ဆေးကုသဖို့လည်း မတတ်နိုင်…

ပရဟိတဆေးခန်းတွေဆီလည်း မသွားနိုင်ဘဲ အိပ်ရာထဲလဲနေတဲ့ အဘိုးအဘွားတွေအတွက် ဝမ်းမြောက်ဖွယ် သတင်းကို …

၂၀၂၀ နှစ်ဦး လက်ဆောင်အဖြစ် ” ဗိမာန်ရှင် လူမှုရေးနှင့် နာရေးကူညီမှုအသင်း” ကြီးက ပဲခူးမြို့သူ မြို့သားအတွက် ပေးအပ်လိုက်ပါတယ်ခင်ဗျာအသက်ကြီးလာပြီးဆိုရင်ဖြင့် ရောဂါဘယတွေဟာ ဘက်ပေါင်းစုံက ချဉ်းကပ်ဝင်ရောက်လာတော့တာပါပဲ။ အိုစာ မင်းစာ စုဆောင်းထားနိုင်တဲ့သူတွေနဲ့ မိသားစုကျောထောက်နောက်ခံရှိတဲ့ အဘိုးအဘွားတွေအနေနဲ့ ရောဂါ ဘယတွေကို စနစ်တကျ ကုသနိုင်ပေမယ့် အများစုကတော့ ဖိစီးလာတဲ့ ရောဂါဘယဒဏ်တွေကို ဆေးမြီးတိုတွေနဲ့ ကြိတ်ကုကြရပါတယ်။ အချို့လည်း မသေသင့်သေးဘဲ အသေစောကြရတယ်ပေါ့ဗျာ။ အဲ့ဒီလို အဘိုးအဘွားတွေအတွက် ပရဟိတဆေးခန်းတွေ အမြောက်အမြားပေါ်ပေါက်လာတာ ဝမ်းသာဖွယ်ပါပဲဒါပေမယ့် အတော့်ကို သနားဖို့ကောင်းတဲ့ အဘိုးအဘွားတွေတော့ ကျန်ရှိနေပါသေးတယ်။ သူတို့ကတော့ ဆေးကုသဖို့ကျပြန်တော့ မတတ်နိုင်၊ ပရဟိတဆေးခန်းတွေကို သွားဖို့ကျပြန်တော့လည်း မသွားနိုင်ဘဲ အိပ်ရာ ထဲ လဲနေတဲ့ အဘိုးအဘွားတွေပါပဲအဲ့ဒီလို အဘိုးအဘွားထဲက အချို့အတွက် ” ဗိမာန်ရှင် လူမှုရေးနဲ့ နာရေးကူညီမှု အသင်းကြီး ” နဲ့ ” ရူပ အိမ်တိုင်ရာရောက် ဆေးကုသဝန်ဆောင်မှု လုပ်ငန်း” က ဆရာဝန်လေးတွေ ပူးပေါင်းပြီး အိမ်တိုင်ရာရောက် ပရဟိတ ဆေးကုသမှုတွေ လုပ်ဆောင်ပေးဖို့ ရှိပါတယ် အချို့လို့ ဘာကြောင့် သုံးစွဲရသလဲဆိုရင်တော့ ကျွန်တော်တို့ဟာ ကြယ်ငါးကောက်သူများသာ ဖြစ်ပါတယ်။ ကမ်းစပ်မှာ သောင်တင်နေတဲ့ ကြယ်ငါးတွေထဲက ကျွန်တော်တို့ နိုင်သလောက် ကြယ်ငါးလေးတွေ ကောက်ပြီး ပင်လယ်ထဲ ပြန်လွှတ်ပေးမယ်။ အကုန်လုံးကို မကယ်နိုင်တောင် ကျွန်တော်တို့ နိုင်သမျှ လွှတ်ပေးလိုက်တဲ့ ကြယ်ငါးလေးတွေတော့ ရှင်သန်နိုင်မယ် မဟုတ်လားခင်ဗျာ။ အခုလည်း အဲ့လိုပါပဲ။ အဘိုးအဘွားအားလုံးကို တော့ ကျွန်တော်တို့ စောင့်ရှောက်ပေးနိုင်ဖို့ မလွယ်ပါဘူး။ ငွေအားဘက်က ကူညီတောင် လူအားတွေက လိုနေ သေးလို့ပါပဲ။ ဒါကြောင့် ကျွန်တော်တို့ နိုင်သလောက် အဘိုးအဘွားတွေကို ကျွန်တော်တို့ ကူညီပေးမယ်။ သူတို့ ဘ၀ နေဝင်ချိန်မှာ သက်သက်သာသာ ဖြစ်စေဖို့ ကျွန်တော်တို့ ဖေးမပေးမယ်။

ဘယ်လို ကူညီပေးမလဲဆိုတော့ ဗိမာန်ရှင်အသင်းနဲ့ ရူပ အဖွဲ့က ဆရာဝန်ကလေးတွေ ပူးပေါင်းပြီး ဗိမာန်ရှင်အသင်းက လိုအပ်တဲ့ ဆေးဝါးတွေ လှူဒါန်းပေးမယ်။ ဆရာဝန်လေးတွေက ဆေးကုသမှု အပိုင်းတွေကို တာဝန်ယူပေးမယ်။ ဆေးကုသမှုအပြင် တခြား လုပ်ပေးနိုင်တာတွေရှိလည်း တာဝန်ယူထားတဲ့ အဘိုးအဘွားတွေ အတွက် လုပ်ပေးနိုင်သလောက် လုပ်ပေးမယ်။ သူတို့ နေဝင်ချိန်အထိပေါ့ အဲ့ဒီတော့ အဲ့ဒီင်္ အဘိုးအဘွားတွေအနေနဲ့ အနည်းဆုံးတော့ ကျန်းမာရေးအတွက် စိုးရိမ်စရာ မလိုတော့ဘူး။ သူတို့ ဘေးမှာ မိသားစုဆရာဝန်တွေ အနီးကပ် ရှိနေပြီလေ။ နောက်ပြီး အားငယ်နေတာတွေလည်း မရှိနိုင်တော့ဘူး။ သူတို့အနား အားပေးနေမယ့်သူတွေ ရှိနေပြီလေ လုပ်ပေးရမယ့် လုပ်ငန်းစဉ်တွေက များပြားလွန်းတာမို့ နိုင်သလောက်ကပဲ စဖို့ ကျွန်တော်တို့ စဉ်းစားထားပါ တယ်။ ဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်က ကျွန်တော်တို့ကို ကူညီပေးစေချင်တဲ့ အဘိုးအဘွားတွေ ရှိခဲ့ရင် ကျွန်တော်တို့အဖွဲ့နဲ့ ဆက်သွယ်ပေးပါ။ ဆက်သွယ်သမျှ အဘိုးအဘွားတွေကို ကျွန်တော်တို့ လာတွေ့ပြီး မေးမြန်းကြည့်ပါမယ် အစပိုင်းမှာ အဘိုးအဘွား ဆယ်ယောက်ကိုပဲ ဒီတာဝန်ယူပေးနိုင်ဦးမှာမို့ ကျွန်တော်တို့ကို ဆက်သွယ်သမျှထဲက အလိုအပ်ဆုံးလို့ ထင်တဲ့ အဘိုးအဘွား ဆယ်ယောက်ကို ၂၀၂၀ နှစ်ဦးကစပြီး ကျွန်တော်တို့ စကူညီပေးပါမယ်။ ဆေးကုသမှုတင်မကဘဲ လိုအပ်တဲ့ ECG ရိုက်တာ၊ သွေးစစ်တာ၊ ဓာတ်မှန်ရိုက်တာတွေကအစ အကုန်လုံး အလုံးစုံ ကူညီပေးမှာပါ။

ဆယ်ယောက်ပဲ ကူညီနိုင်မှာမို့ လက်တလော မကူညီနိုင်သေးတဲ့ အဘိုးအဘွားတွေအနေနဲ့လည်း စိတ် အားမငယ်ကြပါနဲ့။ နိုင်သလောက်ဝန်ကို စထမ်းပြီးတာနဲ့ နောက်ထပ် နောက်ထပ် ကူညီနိုင်အောင်ကြိုးစားပါ့ မယ်။ တောက်လျှောက် မကူညီနိုင်ရင်တောင် တတ်နိုင်သလောက် ကူညီနိုင်ဖို့တော့ ကျွန်တော်တို့ အားထုတ်ပါ့ မယ် ကျွန်တော်တို့ဘက်ကတော့ ကူညီဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ဒီစာကို ဖတ်မိတဲ့ မိတ်ဆွေတို့အနေနဲ့ အဘိုးအဘွားတွေအတွက် အကူအညီပေးချင်တယ်ဆိုရင်တော့ လုပ်ပေးလို့ရတာ ရှိပါတယ်။ အဲ့ဒါကတော့ ဒီပို့စ် လေးကို share ပေးတာနဲ့ ကိုယ့်ပတ်ဝန်းကျင်က အဲ့လို အဘိုးအဘွားတွေကို ကျွန်တော်တို့ လာကြည့်လို့ရ အောင် အကြောင်းကြားပေးတာပါပဲ ခင်ဗျာ ကိုယ့်ပတ်ဝန်းကျင်က အကူအညီလိုနေတဲ့ အဘိုးအဘွားတွေကို ကျွန်တော်တို့ဆီ အကြောင်းကြားပေးချင်တယ် ဆိုရင်ဖြင့် အောက်ပါ ဖုန်းနံပါတ်တွေကို ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

ဆက်သွယ်ရန် ဖုန်းနံပါတ်များ….. 09 40 942 2003 ၊ 09 40 942 2004 ၊ 09 40 942 2005 ဆက်သွယ်လာတဲ့အထဲက ကျွန်တော်တို့ ကူညီဖို့ ချမှတ်ထားတဲ့ မူနဲ့ ကိုက်ညီတဲ့ အဘိုးအဘွား ဆယ်ယောက်တိတိကို ဒီလမကုန်ခင် ကျွန်တော်တို့ ပြန်ဆက်သွယ်ပေးပါမယ်။ ၂၀၂၀ နှစ်ဦးက စပြီး ကျွန်တော်တို့ စကူညီပါမယ်ခင်ဗျာဒီ ပရဟိတ ကုသိုလ်အတွက် ကိုယ်တတ်နိုင်တဲ့ဘက်က လုပ်အား၊ ငွေအား အစရှိတဲ့ ကူညီမှုတွေ လုပ်ပေးချင်တယ်ဆိုရင်တော့ ” ဗိမာန်ရှင် လူမှုရေးနဲ့ နာရေးကူညီမှု အသင်းကြီး ” ကို ဆက်သွယ်ပြီး ကူညီပေး နိုင်ပါတယ်ခင်ဗျာ။ လိုအပ်တဲ့ကူညီမှုတွေကိုတော့ ဒီကိစ္စ စတင်တဲ့အခါမှ အသေးစိတ် တင်ပေးပါမယ် ဗိမာန်ရှင် လူမှုရေးနဲ့ နာရေးကူညီမှု အသင်းကြီး ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့ ဒေါက်တာကျော်စိုး ( 09 4281 85 447 ) ကို ဖုန်းဆက်ပြီး ကိုယ်ပေးနိုင်တဲ့ အကူအညီတွေကို ပေးလို့ ရပါတယ်ခင်ဗျာ ကျွန်တော်တို့ဘဝလမ်းကို ပခုံးထမ်းတင်ပေးခဲ့တဲ့ မျိုးဆက်ဟောင်း အဘိုး အဘွားတွေအတွက် ကျွန်တော်တို့ မျိုးဆက်သစ်တွေ တတ်နိုင်သလောက် ကူညီကြတာပေါ့ခင်ဗျာ။

Yu Pa – Home Visit Health Services