သက်သာလျော့ပါးစေနိုင်လို့ ကုသရေးမှာအသုံးပြုကြတာပါ။ အရေပြားမှာ ထိကပ်ပြီး ရွှေထည်လက်ဝတ်ရတနာတွေဝတ်ဆင်ရုံနဲ့ ဒီဝေဒနာခံစားရတာတွေကို သိသာတဲ့ရာခိုင်နှုန်းအထိ သက်သာစေနိုင်ပါတယ်။

နာကျင်မှုကို လျော့စေတယ်

နာကျင်ကိုက်ခဲမှုခံစားနေရတဲ့နေရာ သို့မဟုတ် ဒဏ်ရာရှိတဲ့နေရာမှာ ရွှေကိုထားပေးရင် အနာသက်သာစေဖို့ အထောက်အကူပေးပါတယ်။ ရွှေက သွေးကြောတွေကို ပြေလျော့စေပြီး သွေးလည်ပတ်မှုကောင်းစေတဲ့အာနိသင်ရှိတာကြောင့် ခန္ဓာကိုယ်အတွင်း အောက်ဆီဂျင်ရောက်ရှိမှုပိုကောင်းစေဖို့ အနာကျက်၊ အနာသက်သာဖို့ အားပေးတာဖြစ်ပါတယ်။

ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးတယ်

ရွှေက ခန္ဓာကိုယ်အပူချိန်ကိုထိန်းညှိပေးနိုင်ပါတယ်။ ကိုယ်အပူချိန်မှန်နေရင် လူရဲ့ကိုယ်ခံအားစနစ်ကိုလည်း ပိုကောင်းစေနိုင်တယ်။ အထူးသဖြင့် ချမ်းတုန်တတ်သူတွေ၊ ညဘက်ချွေးထွက်သူတွေ၊ hot flash ဖြစ်တတ်သူတွေ အတွက် ပိုပြီးသိသာစေပါလိမ့်မယ်။

သွေးလည်ပတ်မှုကောင်းစေတယ်

သွေးလည်ပတ်မှုပိုကောင်းစေဖို့၊ ခန္ဓာကိုယ်အနှံ့ကိုအောက်ဆီဂျင်ရောက်စေဖို့ ရွှေကိုအသုံးပြုကြတယ်။ သွေးလည်ပတ်မှုကောင်းရင် လူကျန်းမာပြီး ရောဂါကင်းစေနိုင်တာပေါ့။

အရေပြားကုထုံးအဖြစ် သုံးနိုင်တယ်

ကလီယိုပက်ထရာဟာ အသားအရေနုပျိုလှပနေစေဖို့ ရွှေစင်အစစ်နဲ့ မျက်နှာပေါင်းတင်ခဲ့တယ်လို့ သိရပါတယ်။ ရောမခေတ် ကတည်းက ရွှေကို လိမ်းဆီအဖြစ်ပြုလုပ်ပြီး အရေပြားရောဂါတွေကုသဖို့သုံးကြပါတယ်။ ဆေးပညာတွေအဆင့်မြင့်လာခဲ့ပြီး ဒီထက်ပိုအသုံးပြုလာကြပေမယ့်လည်း အရေပြားအပေါ် ရွှေရဲ့အကျိုးပြုအာနိသင်ကတော့ ထင်ရှားနေဆဲပါပဲ။ အခုဆိုရင် အလှကုန်ပစ္စည်းတွေနဲ့ အသားအရေကုထုံးအမျိုးမျိုးမှာ ရွှေကိုထည့်သွင်းအသုံးပြုနေကြတာ အလှအပအတွက်ကောင်းကျိုးထူးလို့ပါ။

စိတ်ကျန်းမာတယ်

ရွှေဝတ်ရရင် သဘောမကျတဲ့သူတော့ရှားပါတယ်။အလှအပအတွက်ရော ဂုဏ်ယူဝင့်ကြွားမှုအတွက်ရော ရွှေဝတ်ရတာ နှစ်သက်ကြပါတယ်။ ရွှေနဲ့လက်ဝတ်ရတနာလေးတွေ ဝတ်ထားရရင် မှန်ထဲကြည့်ရင်းကို ပြုံးနေကြတာ။ တကယ်တော့ ရှေးယခင်တည်းက စိတ်ဖိစီးမှုသက်သာစေတဲ့ ဆေးတစ်လက်အဖြစ် ရွှေကိုသုံးကြတာ ရှိခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ ရွှေဝတ်ထားသူတွေကိုကြည့်ရင် ရွှေဝတ်ခြင်းကို စိတ်ခွန်အားတက်စေတဲ့ အရာတစ်ခုအဖြစ် မြင်ရမှာပါ။

Shin May Hnin