နေပြည်တော် ဥတ္တရသီရိမြို့နယ်အပိုင် ဗိုလ်ရွေးလမ်းဘေးရှိ ရေမြောင်းအတွင်း အောက်တိုဘာ ၇ ရက် ညပိုင်းအချိန်တွင် Bongo KIA (၆) ဘီးကားတစီးတိမ်းမှောက်၍ ယာဉ်မောင်းအား သေဆုံးလျက်တွေ့ရှိမှုနှင့်ပတ်သက်၍ ဖြစ်စဉ်တွင် အတူရှိနေခဲ့သည့် မျက်မြင်သက်သေများက အောက်တိုဘာ ၉ ရက် နေ့လယ်ပိုင်းက သတင်းစာရှင်းလင်းပွဲပြုလုပ်သည်။

“ဖြစ်စဉ်က ဒီလိုပါ။ ကိုမျိုးဝင်း (သေဆုံးသူ ယာဉ်မောင်း) ရယ်၊ အောင်ဆန်းလင်း၊ ဇော်မျိုးရယ် အားလုံးပေါင်း ကျွန်တော်တို့ သုံးယောက်ပါ။ မီးသွေးအိတ်တွေတင်ပြီး ကားနဲ့ထွက်လာပါတယ်။ ကားပေါ်မှာ မီးသွေးအိတ် ၄၅ အိတ်ပါပါတယ်။ အဲဒီ ည ၀ရး၀၀ နာရီလောက်မှာပါ။ ဗိုလ်ရွေးလမ်းနဲ့ ချောင်းမကြီးဆည်သွားလမ်းဆုံမှာ ဗိုလ်လေးတယောက်နဲ့ ရဲ ၃ ယောက်က ထွက်လာပါတယ်။ ဂိတ်သဘောမျိုးပါ။ ပိုက်ဆံ ၂၀၀၀ ပေးရင် ဖြတ်လို့ရပါတယ်။ မီးသွေးကားဖြတ်တိုင်းပေးနေကျပါ။

ကျွန်တော်တို့က ထုံးစံအတိုင်း ပိုက်ဆံနှစ်ထောင်ပေးပါတယ်။ ရဲတွေက မကိုက်ဘူး နှစ်ထောင်နဲ့မရဘူး။ လေးယောက်ဖြစ်နေလို့ ရှစ်ထောင်ပေးရမယ်။ နောက်ထပ် ခြောက်ထောင် ထပ်တောင်းပါတယ်။ ယာဉ်မောင်း ကိုမျိုးဝင်းက ဆရာတို့ မကိုက်သလို ကျွန်တော်တို့လည်း မကိုက်ဘူး။ ဒါကြောင့် ရှေ့ကို ဆက်မထွက်တော့ဘူးဆိုပြီး နောက်ကြောင်းပြန်လှည့်ပါတယ်။ ဒုရဲအုပ်က ရှေ့ကကားထွက်မရအောင် ကာထားပါတယ်။ ကားကို လမ်းဘက်ကိုဦးလှည့်ရုံရှိသေးတဲ့အချိန်မှာ ဘက်မှန်ကိုဆွဲပြီး ရဲကသေနတ်နဲ့ ပစ်လိုက်တာပါ။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘုရားကုန်း ရဲစခန်းမှာ ခေါ်မေးခဲ့ပါတယ်”ဟု ယာဉ်ပေါ်ပါလာသူ ကိုဇော်မျိုးက ပြောပါသည်။

ထို့အတူ အတူလိုက်ပါလာသူ ကိုအောင်ဆန်းလင်းက“ကျွန်တော်တို့က ဆားကျင်းရွာသားတွေပါ။ ည ၇ နာရီခွဲလောက်မှာ ရဲလေးယောက်နဲ့ တွေ့ပါတယ်။ ပိုက်ဆံထွက်တောင်းပါတယ်။ ထုံးစံအတိုင်း ၂၀၀၀ ပေးပါတယ်။ ရဲတွေက မကိုက်ဘူး နောက်ထပ် ၆၀၀၀ ထပ်တောင်းပါတယ်။ စကားအခြေအတင်ပြောကြရင်း ကားဆက်မောင်းတော့ ရှေ့ကပိတ်ပြီး ၆၀၀၀ မပေးရင် ဆက်မမောင်းနဲ့ ပြောလို့ နောက်ပြန်လှည့်ပါတယ်။ ကားကို အတင်းတားပြီး ခြောက်လုံးပြူးထုတ်ပြီး ပစ်ပါတယ်။ ပစ်ခံရပြီးနောက်မှာ ကိုမျိုးဝင်း ခေါင်းငိုက်ကျသွားပါတယ်။ ကြည့်လိုက်တော့ နှာခေါင်းက သွေးတွေထွက်လာပါတယ်။ ရှေ့ကို အရှိန်နဲ့ ကားကပြေးသွားပြီး ရေမြောင်းထဲကျသွားပါတယ်။ ကျွန်တော့် နဖူးမှာလည်း မှန်နဲ့ထိပြီးကွဲသွားပါတယ်။ ကျွန်တော်တို့က ကြောက်ပြီး ရွာကိုပြန်ပြေးခဲ့ကြပါတယ်။ ရဲထဲမှာ သိတာဆိုလို့ ဆရာကျော်မိုးပါတယ်။ ပေးနေကျပါ။ ပစ်တဲ့သူ နာမည်တော့ မသိပါဘူး။ ဗိုလ်လေးလို့ပဲ ခေါ်ပါတယ်”ဟု ပြောသည်။

ရဲမှတ်တမ်းများအရ ဖြစ်စဉ်မှာ နေပြည်တော် ဥတ္တရသီရိမြို့နယ် ချောင်းမကြီးရွာဟောင်းအနီး ဗိုလ်ရွေးလမ်းဆုံတွင် အောက်တိုဘာ ၇ ရက် ည ၁၉း၃၀ နာရီအချိန်ခန့် ယာဉ်တစီးတိမ်းမှောက်နေကြောင်းသတင်းအရ ယာဉ်မှုစစ်မှ ရဲအုပ်ရွှေလင်းနှင့် သက်သေများ သွားရောက်စစ်ဆေးခဲ့ရာ ကိုမျိုးဝင်း(၃၂)နှစ် ဆားကျင်းကျေးရွာနေသူ မောင်းနှင်လာသော ယာဉ်အမှတ် YGN- 4F- 6849 Bongo KIA (၆)ဘီး အပြာရောင်ယာဉ်အား မီးသွေးအိတ်များ တင်ဆောင်မောင်းနှင်လာစဉ် ဗိုလ်ရွေးလမ်းယာဘက်ရှိ ချောင်းမကြီးဆည်သွားလမ်းဘက် ရေမြောင်းအတွင်း တိမ်းမှောက်ပြီး ယာဉ်မောင်းကိုမျိုးဝင်းမှာ ယာဘက်နားနှင့် နှာခေါင်းမှ သွေးထွက်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးနေသည်ကိုတွေ့ရှိခဲ့သည်။

အလောင်းအား နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံသို့ ပို့ခဲ့ကြောင်း၊ သေဆုံးသူကို ခွဲစိတ်စစ်ဆေးရာ ဦးခေါင်းတွင်ကျည်ဆန်တွေ့ရှိရကြောင်း ၈-၁၀-၂၀၁၈ ရက်နေ့ နံနက်ပိုင်းတွင် ဆေးရုံအသိုင်းအဝိုင်းမှ သတင်းများထွက်ပေါ်လာပြီးနောက် တာဝန်ရှိသူများထံ အကြောင်းကြားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာမှာ ဥတ္တရသီရိမြို့နယ် ဘုရားကုန်းနယ်မြေရဲစခန်းအပိုင်ဖြစ်၍ ဘုရားကုန်းမြို့မစခန်းမှ စခန်းမှူးရဲဗိုလ်ကြီးတင်ဌေးထံ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ ညနေပိုင်း ၁၆း၃၀ နာရီခန့်တွင်မှ အဆက်အသွယ်ရပြီး ၎င်းက “ဖိုးဇောင်းတောင်နယ်မြေရဲကင်းမှူးက လှည့်ကင်းစစ်ဆေးနေစဉ် မသင်္ကာတဲ့ယာဉ်ကိုတွေ့လို့ ရပ်ခိုင်းပါတယ်။ ယာဉ်ပေါ်မှာ မီးသွေးအိတ်တွေ တွေ့တယ်။ ယာဉ်မောင်းက မရပ်ဘဲမောင်းပြေးတယ်။ မောင်းပြေးတော့ ဒုရဲအုပ်အောင်နိုင်ထွန်းက ဘေးမှန်ကိုကိုင်ပြီးပါသွားတယ်။ သေနတ်နဲ့ထုတ်ချိန်ပြီး ရပ်ခိုင်းရာကနေ ကျည်ပေါက်ကွဲမှုဖြစ်သွားခြင်းပါ”ဟု ဖြေကြားခဲ့သည်။

လက်ရှိအချိန်တွင် ဒုရဲအုပ်အောင်နိုင်ထွန်းကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ခရက်ဒစ် – စောင့်ကြည့်သတင်းဂျာနယ်