ပန်း တနော် ဇန်နဝါရီ ၁၀ – ၂လကျော်ကြာမြင့်နေသည့် ပန်းတနော်မြို့မှ အမျိုးသမီး၂ဦး အက်ဆစ်ဖြင့်အပက်ခံရသောအမှု အား အမြန်ဆုံးတရားခံပေါ်ပေါက်ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း ပန်းတနော်မြို့နယ်ရဲတပ်ဖွဲ့ မှူးရုံး မှ သိရသည်။

” ကျွန်တော်လည်း ရောက်လာတာမကြာသေးဘူး ဒီကိစ္စက ပြစ်မှုကျူးလွန်သူကိုလည်း ခံရတဲ့သူတွေက အတိအကျမပြောနိုင်ကြဘူး စုံစမ်းရတာအခက်အခဲဖြစ်တာပေါ့။ မသင်္ကာ သူတွေ နီးစပ်တဲ့ CCTV တွေအစရှိသဖြင့် ပြန်ပြီးအသေးစိတ်စစ်ဆေးနေပါတယ်။ အမြန်ဆုံး ပေါ် ပေါက်ရေး ညွန်ကြားမှုတွေပေးထားပါတယ် ” ဟု ပန်းတနော်မြို့နယ် မြိနယ်ရဲတပ်ဖွဲ့မှူးရဲမှူး ကျော်ဇံက ဇန်နဝါရီ၉ရက် ကပြောသည်။

ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီးပန်း ပန်းတနော်မြို့ အနောက်ပိုင်းရပ်ကွက် အပိုင် ၇ တွင်တစ်ရပ်ကွက်တည်းအိမ်နီးချင်းနေထိုင်သူများဖြစ်ကြသည့် မလဲ့လဲ့ဝင်း နှင့် ဒေါ်ခင်ဥမ္မာလင်း တို့သည် အောက်တိုဘာ ၂၄ရက် ည ၁၁ နာရီချိန်က မလဲ့လဲ့ဝင်းတို့ အိမ်မှထွက်ပြီး မလဲ့လဲ့ဝင်း၏နေအိမ်သို့အပြန် လမ်းလျှောက်လာစဉ် အနော်ရထာလမ်းနှင့်စိတ္တသုခလမ်း ထောင့် သို့အရောက်တွင် ဆိုင်ကယ်ဖြင့်ရုတ်တရက် ရောက်ရှိလာသူ ၂ဦး အနက် ဆိုင်ကယ်အနောက်က ထိုင်လိုက်လာသူက ကြွတ်ကြွတ်အိတ်အမဲရောင် အက်ဆစ်အထုပ်ဖြင့် ပစ်ပေါက်ခဲ့၍ နှစ်ဦးစလုံး၏လက်မောင်း၊ ရင်ဘတ်၊ လည်ပင်းနှင့် မျက်နှာနေရာများ ထိမှန်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ နှစ်ဦးစလုံး ၏ အက်ဆစ်လောင်ဒဏ်ရာများကုသရန် ပန်းတနော် မြို့မဆေးရုံကြီးသို့ကနဦးပို့ဆောင်ကုသခဲ့သော်လည်း ဒဏ်ရာများမှာ ပြင်းထန်လွန်းတာကြောင့် ညတွင်းချင်း ရန်ကုန်ဆေးရုံကြီးသိုဆက်လက်ပို့ဆောင်၍ ၂လကျော်ကြာ ကုသခဲ့ရသည်။

” ကျွန်မက တော့ ညာဘက်မျက်စိကွယ်သွားပြီ ဘယ်ဘက်မျက်စိ လည်း မှုံ ဝါးဝါးပဲ ဘယ်မျက်စိမကွယ်အောင် ဆက်ကုနေရတယ်။ အားလုံးကျပ်သိန်းတစ်ရာကျော်ကုန်နေပြီ။ ဆေးရုံကတော့ ဆင်းလာပြီ။ ဒါပေမဲ့ အပတ်တိုင်းဆေးရုံသွားပြနေရတုန်းပဲ စနစ်တကျ ကျမကိုလုပ်ကြံတာလို့ယူဆတယ်။ ကျွန်မတို့လိုမိန်းမသားတွေဒါမျိုး နောက်ထပ် မဖြစ်စေချင်ဘူး အမှုက တရားခံကိုလည်းအမြန်ပေါ်စေချင်တယ်။ ခုလည်းအိမ်မှာ လုံခြုံမှုမရှိလို့မနေရဲဘူး ဓနုဖြုမြို့မှာ သွားနေတယ်။ ကျမတစ်ချိန်တုန်းက တိုင်ကြားဖူးသူက လူငှားပြီး အကြမ်းဖက်တာလို့ပဲကျမမြင်တယ်။ သံသယရှိသူတွေကိုလည်း ရဲတပ်ဖွဲ့ကိုပြောထားပါတယ်။ ဒ့ါပေမဲ့ခုထိ မပေါ်ဘူးဖြစ်နေတယ် ” ဟု အက်ဆစ်ဖြင့်အပက်ခံထားရ၍ မျက်စိတဖက် ကွယ်သွားသူ မလဲ့လဲ့ဝင်းကပြောသည်။

အဆိုပါအမှု့ကို ပန်းတနော်မြို့နယ်မြို့မရဲစခန်းမှာမခင်ဥမ္မာလင်း ၏အဒေါ်ဖြစ်သူ မှတရားလိုလုပ်ကာ အောက်တိုဘာ ၂၄ရက်နေ့က အမှု့ဖွင့်တိုင်ကြားမှု့ကြောင့်(ပ)၈၅၈ / ၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၃၂၄ တို့ဖြင့်အမှုဖှုင့်စစ်ဆေးနေကြောင်းသိရသည်။

” ကျနော်ဒီမှာနေတာကြာပါပြီ ဒီလိုဖြစ်စဉ်မျိုး တစ်ခါမှ တသက်နဲ့တစ်ကိုယ် တစ်ခါမှ မဖြစ်ဘူးပါဘူး။ အမြန်ပေါ်စေချင်ပါတယ် ကာယကံရှင်ကိုယ်စားလည်း ကျွန်တော်တို့လည်းအရမ်းခံစားရပါတယ်။ လုပ်ကြံတဲ့လူတွေက ဒီအရပ်ကလူတွေမဖြစ်နိုင်ဘူးလို့ယူဆတယ်။ ဒါကြောင့် ဒေသတွင်းရဲတပ်ဖွဲ့ထက်မြင့်တဲ့အထက်အဖွဲ့က တစ်ခုခု လာပြီးစစ်ဆေးဖော်ထုတ်ရင် အမြန်ပေါ်နိုင်ပါတယ် ” ဟု အနောက်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းလင်း ကပြောသည်။

ရွှေမြင့်ဦး( ရွှေပြည်သာ)
နယ်သတင်းထောက်