ဝါ ရင့် Idol တစ်ယောက်ဖြစ်တဲ့ MBLAQ အဖွဲ့ဝင် Mir ဟာ သူသိထားသမျှ နာမည်ကြီး ထိပ်တန်း Idol တွေရဲ့ ဒိတ်လုပ်တဲ့နည်းလမ်းတွေကို သူ့ရဲ့ အသစ်ဖွင့်ထားတဲ့ YouTube Channel ကနေတဆင့် ဖွင့်ဟပြောပြခဲ့ပါတယ်။ K-pop လောကမှာ နှစ်ပေါင်းအတော်ကြာ ရပ်တည်လာတဲ့ Idol တစ်ယောက်ဖြစ်တာကြောင့် သူ့အနေနဲ့ ဒီလိုမျိုး Idol တွေရဲ့ ခိုးကြောင်ခိုးဝှက် ဒိတ်လုပ်တဲ့နည်းလမ်းတွေကို သိနေတာက သိပ်တော့အဆန်းမဟုတ်ပါဘူး။

ပထမဦးစွာ သူပြောပြခဲ့တာကတော့ ရိုက်ကူးရေးတွေ၊ စတိတ်ရှိုးတွေမှာ မကြာခဏဆိုသလို တွေ့ခွင့်ရကြတဲ့ Idol တွေအနေနဲ့ တစ်ယောက်ကို တစ်ယောက်စိတ်ဝင်စားကြပြီး ချစ်ကြိုက်ကြတာက K-pop လောကမှာ သိပ်တော့အဆန်းမဟုတ်ပါဘူး။ ရုပ်ရည်ချောမောလှပတဲ့အပြင် အရည်အချင်းတွေလည်း ပြည့်ဝကြတဲ့သူတွေမို့လို့ တစ်ယောက်ကို တစ်ယောက် စိတ်ဝင်စားပြီးချစ်ကြိုက်ကြတဲ့ လူငယ် Idol တွေဆိုတာ အများကြီးရှိကြပေမယ့်လည်း ပရိသတ်တွေကတော့ ဒါတွေကို ရိပ်မိခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။

“ဒီလောက် ကြည့်ကောင်းချောမောကြတဲ့သူတွေက ဒိတ်မလုပ်ကြဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒိတ်ကြတာပေါ့။ ဘယ်လိုမျိုးပုံစံတွေ ဒိတ်လုပ်ကြတာလဲဆိုတော့ တခြားသူတွေ ဒိတ်လုပ်ကြတဲ့အတိုင်းပါပဲ။ ရုပ်ရှင်တွေကြည့်တယ်။ ကော်ဖီသောက်တယ်။ စားသောက်ဆိုင်ကောင်းတွေမှာ သွားစားကြတယ်” လို့ဆိုကာ Idol တွေရဲ့ ဒိတ်လုပ်ကြတဲ့ပုံစံတွေနဲ့ ပတ်သတ်ပြီး ပြောပြခဲ့တာ ဖြစ်ပါတယ်။

Idol တွေ ဒိတ်လုပ်နေတာကို ပရိသတ်တွေအနေနဲ့ မရိပ်မိရတဲ့အကြာင်းအရင်းတွေကတော့ Idol တွေက သူတို့ရဲ့ ဒိတ်တင်းနဲ့ ပတ်သတ်ပြီး အရမ်းကိုဂရုစိုက်လွန်းတာကြောင့်ပါပဲ။ နောက်တစ်ချက်ကတော့ လူုမြင်ကွင်းတွေကို ရှောင်ရှားပြီး သီးသန့်ဆန်လွန်းတဲ့နေရာတွေမှာ ချိန်းတွေ့ကြတာကြောင့် ဖြစ်ပါတယ်။ Idol တွေဟာ ဒီလိုမျိုးနေရာတွေကိုလည်း ကောင်းကောင်းကြီးသိကြတယ်လို့ ဆိုပါတယ်။

“သူတို့တွေက ဒိတ်တဲ့အချိန်မှာ အရမ်းကို ဂရုစိုက်ကြတာဗျ။ ရုပ်ရှင်ကြည့်တယ်ဆိုရင်လည်း ညဘက်ကြီး ဘယ်သူမှမကြည့်တဲ့အချိန်တွေမှာ သွားကြည့်ကြတယ်။ ကားထဲမှာ ကော်ဖီသောက်၊ အအေးသောက်ပြီိဆိုရင်လည်း ဟန်မြစ်ဘက်က အမှောင်ကျတဲ့နေရာတွေဆီကို သွားကြတယ်။ ဘယ်သူမှမသိအောင် သွားကြတာပေါ့” လို့ဆိုကာ ပြောပြခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ ကိုရီးယားမှာရှိတဲ့ တချို့သောဘားတွေမှာဆိုရင် ဧည့်သည်ရဲ့ ကိုယ်ရေးကိုယ်တာနဲ့ ပတ်သတ်ပြီး အရမ်းကိုတင်းကြပ်စိတ်ချရတဲ့ လုံခြုံရေးစနစ်ကို အသုံးပြုကြတာမျိုးတွေရှိတယ်လို့လည်း Mir က ပြောပြသွားခဲ့ပါတယ်။ Idol စုံတွဲတွေဟာ အဲဒီလိုမျိုးဘားတွေကို သွားရောက်လေ့ရှိကြတာ ဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်တော် ဘားပိုင်ရှင်တစ်ယောက်ဆီက ကြားခဲ့ဖုးတာရှိတယ်။ အဲဒါဘာလဲဆိုတော့ ဘားကိုလာရောက်တဲ့ ဧည့်သည်ရဲ့ကားက ကားပါကင်ကိုဝင်သွားတာနဲ့ ဓာတ်လှေကားက ပွင့်လာပြီး ကားကိုပါ သီးသန့်အခန်းဆီ တစ်ပါတည်းသယ်ဆောင်သွားတဲ့။ အဲဒါဆိုရင် ဧည့်သည်တွေလည်း စိတ်လေးလက်အေးနေလို့ရတယ်ပေါ့ဗျာ။ အရမ်းကို လျှို့ဝှက်တဲ့နေရာမျိုးပါပဲ” လို့ဆိုပြီး ပြောခဲ့ပါတယ်။

ချစ်ကြိုက်နေကြတဲ့ Idol တွေဟာ ရိုက်ကူးရေးတွေမှာတွေ့ဆုံကြပြီဆိုရင် ရိုက်ကူးရေးနောက်ကွယ်မှာပဲဖြစ်ဖြစ်၊ နားနေခန်းမှာပဲဖြစ်ဖြစ် တစ်ယောက်နဲ့ တစ်ယောက် စနောက်ပြောင်နေတာကြောင့် တခြားသူတွေအနေနဲ့ သူတို့တွေ ဒိတ်လုပ်နေတယ်ဆိုကို ရိပ်မိကြတယ်လို့လည်း ဆိုခဲ့ပါသေးတယ်။

“အဲဒီလိုမျိုး စုံတွဲတွေက အများကြီးပဲဗျ။ ရိုက်ကူးရေးအစီအစဉ်တစ်ခုမှာ အတူတူပါဝင်ကြပြီဆိုရင် သူတို့တွေက အရမ်းပျော်နေကြတာ။ အယ်လ်ဘမ်ပရိုမိုးရှင်းတွေကိုလည်း တစ်ချိန်တည်းမှာ လုပ်ကြတာမျိုးလည်းရှိတယ်။ နားနေခန်းတွေမှာပဲဖြစ်ဖြစ်၊ လျှောက်လမ်းတွေမှာပဲဖြစ်ဖြစ် သူတို့တွေတွေ့လို့ရတယ်လေ။ စင်ပေါ်ကဆင်းပြီဆိုတာနဲ့ ချိန်းတွေ့ဖို့နည်းလမ်းကို ရှာကြတာမျိုးတွေလည်း ရှိပါတယ်” လို့ဆိုပြီး သူသိထားတဲ့ အဖြစ်အပျက်တွေကို ဖွင့်ဟပြောပြခဲ့ပါတယ်။

အဆုံးသတ်မှာတော့ Mir က Idol တွေအနေနဲ့ ဒိတ်လုပ်တာက သိပ်တော့မထူးဆန်းဘူ့းဆိုပေမယ့်လည်း ပရိသတ်တွေကို လှည့်စားတာမျိုးကိုတော့ မပြုလုပ်စေချင်ကြောင်း၊ Idol တွေရဲ့ လှည့်စားတာတွေကို ခံခဲ့ရတဲ့ ပရိသတ်တွေရှိကြောင်းနဲ့ Idol တွေလည်း ဒိတ်မယ်ဆိုရင် သေချာစဉ်းစားရွေးချယ်စေချင်ကြောင်းကို ပြောသွားခဲ့ပါတယ်။

Ref : Koreaboo
Mia (Momolay)