တက္ကသိုလ် ဆက်တက်ရန် အခက် အခဲဖြစ်နေသော တနိုင်ငံ လုံး ဝိဇ္ဇာတွဲ ပထမဆုရှင်

သူ့ အိမ်မှာ ဖုန်းမရှိဘူး။ကျွန်မ သူ့အိမ်ကို သွားခေါ်ပေးမယ်”ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် ရေနံတောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်စိန်က မြန်မာတနိုင်ငံလုံး ဝိဇ္ဇာတွဲပထမဆုရှင် မောင်ဝေယံလင်းကျော်နှင့် အဆက်အသွယ်ရရန် ကြိုးစားသည့် ကျွန်တော့်ကို စပြောသော စကားဖြစ်သည်။မောင်ဝေယံလင်းကျော်သည် ၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ခြောက်ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကလေးတယောက်ဖြစ်၏။ သို့သော် အိမ်တိုင်းနီးပါး လက်ကိုင်ဖုန်း တလုံးရှိနေသည့် ယနေ့လိုခေတ်ထဲတွင် တနိုင်ငံလုံး ဝိဇ္ဇာတွဲပထမဆုရှင်အိမ်၌ ပြောစရာဖုန်းလေးတလုံးပင် မရှိသေး။’သူမှာ အဖေ မရှိတော့ဘူး။ အမေပဲရှိတော့တယ်။ စီးပွားရေး မပြည့်စုံရှာဘူး။ နှစ်စဉ်အတန်းတိုင်းမှာ ပထမရတဲ့ ကလေးပါ”ကျောင်းအုပ်ဆရာမကြီး၏ မှတ်ချက်စကားတွေက မောင်ဝေယံလင်းကျော်၏ ကြိုးစားမှုနှင့် ရိုးသားမှုကို ထင်ဟပ်စေသည်။မောင်ဝေယံလင်းကျော်တွင် မွေးချင်းသုံးယောက်ရှိ၏။ အစ်မတယောက်နှင့် ညီမတယောက်ရှိကာ သူသည် အလတ်ဖြစ်၏။ အစ်မကြီးဖြစ်သူမှာ မိသားစုစီးပွားရေး အခက်အခဲကြောင့် ရှစ်တန်းအထိသာ ပညာသင်ခဲ့ရပြီး လက်ရှိအချိန်တွင် ထိုင်းနိုင်ငံရှိ စက်ရုံတရုံ၌ အလုပ်လုပ်၍ မိသားစုကို လစဉ်ထောက်ပံ့နေသည်။

မောင်ဝေယံလင်းကျော်၏ အောင်မြင်မှုတွင် မိခင်ဖြစ်သူ ဒေါ်စိန်ဌေး၏ စိတ်ဓာတ်ခွန်အားပေးမှုသည် အဓိကကျသည့်အခန်းကဏ္ဍတွင် ပါဝင်နေသည်။”အစ်မကြီးပို့တဲ့ ပိုက်ဆံလေးနဲ့ မိသားစုရပ်တည်နေရတာပါ။ အမေကတော့ ရရာအလုပ်လေးတွေလုပ်ပါတယ်။ ကျွန်တော်တို့မှာ လယ်လည်းမရှိပါဘူး။ အမေကတော့ ရိုးရိုးသားသားနဲ့ ကြိုးစားဖို့။ ကိုယ့်ရဲ့လုပ်ရပ်ကြောင့် တပါးသူမထိခိုက်စေဖို့ ဆုံးမပါတယ်။ ပညာရေးအတွက် တတ်နိုင်သလောက် ဖြည့်ဆည်းပေးမယ်လို့ပြောပြီး အမေက စိတ်ဓာတ်ခွန်အားပေးပါတယ်”ဟု မောင်ဝေယံလင်းကျော်က ပြောသည်။

အထက်တန်းကျောင်းရှိရာ ရေနံတောင်ကျေးရွာသည် သူ၏ဇာတိဖြစ်သော ကဒူးခုံကျေးရွာနှင့် ချောင်း တခုခြားသည်။ ကဒူးခုံကျေးရွာသည် အိမ်ခြေ ၃ဝ ဝန်းကျင်သာရှိသော ချင်းနှင့်ဗမာတိုင်းရင်းသားများ နေထိုင်ကြသည်။ ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂ဝ၁၉ ခုနှစ် လူဦးရေစာရင်းအရ ယင်းမြို့နယ်တွင် ချင်းတိုင်းရင်းသား ၁၄၉၁ ဦးရှိပြီး တမြို့နယ်လုံး လူဦးရေ၏ ၁ ဒသမ ၅ ရာခိုင်နှုန်းကျော် ရှိသည်။ မောင်ဝေယံလင်းကျော်ကိုယ်တိုင် ချင်း-ဗမာ တိုင်းရင်းသားတဦးဖြစ်သည်။ ဖခင်ကဗမာ၊ မိခင်က ချင်းလူမျိုးဖြစ်သည်။

မောင်ဝေယံလင်းကျော်၏နေအိမ်မှ ကျောင်းသို့ စက်ဘီးဖြင့်သွားပါက ၁၅ မိနစ်ခန့် စက်ဘီးစီးရသည်။ ရေနံတောင်နှင့် ကဒူးခုံရွာကြားရှိချောင်းကို ဖြတ်ထိုးထားသည့် တံတားပေါ်မှ စက်ဘီးစီးကာ နေ့စဉ် ကျောင်းတက်ခဲ့သည်။ ဆယ်တန်းတက်နေစဉ် တနေ့ မုန့်ဖိုး ၁ဝဝ ကျပ်သာရသည်ဟု ၎င်းကပြောသည်။သို့သော် သူသည် စိတ်ဓါတ်မကျ။ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ထူးချွန်စွာ အောင်မြင်နိုင်ရေးအတွက် ၉ တန်းစာမေးပွဲ ဖြေဆိုပြီးကတည်းက ပြင်ဆင်ခဲ့သည်။ တနေ့ ခြောက်နာရီ စာကြည့်သည်။ ရွာတွင် လျှပ်စစ်မီးမရှိသည့်အတွက် ဘက်ထရီမီးဖြင့် စာကြည့်ခဲ့ရသည်။ ညပိုင်းတွင် ၇ နာရီမှ ၁၁ နာရီအထိ တနာရီ တဘာသာနှုန်းဖြင့် လေဘာသာ ကျက်မှတ်လေ့လာသည်။ မနက်ပိုင်းတွင် ၅ နာရီမှ ၇ နာရီအထိ တနာရီ နှစ်ဘာသာနှုန်းဖြင့် စာကြည့်ခဲ့သည်။ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိမည့်စာများကို ဖတ်ရှုလေ့ရှိပြီး ကမ္ဘာကျော်ပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိစာအုပ်များ ဖတ်ရှုရခြင်းကို နှစ်သက်လေ့ရှိသည်။

ဒီကလေးက အားလပ်ချိန်ဆိုရင် စာကြည့်တိုက်မှာ စာသွားဖတ်တယ်။ ရိုးသားတယ်။ ယဉ်ကျေးတယ်”ဟု ကျောင်းအုပ်ဆရာမကြီးက ပြောသည်။မောင်ဝေယံလင်းကျော်၏ ရည်မှန်းချက်မှာ အောင်မြင်သည့် စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်ရန် ဖြစ်သည်။ ထို့အတွက် ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ပညာသင်ရန် ဆန္ဒပြင်းပြလျက်ရှိသော်လည်း ငွေကြေး မပြည့်စုံမှုကြောင့် ကျောင်းဆက်တက်ခွင့်မရမည်ကိုလည်း သူက စိုးရိမ်နေသည်။သားက ရန်ကုန်မှာ စီးပွားရေးတက္ကသိုလ်တက်ချင်တာပါ။ သားတို့က ဆင်းရဲတော့ သမ္မာအာဇီဝနဲ့ စီးပွားရေးလုပ်ချင်တယ်။ အောင်မြင်တဲ့ စီးပွားရေးသမားဖြစ်ဖို့ ရည်မှန်းထားပါတယ်။ ကျောင်းတက်ဖို့အတွက် သားဆရာမတွေနဲ့ တိုင်ပင်နေပါတယ်”ဟု ၎င်းက ဆိုသည်။ရေနံတောင်ကျေးရွာသည် ကြံခင်းမြို့နှင့် ၁၆ မိုင်ဝေးသည်။ အထက ရေနံတောင် သမိုင်းတွင် ၂ဝ၁၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ တနိုင်ငံလုံးဝိဇ္ဇာတွဲပဉ္စမဆုရှင်တဦး ပေါ်ထွက်ခဲ့ဖူးပြီး ယခုနှစ်တွင် တနိုင်ငံလုံး ဝိဇ္ဇာတွဲ ပထမဆုရှင် မောင်ဝေယံလင်းကျော်နှင့် တနိုင်ငံလုံးဝိဇ္ဇာတွဲ ဒုတိယဆုရှင် မစုပိုပိုအောင်တို့ တပြိုင်နက်ပေါ်ထွက်ခဲ့ခြင်းဖြစ်သည်။

မောင်ဝေယံလင်းကျော်က မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်းနှင့် ဘောဂဗေဒတို့တွင် ဂုဏ်ထူးရရှိခဲ့ပြီး ရမှတ်ပေါင်း ၅၂ဝ ရရှိခဲ့သည်။ မစုပိုပိုအောင်က မြန်မာစာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်းနှင့် ဘောဂဗေဒတို့တွင် ဂုဏ်ထူးရရှိခဲ့ပြီးရမှတ်ပေါင်း ၄၉၈ မှတ်ရရှိခဲ့သည်။တနှစ်ထဲမှာ ကျွန်မတို့ကျောင်းက တနိုင်ငံလုံး ပထမနဲ့ ဒုတိယနှစ်ယောက်ထွက်တာဆိုတော့ အတိုင်းမသိ ဝမ်းသာမိပါတယ်။ ကျွန်မတို့မှာရှိသမျှ စွမ်းအားနဲ့ အကောင်းဆုံးကြိုးစားခဲ့တာပါ။ ကလေးနှစ်ယောက်စလုံးက လိမ္မာပြီးကြိုးစားကြတယ်။ ဒါပေမဲ့ စီးပွားရေး အဆင်မပြေကြတော့ သူတို့အတွက် အလှူရှင်ရှာဖို့ ကြိုးစားရဦးမယ်”ဟု ကျောင်းအုပ်ဆရာမကြီးက ပြောသည်။ လူသားတဦးအတွက် ပညာသင်ကြားခွင့်သည် မွေးရာပါအခွင့်အရေးဖြစ်သည်ဟု ဆိုကြသည်။ ထိုသို့ဆိုလျှင် မောင်ဝေယံလင်းကျော်တယောက် ဘာကြောင့် ပညာဆက်သင်ခွင့် မရရမှာလဲ။ ငွေကြေးကြောင့် ပညာဆက်သင်ခွင့်မရလျှင် တရားပါ့မလား။ မြန်မာတနိုင်ငံလုံး ဝိဇ္ဇာတွဲပထမဆုရှင်အတွက် ဝိုင်းဝန်းအဖြေရှာရန် လိုအပ်မည်ဟု ထင်ပါသည်။

မှတ်ချက် ။ ။ မောင်ဝေယံလင်းကျော်နှင့် မစုပိုပိုအောင်တို့၏ ပညာရေးလမ်းကြောင်း အဆင်ပြေချောမွေ့စေရန်အတွက် ပါဝင်ကူညီလှူဒါန်းသူများအနေဖြင့် အ-ထ-က ရေနံတောင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်စိန် (ဖုန်း-ဝ၉ ၇၇၉ ၃ရဝ၃၄၅) ထံဆက်သွယ်၍ ပညာပါရမီဖြည့်ဆည်းနိုင်ပါကြောင်း . . . ။

Credit NewsWatch