ကို ရီးယား ရုပ်ရှင်ဇာတ်လမ်းမျိုးစုံကလည်း အင်မတန် ကြည့်လို့ ကောင်းသလို ကိုရီးယားအစားအသောက်တွေကလည်း စားလို့ ကောင်းပါတယ်။ မြန်မာနိုင်ငံက လူငယ်အများစုကတော့ နိုင်ငံအသီးသီးက အစားအသောက်တွေကို ခုံမင်စွာ စားသောက်တတ်ကြပါတယ်။
တောင်ကိုရီးယား ရုပ်ရှင်ဇာတ်လမ်းတွေနဲ့အတူ အစားအသောက်တွေပါ မြန်မာနိုင်ငံကို ရောက်ရှိလာပါတယ်။ တောင်ကိုရီးယားရုပ်ရှင်တွေကို ကြည့်တတ်တယ်ဆိုရင် ကိုရီးယားရဲ့ ရိုးရာအစားအစာ တစ်ခု ဖြစ်တဲ့ ဂင်ချီကိုလည်း ကြိုက်နှစ်သက်ကြမှာပါ။
ဂင်ချီဆိုတာကတော့ အသီးအရွက်တွေကို အချဉ်ဖောက်ထားတဲ့ စားစရာ တစ်ခုဖြစ်ပြီး အစားအသောက်ဝိုင်းတွေမှာ ထည့်သွင်းစားသောက်နိုင်ပါတယ်။ အအီပြေစေပြီး အစာချေစနစ်ကို ကောင်းမွန်စေတာကြောင့် ဂင်ချီနဲ့ဆို အစားအသောက်တွေက ပိုမြိန်နေပါတတ်ပါတယ်။ ဒါကြောင့် ဂင်ချီတွေကို မြန်မာနိုင်ငံမှာလည်း ဝယ်ယူ စားသုံးလျက် ရှိကြပါတယ်။
ပြင်ပမှာ ဝယ်ယူတာက ကိုယ်တိုင်လုပ်တာထက် ဈေးကြီးနေလေ့ရှိပါတယ်။ ဂင်ချီဆိုရင် ပြင်ပမှာ ဝယ်ယူရတဲ့ ဈေးနှုန်းထက် အိမ်မှာ ပြုလုပ်တာက ၂ဆ ၃ဆ လောက် ကုန်ကျစရိတ် သက်သာပါတယ်။ ဒါကြောင့် ကုန်ကျစရိတ် သက်သာစေမယ့် အိမ်မှာ အလွယ်တကူ ပြုလုပ်လို့ ရတဲ့ ဂင်ချီ ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ရပါတယ်။
လိုအပ်သော ပစ္စည်းများ
မုန့်ညှင်း – အလယ်အလတ်အရွယ် ၂ထုပ်
မုန်လာဥနီ – အသေး တစ်လုံး
ကျူးဆိုင် သို့ ကြက်သွန်မြိတ် – အနည်းငယ်
ဆား – လိုသလို ထည့်ရမည်
ကြက်သွန်နီ – ပုံမှန်အရွယ် တစ်လုံးနဲ့ တစ်ဝက်
ကြက်သွန်ဖြူ – ကြက်သွန်နီနဲ့ အချိုးတူ
ဂျင်း – လက်တစ်ဆစ်ရဲ့ တစ်ဝက်လောက်
ပုဇွန်ခြောက်အငန် – ထမင်းစားဇွန်း ၁ ဇွန်းစာ
ကိုရီးယား ငရုတ်သီးမှုန့် – ထမင်းစားဇွန်း ၇ ဇွန်း
ဆန်စိမ်းမှုန့် – ထမင်းစားဇွန်း ၂ ဇွန်း
ငါးငံပြာရည်အချို – ထမင်းစားဇွန်း ၃ ဇွန်း
ပြင်ဆင်ခြင်း
ပထမအဆင့် – မုန်ညှင်းဖြူ အထုပ်ကို အောက်ခြေကနေ လေးပိုင်း ခွဲထုတ်ရပါမယ်။ လေးပိုင်းဖြစ်သွားတဲ့ မုန်ညှင်းရွက်တွေ တစ်ရွက်ချင်းစီ ကြားတွေထဲ ဆားတွေ ဖြူးရပါမယ်။ ပြီးရင် ရေ အနည်းငယ်နဲ့ စိမ်ထားရပါမယ်။ နာရီဝက် တစ်ခါ အပေါ်အောက် လှည့်ပေးဖို့တော့ လိုအပ်ပါတယ်။
ဒုတိယအဆင့် – မုန်လာဥနီတွေကို အမြှောင်းလိုက် ခပ်ပါးပါး လှီးထားပါ။
တတိယအဆင့် – ပုဇွန်ခြောက်အငန်ကို ပန်းကန်လုံး အသေးဖြင့် ရေအနည်းငယ်ထည့်၍ စိမ်ထားပါ။
စတုတ္ထအဆင့် – ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း ကို Blender ဖြင့် ညက်အောင် ပြုလုပ်ပါ။ Blender မရှိလျှင် နှုတ်နှုတ်စင်းပြီး ညက်အောင် ထောင်းပါ။ ရေစိမ်ထားတဲ့ ပုဇွန်ခြောက် ပျော့သွားရင် အဖက်တွေကို ဆယ်ပြီး ရောထောင်းပါ သို့ ရောကြိတ်ရပါမယ်။
ပြုလုပ်နည်း
မုန့်ညှင်းက ကြွပ်မနေတော့ပဲ နွမ်းတဲ့အခြေအနေရောက်နေရပါမယ်။ မုန့်ညှင်းနွမ်းပြီဆိုရင် မုန်ညှင်းမှာ ဖြူးထားတဲ့ ဆားတွေကုန်အောင် ရေနဲ့ ပြန်ဆေးရပါမယ်။ ဆေးပြီးရင် မုန်ညှင်းမှာ ရေမကျန်အောင် ညှစ်ထားရပါမယ်။
အနှစ်အတွက် ဆန်အစိမ်းမှုန့်ကို ရေအနည်းငယ်ထည့်ပြီး မီးအေးအေးနဲ့ မပျစ်မကျဲ အနေအထားရောက်အောင် ကြိုရပါမယ်။ ပြီးရင် ညက်အောင် ထောင်းထားတဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းနဲ့ ပုဇွန်ခြောက်ထောင်းထားတဲ့အနှစ်ရယ်၊ ငရုတ်သီးမှုန့်ရယ်၊ ငါးငံပြာရည်အချိုရယ်၊ ဆန်မှုန့်ကြိုထားတာရယ်ရောနယ်ပြီး အနှစ် ပြုလုပ်ရပါမယ်။ ပြီးရင် မထူမပါး အချောင်းလေးတွေ လှီးထားတဲ့ မုန်လာဥနီတွေနဲ့ အနှစ်တွေထပ်ပြီး ရောနယ်ရပါမယ်။
အကယ်၍ ကြက်သွန်မြိတ်နဲ့ ကျူးဆိုင် ထည့်မယ်ဆိုလည်း ရသလို မထည့်လည်း ရပါတယ်။ ဒါဆို အနှစ်ရပါပြီ။ ဆန်အစိမ်းမှုန့်ကိုတော့ မွှေး တံဆိပ်ကိုလည်း အလွယ်တကူ ဝယ်ယူလို့ ရနိုင်ပါတယ်။ ငရုတ်သီးမှုန့်အတွက်တော့ Pro Mart ကနေ ဝယ်ယူလို့ ရပါတယ်။
နောက်တစ်ဆင့်အနေနဲ့ကတော့ မုန်ညှင်းတွေကို တစ်လွှာချင်း ဆားဖြူးသလိုပဲ ပြုလုပ်ထားတဲ့ အနှစ်တွေနဲ့ တစ်လွှာချင်း နယ်ရမှာ ဖြစ်ပါတယ်။
မုန်ညှင်းတွေအကုန်လုံးကို အနှစ်တွေနဲ့ နယ်ပြီးရင်တော့ အနေတော် ဗူးထဲကို ထည့်ပြီး သိပ်ထားရပါတယ်။ အဲ့ဒါပြီးရင် အခန်းအပူချိန်မှာ တစ်ရက်ထားရပါမယ်။ တစ်ရက်ကြာတဲ့အခါမှာ အချဉ်ပေါက်လာပြီး အရည်တွေနဲ့ အမြှုပ်တွေ ထွက်လာတာကို မြင်ရမှာပါ။ အဲ့လို ဖြစ်ပြီဆိုရင် အရသာကို မြည်းကြည့်ပြီး ရေခဲသေတ္တာထဲ ထည့်ထားပြီး လိုအပ်သလို သုံးဆောင်လို့ ရသွားပါပြီ။
အားလုံးပဲ အဆင်ပြေကြပါစေနော်….
Written by Kham
Credit to Aunty May