ကိုယ်ကျိုး စီးပွားအ တွက် ရန်ကုန် ကို ရောင်းမစား ခဲ့သူ (သို့) ရန်ကုန် တိုင်း ဝန်ကြီးချုပ် ကွီးဖြိုး

ကျနော် သည် ကွီးဖြိုးကို အစဉ်တစိုက် ထောက်ခံခဲ့သူဖြစ်သည်။ သို့သော် သူ့အကြောင်းများကို မရေးဖြစ်တာကြာပီ။ အခုတော့ သူ့ကို စွပ်စွဲပြစ်တင် ဖြုတ်ချတော့မည်ဆိုပါလား။

သူသည် ရန်ကုန်သမိုင်းတလျှောက်တွင် အလုပ်လုပ်ဆုံးသော ဝန်ကြီးချုပ်တယောက်ဖြစ်သည်။ လုပ်သမျှ အချို့ အရာမထင်ခြင်းကြောင့်လဲ ဝေဖန်ခံရသည်။ သို့သော် သူသည် ရန်ကုန်အပေါ် စေတနာရှိလှကြောင်း ကျနော် သိခဲ့သည်။

ငယ်စဉ်ကျောင်းသားဘဝထဲက ထောင်တွင်းတွင် ၁၅နှစ် ပြည်သူ့အတွက် ပေးဆပ်၊ မဟုတ်မခံတတ်သည့် လူငယ်တဦး၊ မတရားသဖြင့် အပုတ်ချသော မီဒီယာကို ဒဲ့ရင်ဆိုင်သည့်အတွက် အမြဲလို တိုက်ခိုက်ခံရသူ၊ ပြောစရာရှိလျှင် ပြတ်ပြတ်ပြောရဲသူ၊ ကိုယ်ကျိုးစီးပွားအတွက် ရန်ကုန်ကို ရောင်းမစားခဲ့သူ။

သို့သော် သူသည် ပြည်သူနှင့် ပတ်သက်လာလျှင်မူ သည်းခံစွမ်းအား ကြီးမားသည်။ မြန်မာနိုင်ငံ၏ Troll group များတွင် အသုံးပြုခံရမှု အများဆုံးသူ၊ နည်းပေါင်းစုံဖြင့် လှောင်ပြောင်ဟာသပြုကြမှုများကို အရေခွံထူထူဖြင့် လက်ခံသူ။ ဘယ်ပြည်သူကိုမှ သူ့အပေါ် ဝေဖန်ပျက်ရယ်ပြုကြမှုများအတွက် အရေးမယူတတ်သူ။ ရယ်မလို ပြုံးမလို မျက်နှာပေးနောက်က ခွဲစိတ်ထားရသော ယိုင်နဲ့နဲ့ နှလုံးသားနဲ့ ခွင့်လွှတ်တတ်သောသူ။

ယခုတော့… အို ကြည့်လိုက်ကြပါဦး။ စွပ်စွဲပစ်တင်မည်ဟူသော အသံကြားရုံနဲ့ သူ့ရှေ့က ထွက်ရပ်ကြသူ ပြည်သူတွေ။ Troll ခဲ့ကြသူတွေ၊ ဟာသလုပ်ဖူးကြသူတွေ၊ ဝေဖန်ကြဖူးသူတွေအကုန် ရရာပုံတွေ ဆွဲတင်။ ကွီးဖြိုးနဲ့ အတူ ရှိပါသတဲ့လား။ we love kwee phyo ဆိုတာ ဒါပဲ ထင်ရဲ့။ ပြည်သူတို့၏ ခုခံစွမ်းကို အံ့အားသင့်ကြရသည်။

ငါတို့သာ ဟာသပြုချင်ပြုမည်။ အရေးကြုံတော့ လာမထိကြနဲ့ဆိုသော ပြည်သူတို့၏ နိုင်ငံရေး ရေချိန်မြင့်မားကြမှုများကြောင့် ဝမ်းသာ ကြရပါသည်။ စွပ်စွဲသည်ဖြစ်စေ မစွပ်စွဲသည်ဖြစ်စေ သူကတော့ ရန်ကုန်မြို့သားများ၏ မေတ္တာကို သိမ်းကြုံးရယူထားသူဖြစ်သည်။ ပြည်သူတွေ ဝေဖန်ခြင်းကို အခွင့်အရေးရပီဟု ထင်မှတ်ကြသူများကို ပြည်သူများက ပညာပေးကြလိမ့်မည်။

နောက်တနှစ် သူ ရွေးကောက်ပွဲဝင်ရန် သူ့နှလုံးသား၏ အခြေအနေကြောင့် မသေချာ။ သေချာသည်က ရွေးကောက်ပွဲဝင်လျှင် ပြည်သူများက တခဲနက် မဲပေးကြမည်မှာ အမှန်ဖြစ်သည်။

ဤတပွဲတွင်တော့ ကျနော်သည် ကွီးဖြိုးနှင့်အတူ ထပ်တူ ရပ်တည်ပါသည်။ (Nay Thway)