ပုဒ် မ ၃ ခုဖြင့်အမှုရင်ဆိုင်နေရသော အဆိုတော်အစ္စဏီအား တာမွေမြို့နယ်တရားရုံးက ယနေ့(ဇန်နဝါရီလ ၇ ရက်) တွင် ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်ကြောင်း သိရသည်။ အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ အစ္စဏီ၏ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဇင်ဦးက အတည်ပြုပြောကြားခြင်းဖြစ်သည်။

” ထောင် ဒဏ် ၇ နှစ်ချလိုက်တာ ဟုတ်ပါတယ်။ ပုဒ်မဘယ်နှစ်ခုကိုချတယ်ဆိုတာတော့ သေချာမသိရသေးပါဘူး ” ဟု အစ္စဏီ၏ရှေ့နေဖြစ်သူတရားလွှတ်တော်ရှေ့နေ ဦးကျော်ဇင်ဦးက ပြောပါသည်။

ဖြစ် စဉ်မှာ ပြီးခဲ့သော ၂၀၁၈ ခုနှစ်၊ ဧပြီလ ၅ ရက်၊ ည ၁၁ နာရီခန့်တွင် မော်ဒယ်လ် စူးရှထက်(ခ)မဇာခြည်ဌေး၊ ၂၇ နှစ်သည် သူငယ်ချင်းများနှင့်အတူ ဆယ်လီဘားသို့ရောက်ရှိနေချိန်ဧပြီလ ၆ ရက်နံနက်ပိုင်း၌ ရည်းစားဟောင်းဖြစ်သူ ဟန်ထွန်းဇော်(ခ)အစ္စဏီ၊ ၃၂ နှစ်ရောက်လာကာပြဿနာရှာသဖြင့် စူးရှထက်သည် ၄င်းငှားရမ်းနေထိုင်သောတိုက်ခန်းသို့ ကားငှားပြန်လာခဲ့ကြောင်း သိရသည်။

ယင်းအချိန် ဟန်ထွန်းဇော်(ခ)အစ္စဏီကလည်း ၄င်းကိုယ်ပိုင်ယာဉ်နှင့်အတူလိုက်ပါလာပြီး နေအိမ်ရောက်ရှိချိန်၌ အစ္စဏီက စူးရှထက်အင်္ကျီအားဆွဲချွတ်သဖြင့်ရုန်းကန်ချိန် စူးရှထက်၏ဦးခေါင်းနှင့်မှန်ဗီရိုတိုက်မိခဲ့ကာ ဦးခေါင်းနာကျင်ခဲ့သည့်အပြင် တစ်ကိုယ်လုံးကိုဖျစ်ညှစ်ခြင်း၊ ယာလက်ညှိုး၊လက်ခလယ်နှင့် လက်သည်းခွံများ လှန်ချိုးခြင်း၊ သတိမေ့နေချိန်၌ ၂ ကြိမ် ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်းသို့ တိုင်တန်းချက်အရ သိရသည်။

ထို့နောက် မော်ဒယ်လ်စူးရှထက်က တာမွေမြို့မရဲစခန်းသို့ ၂၀၁၉ ခုနှစ်၊ ဧပြီ ၁၂ ရက်၌ တိုင်တန်းခဲ့ရာ တာမွေမြို့မရဲစခန်းက (ပ) ၃၆၂/၂၀၁၈၊ ပြစ်မှုဥပဒေပုဒ်မ ၃၇၆/ ၃၂၅/၃၂၄ တို့ဖြင့် အမှုဖွင့်ခဲ့ပြီး မေလ ၁၀ ရက်တွင် တာမွေမြို့နယ်တရားရုံးသို့တရားစွဲတင်ပို့ခဲ့သည်။

ထို့နောက် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၅ ရက်ရုံးချိန်းတွင် အဆိုတော်အစ္စဏီဘက်မှ တောင်းပန်ပါက အမှုကို ကျေအေးပေးမည်ဟု တရားလိုဖြစ်သူ မော်ဒယ်လ် စူးရှထက်(ခ)မဇာခြည်ဌေးက ပြောဆိုခဲ့ပြီးနောက် အစ္စဏီက တောင်းပန်သဖြင့် အမှုကျေအေးလွှာတွင် လက်မှတ်ရေးထိုးကျေအေးပေးထားသည်။