မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဒီဇင်ဘာ ၂၇ / ၂ဝ၁၉

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် Mytel ဆက်သွယ်ရေးလုပ်ငန်းမှ အရာရှိတစ်ဦးနှင့် ယာဉ်မောင်းတစ်ဦးအား AA က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု တပ်မတော်က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူများမှာ စစ်တွေမြို့အခြေစိုက် Mytel ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်နယ် ဆက်သွယ်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဦးဇော်ထွန်းအောင်နှင့် ယာဉ်မောင်းဖြစ်သူ ဦးစောသိန်းမောင်တို့ဖြစ်သည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ဒီဇင်ဘာလ ၂၇ ရက်နေ့က သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သူတို့ နှစ်ဦးသည် ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန်အတွက် ကွင်းဆင်းဆောင်ရွက်စဉ် ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းတွင် ကျောက်တော်မြို့နယ် တောင်ပေါက်ကျေးရွာအနီး၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “ဒါကတော့ ဘာမှမဟုတ်ဘဲ ခင်ဗျားကလည်း အရပ်ဘက်ပစ်မှတ်တွေကို လိုက်ဖမ်းနေတာကတော့ ဒါ သိပ်သဘာဝမကျဘူး။ အင်တာလိုင်းတွေ ပိတ်တော့လည်း ပိတ်လို့လို့ အော်တယ်ဗျာ။ ဒီဆက်သွယ်ရေးစနစ် ကောင်းမွန်အောင်လုပ်နေတဲ့ ဒါ Public နဲ့ ဆိုင်တဲ့သူတွေကို ဖမ်းတာကတော့ မလုပ်သင့်တဲ့အလုပ်တစ်ခုပဲဗျ။ ဘာရည်ရွယ်ချက်နဲ့ ဖမ်းတယ်ဆိုတာကို ကျနော်တို့လည်း မသိဘူး”ဟု နိရဉ္စရာကို ပြောသည်။

ဖမ်းဆီးခံရသူနှစ်ဦးသည် ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်ရေးလုပ်ငန်းများ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရန် စစ်တွေမြို့မှ ဒီဇင်ဘာ ၁၇ ရက်တွင် စတင်ထွက်ခွာခဲ့ပြီး အမ်းမြို့၊ သံတွဲမြို့၊ မင်းပြားမြို့များသို့ သွားရောက်ကြည့်ရှု ခဲ့ကြောင်း၊ ဒီဇင်ဘာ ၂၂ ရက်တွင် မင်းပြားမြို့၌ ညအိပ်ရပ်နားခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက်တွင် ကျောက်တော်မြို့သို့ ဆက်လက်ထွက်ခွာစဉ် ဆက်သွယ်မှုမရရှိဘဲ ပျောက်ဆုံးလျက်ရှိကြောင်း၊ ဒေသခံပြည်သူများ၏ ပြောကြားချက်အရ ၎င်းတို့ နှစ်ဦးကို ကျောက်တော်မြို့၊ တောင်ပေါက်ကျေးရွာအနီး၌ AA အဖွဲ့က အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA)မှ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခအား နိရဉ္စရာက ဆက်သွယ်မေးမြန်းရာ ရုံးချုပ်သို့ မေးမြန်းထားဆဲဖြစ်ပြီး အကြောင်းပြန်သည်နှင့် ချက်ချင်းပြန်လည်ဖြေကြားပေးမည်ဟုဆိုသည်။

ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူ နှစ်ဦးသည် ရခိုင်လူမျိုးများဖြစ်သည်ဟုလည်း တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Credit – narinjara