တီ ဟီရန်မြို့တော်အနီး ပျက်ကျခဲ့တဲ့ ယူကရိန် ခရီးသည်တင်လေယာဉ်ဟာ ဒုံးကျည်နဲ့ ပစ်ချခံရတာဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေကို အီရန်နိုင်ငံက ကြာသာပတေးနေ့ မှာ ငြင်းဆန်ပယ်ချပါကြောင်း အီရန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ အလီ ရာဘီဘီက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

” ဒီသတင်းတွေ အားလုံးက အီရန်အပေါ် စိတ်ဓာတ်စစ်ဆင်ရေး လုပ်နေတာတွေပါ။ လေယာဉ်ပေါ် သူတို့ နိုင်ငံသားတွေ ပါသွားခဲ့တဲ့ သက်ဆိုင်ရာ နိုင်ငံအားလုံး ကိုယ်စားလှယ်အဖွဲ့တွေ စေလွှတ်နိုင်ပါတယ်။ ဒါ့အပြင် black box စုံစမ်းစစ်ဆေးမှု လုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင်ဖို့ အတွက် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ပေးဖို့  ဘိုးရင်းကုမ္ပဏီကို ကျွန်တော်တို့  တိုက်တွန်းပါတယ်။” လို့  ၄င်းက ပြောဆိုခဲ့ပါတယ်။

လေယာဉ်ပေါ်ပါ လူ ၁၇၆ ဦးစလုံး သေဆုံးခဲ့ရတဲ့ ယူကရိန်းလေယာဉ် ပျက်ကျမှုဟာ အီရန် ဒုံးကျည်တစ်စင်းနဲ့ ပစ်ချခံရတာ ဖြစ်ဖွယ်ရှိတယ်လို့  ကနေဒါနဲ့ အခြားသတင်းရင်းမြစ်တွေမှ ထောက်လှမ်းရေးအချက်အလက်တွေကို ကိုးကားပြီး ကနေဒါ ၀န်ကြီးချုပ် ဂျပ်စတင် ထရူးဒေါက ပြောဆိုခဲ့ပါတယ်။ မိမိတို့ ရဲ့ မဟာမိတ်တွေ၊ ကိုယ်ပိုင်ထောက်လှမ်းတွေ့ရှိမှုတွေအပါအ၀င် သတင်းရင်းမြစ်ပေါင်းများစွာရဲ့ ထောက်လှမ်းတွေ့ရှိချက်တွေ ရရှိထားကြောင်း၊ အထောက်အထားတွေအရ အီရန်ရဲ့ မြေပြင်မှ ဝေဟင်ပစ် ဒုံးတစ်စင်းနဲ့ ပစ်ချခံခဲ့ရတယ်လို့ ညွှန်ပြနေကြောင်း ၀န်ကြီးချုပ်က ပြောဆိုပါတယ်။

ဒါ့အပြင် ယူကရိန်း လေယာဉ်ကို အီရန်က မတော်တဆပစ်ချခဲ့မိတယ်လို့  အမေရိကန်အစိုးရက ယုံကြည်ထားကြောင်း အမေရိကန်အစိုးရ အရာရှိသုံးဦးက ကြာသာပတေးနေ့ မှာ ရိုက်တာသတင်းဌာနကို ပြောဆိုခဲ့ပါတယ်။ ဂြိုဟ်တုမှတ်တမ်း အချက်အလက်တွေကို ကျယ်ကျယ်ပြန့် ပြန့်  ပြန်လည်သုံးသပ်မှုအရ အီရန် လေယာဉ်ပစ် ဒုံးကျည်တွေက လေယာဉ်ကို ပစ်ချခဲ့တယ်ဆိုတာ သေချာသလောက်ရှိတယ်လို့  အမေရိကန်အစိုးရက ကောက်ချက်ချခဲ့ကြောင်း အရာရှိတစ်ဦးက ပြောဆိုခဲ့ပါတယ်။ လေယာဉ်ကို ဒုံးကျည်နဲ့ ပစ်မချခင် အီရန်ရေဒါစနစ်က ခြေရာခံခဲ့ကြောင်းလည်း ယင်း အရာရှိတွေက ပြောဆိုပါတယ်။

ယူကရိန်းအစိုးရက ပြောဆိုရာမှာတော့ စုံစမ်းစစ်ဆေးမှု အစီရင်ခံချက်တွေအရ လေယာဉ်ပျက်နေရာမှာ ရုရှားလုပ် Tor-M1 ဒုံးကျည်တစ်စင်းရဲ့ အစအနတွေ တွေ့ရတယ်လို့ ဆိုပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကလည်း လေယာဉ်ဟာ မြေပြင်မှ ဝေဟင်ပစ်ဒုံးတစ်စင်းနဲ့ ပစ်ချခံခဲ့ရတယ်ဆိုတဲ့ အထောက်အထား ရှိထားကြောင်း ဆိုခဲ့ပြီး မရည်ရွယ်ဘဲ ပစ်ခဲ့မိတာ ဖြစ်နိုင်တယ်လို့  ဆိုခဲ့ပါတယ်။ ဗြိတိန် လေးဦးအပါအ၀င် လူ ၁၇၆ ဦး သေဆုံးခဲ့တဲ့ ယင်း လေယာဉ် ပျက်ကျမှုအတွက် ပြည့်ပြည့်စုံစုံနဲ့ ပွင့်လင်းမြင်သာမှုရှိစွာ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ လည်း ဂျွန်ဆင်က တောင်းဆိုခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ က တီဟီရန်ရှိ အိုင်မန် ခိုမေနီ လေဆိပ်ကနေ ပျံတက်ခဲ့တဲ့ ယူကရိန်းအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၃၇-၈၀၀ အမျိုးအစားလေယာဉ်ဟာ ပျံတက်အပြီး မိနစ်အပိုင်းအကြာမှာပဲ ပျက်ကျသွားခဲ့တာဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာ အီရန်နိုင်ငံသား ၈၂ ဦး၊ ကနေဒါ ၆၃ ဦး၊ ယူကရိန်း ၁၁ ဦး၊ ဆွီဒင် ၁၀ ဦး၊ ဗြိတိန် ၃ ဦးနဲ့ ဂျာမနီ ၃ ဦးတို့  လိုက်ပါခဲ့တာဖြစ်ပါတယ်။

Ref – Reuters