တ ကယ်တော့ ရန်ကုန်မြို့ကြီးဟာ နေ့စဉ်နဲ့ အမျှ စည်စည်ကားကားနဲ့ သွားလာလှုပ်ရှား နေတဲ့ မြို့ကြီးတစ်မြို့ပါ။ မြို့သူမြို့သားများက လည်း အပူအပင်ကင်းမဲ့စွာ၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေးအဖြာဖြာမှာ စီးမျောနေကြ တာပါ။

အင်္ဂ လိပ်တို့အုပ်စိုးစဉ်ကတည်းက မြို့ပြ အဆောက်အအုံတွေ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာရုံးတွေ၊ စီးပွားရေးအဆောက်အအုံကြီးတွေကို ခိုင်ခိုင်မာမာနဲ့ တည်ဆောက်ထားခဲ့တာ ယနေ့ခေတ်အစိုးရအထိ အထင်အရှားရှိနေ ဆဲပါ။ အဲဒီတုန်းက တည်ဆောက်ခဲ့တဲ့ အဆောက်အအုံတွေက ထုထည်ကြီးမားတယ်။ အင်ဂျင်နီယာတွက်ချက်မှုအတိုင်း အချိုး အစပ် အဟပ်နဲ့ တည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။ ဒီဘက်ခေတ် တည်ဆောက်ကြတဲ့ အဆောက် အအုံတွေနဲ့ အများကြီးကွာခြားပါတယ်။

တကယ်တမ်းကျတော့ ငလျင်သုတေသန ပညာရှင်တွေရဲ့ ဖော်ထုတ်ချက်အရဆို ရန်ကုန် မြို့ကြီးဟာ ဓားသွားပေါ်မှာ လျှောက်လှမ်းနေ တဲ့ လူတစ်ဦးနဲ့ ပမာတူပါတယ်။ ဘယ်တော့ တိမ်းချော်မှုတွေရှိမယ်။ ဘယ်တော့ ဓားရှမလဲ ဆိုတာပါပဲ။

ကြိုတင်ပြင်ဆင်မှု ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနက ညွှန်ကြားရေး မှူး ဦးဝင်းရွှေရဲ့ ပြောကြားမှုအရ “ရန်ကုန် ဟာ ခရမ်းမြို့နယ်လောက်ကနေ မုတ္တမ ပင်လယ်ကွေ့အထိ စစ်ကိုင်းပြတ်ရွေ့ကြောထဲ မှာ ဝင်နေတာဖြစ်တဲ့အတွက် ကီလိုမီတာ ၃၀ လောက်အကွာမှာ ရှိနေတယ်။ အခုလက်ရှိ ရန်ကုန်ရဲ့ လူဦးရေအရဆို အထပ်မြင့် အဆောက်အအုံတွေ ပိုများလာတယ်။ လူဦးရေများလာတဲ့ အတွက် ငလျင်နဲ့ပတ်သက် တဲ့ ကြိုတင် ပြင်ဆင်မှုတွေ အတော်လုပ်ယူရဦး မှာပါ”လို့ ဆိုထားဖူးပါတယ်။

သဘာဝဓာတ်ငွေ့ အလွန်အကျွံထုတ်ယူမှု ငလျင်ဖြစ်နိုင်ခြင်းရဲ့ အကြောင်းတရား တွေထဲမှာ လူတွေက မြေအောက်ရေ (အဝီစိ တွင်းရေ) ကို လိုအပ်တာထက် ပိုမိုထုတ်ယူသုံးစွဲလာမှုတွေကြောင့်ရယ်၊ စီးပွားဖြစ် သဘာဝ ဓာတ်ငွေ့ကို အလွန်အကျွံထုတ်ယူမှုတွေ ကြောင့် ကျောက်သားအောက်မှာရှိနေတဲ့ ရေထုနဲ့ ဓာတ်ငွေ့ထုတွေက လျော့ကျသွားပြီး ကျောက်သားတွေက ရွေ့လျားလာတဲ့အနေ အထားမျိုးပါ။

ရွေ့လျားရင်းက ကျောက်ချပ် တွေ တစ်ခုနဲ့တစ်ခု တွန်းတိုက်မိကြမယ်။ တွန်းတိုက်ရင်းက တစ်ခုက အခြားကျောက်ချပ် ရဲ့ အောက်ကိုငုပ်လျှိုးသွားမယ်။ အပေါ်ရောက် သွားတဲ့ ကျောက်ချပ်ကလည်း တွန်းတိုက်လိုက် ရတဲ့အတွက် အပေါ်ကို တွန့်ခေါက်လာမယ်။ တွန်းတိုက်မှုတွေ တဖြည်းဖြည်းနဲ့များလာ တဲ့အခါ စုစည်းမိလာတဲ့အတွက် အားတွေဖြစ် လာပြီး ရုတ်တရက် တွန်းကန်မှုတွေကြောင့် ငလျင်ဆိုတာဖြစ်လာတာပါ”လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက အငြိမ်းစားအရာရှိကြီး တစ်ဦးက စကားစပ်လို့ ပြောပြထားမှုတွေကို လည်း မှတ်မှတ်သားသားရှိနေခဲ့ပါတယ်။

၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၂ ရက်ညက ရန်ကုန်မြို့မှာ လှုပ်ခတ်သွားခဲ့တဲ့ ငလျင်အဆင့် က ၄ ဒသမ ၁ အဆင့်လို့ သတ်မှတ်ခဲ့ပေမယ့် မြို့နယ်အတော်များများ အထိတ်တလန့် တွေဖြစ်ခဲ့ကြရပါတယ်။ မြို့နယ်အချို့ အထပ် မြင့်တိုက်တွေ တိမ်းစောင်းမှုဖြစ်ခဲ့ကြပါတယ်။ ၂၀၁၇ ခုနှစ် မတ် ၁၃ ရက်ကလည်း တိုက်ကြီးမြို့အနီးကိုပင် ဗဟိုပြုလို့ ငလျင် အနက် ရှစ်ကီလိုမီတာကနေ ရစ်ခ်ျတာစကေး ၅ ဒသမ ၈ အဆင့် လှုပ်ခတ်ခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံမှာ ၇ ဒသမ ၅ အဆင့်အထိ လှုပ်ခတ်ခဲ့ခြင်းလည်း ဖြစ်ခဲ့ဖူးပါတယ်။

၂၀၁၉ ခုနှစ်အတွင်းမှာတော့ နိုဝင်ဘာ ၁၂ ရက် ညက လှုပ်ခတ်ခဲ့တဲ့ ငလျင်က ရန်ကုန်မှာ အပြင်းထန်ဆုံးပါပဲ။ ရွှေတိဂုံစေတီတော် အရံ စေတီတော်က စိန်ဖူးတော်မြေခခဲ့သလို တိုက်တာအချို့ တိမ်းစောင်းမှုတွေဖြစ်ခဲ့တယ် လို့ သိရပါတယ်။

ရန်ကုန်တိုက်များရဲ့ ကြံ့ခိုင်ရေး ရန်ကုန်မြို့မှာက ၁၉၈၈ ခုနှစ်ခန့် ကတည်းက တည်ဆောက်ခဲ့တဲ့ တိုက်တွေ ပိုများပါတယ်။ ကန်ထရိုက်စနစ် ခေတ်စား ချိန်ကပါ။ အဲဒီတိုက်တွေနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာတွေက အများကြီးပါပဲ။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က အခမ်း အနားတစ်ခုမှာ အလျဉ်းသင့်လို့ ထုတ်ဖော် ပြောကြားမှု ရှိခဲ့ဖူးပါတယ်။

နှစ်ပေါင်း ၃၀ ကျော်လာ တာမွေမြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်မျိုးက မြို့နယ်ထဲက အချို့တိုက်တွေဆို နှစ်ပေါင်း ၃၀ ကျော်လာပြီ။ အဲဒီအထဲက ကြံ့ခိုင်ရေး မကောင်းတော့တဲ့ တိုက်တွေကို ကြိုတင်ကာကွယ်လို့ရအောင် စာရင်းကောက်ဖို့ လွှတ်တော်ကိုယ်စားလှယ် တွေနဲ့ ဆွေးနွေးထားပါတယ်” လို့ ဆိုထားပါ တယ်။

ရန်ကုန်မြို့မှာ လူနေထိုင်ရန်မသင့်တဲ့ အန္တရာယ်ရှိတဲ့ အဆောက်အအုံအဖြစ် သတ်မှတ်လို့ ဖျက်သိမ်းခြင်း၊ အသစ်ပြန်လည် တည်ဆောက်ခြင်းမရှိသေးတဲ့ အဆောက် အအုံပေါင်း ၉၀ ကျော်ရှိတယ်လို့လည်း ရန်ကုန်မြို့တော်ဝန်က ထုတ်ဖော်ပြောကြားမှု ကိုလည်း သည်အချိန်မှာ သွားသတိရမိပါ တယ်။

အချိန်မရွေး ပြိုကျပျက်စီးမှုတွေဖြစ်နိုင်အဲဒါနဲ့ပတ်သက်လို့ အောက်တိုဘာ ၇ ရက်က ပြုလုပ်ခဲ့တဲ့ တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ရန်ကင်းမြို့နယ် က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက အကြံပြုတင်ပြခဲ့ဖူးပါတယ်။ “ရန်ကုန်ဟာ ငလျင်ဒဏ်တွေ့ကြုံခံစားနိုင်တဲ့ ဒေသတွေထဲမှာပါပါတယ်။ နောက်မုတ်သုံ ရာသီကို အပြည့်အဝသက်ရောက်တာဖြစ်လို့ မိုးကြီးမှုကိုလည်း တွေ့ကြုံခံစားကြရပါတယ်။

ဒါကြောင့် အန္တရာယ်ရှိတဲ့ အဆောက်အအုံ ဟောင်းတွေဟာ သဘာဝဘေးကြောင့်သော် လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် သော်လည်းကောင်း အချိန်မရွေးပြိုကျပျက်စီး မှုတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အန္တရာယ်ရှိ အဆောက်အအုံများကို ဖြိုဖျက်သင့်သော်လည်း မပြုလုပ်တဲ့အတွက် အများပြည်သူတို့ အသက် အန္တရာယ်ထိခိုက်စရာများနဲ့ ကြုံတွေ့နိုင်တာ ကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အစီအစဉ်ဖြင့် ဆောင်ရွက်ပြီး ကုန်ကျစရိတ်များကို သက်ဆိုင်ရာ ပိုင်ရှင်ထံမှ တောင်းဆိုသွားသင့်ကြောင်း” အကြံပြုမှုလည်း ရှိခဲ့ပါတယ်။

အဲဒီအကြံပြုမှုနဲ့ ပတ်သက်လို့ “ လက်ရှိ အနေအထားအရ ၁၉၉၄ – ၉၅ ခုနှစ်က စပြီး ၂၀၁၃ ခုနှစ်အထိ အန္တရာယ်ရှိ အဆောက်အအုံ အဖြစ် သတ်မှတ်ထားတဲ့ အဆောက်အအုံပေါင်း ၁၆၆၇ ရှိတဲ့အနက် အဆောက်အအုံအသစ် ဆောက်လုပ်ပြီး ဆောက်လုပ်ဆဲ ၁၅၇၇ ရှိနေ ပါကြောင်း၊ ဒါကြောင့် အလုံး ၉၀ သာ ကျန်ရှိ နေသေးကြောင်း ပြန်လည်ဖြေကြားမှုလည်း ရှိခဲ့ပါတယ်။

ပါဝင်မှု အားနည်း ငလျင်အန္တရာယ်နဲ့ ပတ်သက်လို့ ကျောင်း တွေမှာ ကြိုတင်ကာကွယ်ရေးအတွက် ဟော ပြောမှုတွေ၊ ဇာတ်တိုက်လေ့ကျင့်မှုတွေ ပြုလုပ် ရတာ အဆင်ပြေပါတယ်။ ဒါပေမယ့် မြို့နယ် တွေမှာ ပြုလုပ်တဲ့အခါ မြို့ခံလူထုက ပါဝင် ပူးပေါင်းမှု အလွန်ပဲ အားနည်းပါတယ်” လို့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကိုကိုနိုင်က ၎င်းရဲ့ အတွေ့အကြုံကို ပြောပြခဲ့ဖူးပါ တယ်။

မြို့တွင်း ခြောက်မြို့နယ် (Down Town) တွေမှာ ငလျင်ဇာတ်တိုက်လေ့ကျင့်ဖို့ လုပ်ရ တာ အခက်အခဲရှိပါတယ်။ မြို့ပြလူထုက လိုက်နာမှု၊ ပါဝင်မှုတွေ အားနည်းပါတယ်။ တကယ်ဖြစ်လာရင် ဘယ်လိုကာကွယ်ရမယ်၊ ရှောင်ရမယ်ဆိုတာတွေကို အားလုံးက သိထား ဖို့ အရေးကြီးပါတယ်” လို့ ဆိုထားပါတယ်။
ရန်ကုန်မြို့မှာ ၂၀၁၉ ခုနှစ်အတွင်း ငလျင် နဲ့ပတ်သက်လို့ အသိပညာပေးဟောပြောမှုတွေ အကြိမ် ၅၀ ပြုလုပ်ခဲ့သလို ဇာတ်တိုက်လေ့ကျင့် မှု ငါးကြိမ်ပြုလုပ်ပေးနိုင်ခဲ့တယ်လို့ သိထားရပါ တယ်။

ကြီးမားတဲ့ ဆုံးရှုံးမှုတွေ အမှန်တကယ်တော့ အားလုံး သိထားပြီး သားပါ။ မိုးရွာမယ်၊ လေတိုက်မယ်ဆိုတာ ကြိုတင်ခန့်မှန်းတွက်ချက်လို့ အသိပေးလို့ ရပေမယ့် ငလျင်ဆိုတာ ဘယ်နေ့ ဘယ်အချိန် ထဖြစ်မယ်လို့ လုံးဝမသိနိုင်တဲ့ သဘာဝဘေး အန္တရာယ်တစ်ရပ်ပါ။ တကယ်တမ်း ပြင်းပြင်း ထန်ထန်ဖြစ်လာပြီဆို ကြီးမားတဲ့ ဆုံးရှုံးမှုတွေ နဲ့ ရင်ဆိုင်တွေ့ကြုံကြရမှာပါ။ ဒါကြောင့် ဟောပြောပွဲတွေကို လာရောက်ကြပါ။ ကြိုတင် ဇာတ်တိုက်မှုတွေမှာ စိတ်ဝင်တစားပါဝင်ကြပါ လို့ တိုက်တွန်းနှိုးဆော်ချင်ပါတယ်” ဟု ဆိုသည်။

သက်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ငလျင်ရဲ့ အတွေ့အကြုံ ဖြစ်လေ့ဖြစ်ထရှိတဲ့ အန္တရာယ် အတွက် ဟောပြောမှုတွေ၊ ကြိုတင်ဇာတ်တိုက် လေ့ကျင့်မှုတွေ တစ်နှစ်ပတ်လုံး လုပ်ဆောင်နေ ပါတယ်။ စကားတစ်ခုနဲ့ ဥပမာပေးပြောရရင် “ချွေးထွက်များမှ သွေးထွက်နည်းမယ်” ဆိုတဲ့ စကားကို အသိပညာပေးဟောပြောမှု တွေ ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုတွေမှာ စိတ်ပါဝင်စားစွာနဲ့ တက်ရောက်ပါဝင်ကြဖို့ အထူးလိုအပ်သလို တိုက်တာများ တည်ဆောက်ရာမှာလည်း သက်ဆိုင်ရာဌာန အသီးသီရဲ့ သတ်မှတ် စည်းကမ်းများနဲ့အညီ တည်ဆောက်ခြင်းဖြင့် မမြင်နိုင်သော၊ မသိနိုင်သော သဘာဝဘေးအန္တရာယ်မှ ဆိုးကျိုးများကို နည်းနိုင်သမျှ နည်းကြစေရန် ရန်ကုန်ပြည်သူလူထုက ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြပါစို့” လို့ တိုက်တွန်းရေးသား လိုက်ရပါကြောင်း။တင်ဝင်းလေး/သျှင်မင်းသျှင်