ပ ရိသတ်ကြီးရေ…တစ်နေ့တစ်နေ့…သတင်းတွေချည်း ဖတ်နေရတာ ငြီးငွေ့မှာစိုးလို့ တခါတရံ ကျန်းမာရေးအကြောင်းလေးတွေ…ထူးခြားဆန်းပြားတာလေးတွေနဲ့ သမိုင်းကြောင်းလေးတွေကိုလည်း ဖတ်ရှုလေ့လာနိုင်ဖို့ ကျနော်တို့ ဝိုင်းတော်သားတွေက ကြိုးစားတင်ဆက်ပေးနေပါတယ်နော်…ခုလည်း ပရိသတ်ကြီးတို့ ဖတ်ကြည့်ပြီးရင် မျက်ရည်တောင်ကျနိုင်တဲ့ ဝမ်းနည်းဖွယ်ရာ သမိုင်းကြောင်းလေးကို ပြောပြပေးသွားမယ်နော်….. တချို့တွေကတော့ ဒီသမိုင်းကြောင်းလေးကို သိပြီးသားဖြစ်ကြမှာပါ…နယ်ခံတွေ ပိုသိမယ်ထင်ပါတယ်…

ပရိ သတ်ကြီးတို့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် သရေခေတ္တရာမြို့ဟောင်းကို သိကြမှာပါ…. ပြည်မြို့ကနေ ၁၅ မိနစ်လောက်သွားရင်ရောက်ပါတယ်….သရေခေတ္တရာဆိုတာနဲ့ မရောက်ဖူးသူတွေအတွက်တော့ စိမ်းနေနိုင်ပေမဲ့ ရောက်ဖူးသူတွေနဲ့ ဒေသခံတွေအတွက်ကတော့ ဘုန်းတန်ခိုးကြီးမားတဲ့ ရာဇဝင်ထဲက ဒွတ္တဘောင်မင်းနဲ့ ပန်ထွာဘုရင်မတို့ရဲ့ ဒဏ္ဍာရီပုံပြင်တွေ၊ ဒွတ္တဘောင်မင်းရဲ့အဘိုး နဂါးနိုင်ဘုရင် မောင်ပေါက်ကျိုင်းရဲ့ရာဇဝင်က စလို့ မိခင်ဗေဒါရီရဲ့ လွမ်းမောဖွယ်ပုံပြင်၊ ဗိဿနိုးဘုရင်မကြီးရဲ့ ဩဇာကြီးမား ထက်မြက်မှုတွေ၊ ဒါတွေဟာ ယနေ့ထိ မြို့တော်ဟောင်းအတွင်း ရွာတွေမှာနေထိုင်ကြတဲ့ ကျေးလက်နေ ကလေးတိုင်းအတွက် အိပ်ရာဝင် ပုံပြင်တွေအဖြစ် ကြားသိနေကြဆဲဖြစ်သလို ယုံကြည်ကိုးကွယ်ကြောက်ရွံ့ နေရဆဲ အယူစွဲတွေ အဖြစ်လည်း ကျန်ရှိနေပါသေးတယ်။

ခုပြောမဲ့ အကြောင်းလေးကတော့ အဲဒီလို ထင်ရှားကျော်ကြားတဲ့ သရေခေတ္တရာမြို့ဟောင်းထဲမှာရှိတဲ့ မှော်ဇာရှေးဟောင်း နယ်မြေထဲက သုံးပန်လှ မင်းသမီးရဲ့ အမျက်ဒေါသနဲ့ သုံးပန်လှရွာပျက်ကြီးအကြောင်းတင်ဆက်ထားတဲ့ သမိုင်း ဗီဒီယိုလေးအကြောင်းပဲ ဖြစ်ပါတယ်….

ဗီဒီယိုလေးထဲမှာ ရှင်းပြထားတာကတော့ သုံးပန်လှမင်းသမီးဇာတ်လမ်းဟာ သုံးပန်လှဒေသခံတွေ အတွက် ယနေ့တိုင် ချောက်ချားမှုတွေ၊ ပူဇော်ပသမှုတွေနဲ့ ယုံကြည်စွဲလမ်းနေရဆဲ ဒဏ္ဍာရီတစ်ပုဒ်ဖြစ်နေဆဲပဲလို့ ဆိုပါတယ်… မင်းသမီးရဲ့ အလှဟာ နေထွက်စမှာ ကျက်သရေအပြည့်နဲ့ ရွှေစင်ရွှေမှုန်သဏ္ဍာန်ရှိသလို နေ့လယ်ခင်းမှာဆိုရင်လည်း အစွမ်းကုန် ပွင့်လန်းနေတဲ့ ပန်းလေးနဲ့ တူပြန်တယ်လို့ ဆိုကြပြီး ညနေခင်းမှာတော့ သူရှိတဲ့ အနီးအပါးဟာ လင်းလက်နေသယောင်တောင် ထင်ယောင်မှားရပြန်တယ်လို့ ဒဏ္ဍာရီတွေက ဆိုပါတယ်…. သုံးပန်လှလို့ အမည်တွင်ရတာကတော့ ခုလိုတစ်နေ့တာရဲ့ အချိန်သုံးချိန်မှာ ပုံစံသုံးမျိုးနဲ့ လှပလွန်းတာကြောင့် ‘သုံးပန်လှ’လို့ ခေါ်ကြတာ ဖြစ်ပါတယ်….

နှစ်ပြည်ထောင်ချစ်ကြည်ရေးအတွက် တောင်ညိုဘုရင်ကနေ ဒွတ္တဘောင်မင်းဆီ သုံးပန်လှမင်းသမီးကို ဆက်သပါတယ်…. သုံးပန်လှ မင်းသမီးလေးဟာ အရင်ကတည်းက ဒွတ္တဘောင်မင်းကို တိတ်တခိုး မြတ်နိုးရင်းစွဲရှိတာပါ….ခုလို ဒွတ္တဘောင်မင်းရဲ့ မိဖုရားအဖြစ် တင်မြှောက်ခံရတော့မယ်ဆိုတော့ ဝမ်းသာနေရှာတာပေါ့ …. ဒါပေမဲ့ ဒွတ္တဘောင်ဘုရင်ရဲ့ မိဖုရားတွေက အရမ်းလှတဲ့ မင်းသမီးလေးကို မနာလို ဖြစ်တာကြောင့် မင်းသမီးလေးကို ခေါ်ဆောင်လာတဲ့ လမ်းတစ်လျှောက်မှာ ဘုရင်ထံသတင်းပို့ရတဲ့ ဘုရင့်လူယုံတော်တွေဆီ ချဉ်းကပ်ပြီး မင်းသမီးရဲ့အကြောင်းကို မကောင်းသတင်းတွေသာ တင်လျှောက်စေခဲ့ပါတယ်တဲ့…..

သုံးပန်လှမင်းသမီးလေးဟာ ဘီလူး၊ သရဲသဖွယ် ပုံသဏ္ဌာန်အမှန်ရှိပြီး မကောင်းတဲ့ အတတ်တွေနဲ့ တင့်တယ်အောင်သာ ဖန်ဆင်းထားတာဖြစ်ကြောင်း၊ ရုပ်သဏ္ဌာန်အမှန်ကတော့ တစ်နေ့သုံးကြိမ် ထိန်းမရအောင် ပေါ်လာကြောင်း၊ အင်မတန်ကြောက်မက်ဖွယ်ကောင်းကြောင်း မင်းမှုထမ်းတွေက ဘုရင့်ထံကို မမှန်မကန် လျှောက်တင်ကြပါတယ်။ ဒါကို ယုံကြည်သွားတဲ့ ဘုရင်က မင်းသမီးကို နန်းတော်ထဲ ဝင်ခွင့်မပြုတော့ဘဲ တံခါးဝကနေ မောင်းထုတ်ခဲ့တဲ့အတွက် မင်းသမီးဟာ အရှက်ကြီးရှက်ခဲ့ရပါတယ်တဲ့…..

အဲတာကြောင့် သုံးပန်လှမင်းသမီးလေးက ဒွတ္တဘောင်မင်းကြီးအပေါ် နာကျည်း စိတ်တွေ၊ ဝမ်းနည်းစိတ်တွေ၊ ရှက်စိတ်တွေနဲ့အတူ သူခရီးတစ်ထောက်နားရာ တောတွင်းတစ်နေရာမှာ ဘုရင်နဲ့ မတွေ့ရပဲ သေဆုံးသွားခဲ့ရရှာပါတယ်….. နောက်ဆုံး ဒွတ္တဘောင်မင်း ရောက်လာချိန်မှာတော့ သေဆုံးနေတဲ့ မင်းသမီးရဲ့ ရုပ်အလောင်းကို ဂူဗိမာန်တည်ဆောက်ပေးပြီးတော့ မင်းသမီးရဲ့ အခြွေအရံတွေကို အဲဒီ ဂူဗိမာန်အနီးအနားမှာ ကျေးရွာတည်ပေးပြီး နေထိုင်စောင့်ရှောက်စေပါတယ်……. မင်းသမီးရုပ်အလောင်း မြှုပ်နှံထားတဲ့ရွာက ကိုယ်ကြီးမြှုပ်ရွာဆိုပြီး မှော်ဇာရှေးဟောင်းနယ် မြေထဲမှာ ယနေ့တိုင် ရှိနေပါသေးတယ်….

ပရိသတ်ကြီးတို့လည်း သရေခေတ္တရာမြို့ဟောင်းကို ရောက်ခဲ့ရင် မှော်ဇာရွာအနီးက ရှေးဟောင်းဘုန်းကြီးကျောင်းတိုက် အဟောင်းကြီးနဲ့ သုံးပန်လှမင်းသမီးလေးရဲ့လက်သည်းရေကန် ၊ မင်းသမီးလေးရဲ့ ဝိညာဉ်ရှိနေတယ်လို့ ယုံကြည်ယူဆရတဲ့ နတ်ကွန်းဗိမာန်တို့ကို သွားရောက်လေ့လာနိုင်ကြပါတယ်…ဒီသမိုင်းကြောင်းဟာ တကယ့်ကိုကြေကွဲစရာကောင်းတဲ့ သမိုင်းလေးပါပဲ…ပရိသတ်ကြီးတို့ ဒီထက်ပိုပြီး ပြည့်ပြည့်စုံစုံသိရအောင် အောက်မှာ ဗီဒီယိုဖိုင်လေး မျှဝေပေးလိုက်ပါတယ်….ကြည့်ကြည့်နော်…Myanmar Daily Entertainment

Videoကြည့်ရန်