တက္ကစီကား ပိုင်ရှင် ပြောပြလာ တဲ့ YBS (၄၀) ယာဉ်တိုက် မှု မှာ ဆုံးပါးသွားတဲ့ ယာဉ်မောင်းလေးရဲ့ ဘဝ

ကျနော် တို့ ကံကောင်းပါရစေ…

ကျနော်စာမရေးဖြစ်တာကြာပြီ။ Covid 19 ကပ်ရောဂါကြောင့် ကျနော်တို့မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာနှင့်အ၀ှမ်းစိတ်မချမ်းမြေ့ဘွယ်ရာဖြစ်နေကြချိန် စာရေးချင်စိတ်မရှိဖြစ်နေတာ။ ကျနော့စာဖတ်ပီးရင်လည်း အသိမိတ်ဆွေတွေက၀မ်းနည်းကြေကွဲရကြောင်း ပြန်ကြားရတော့ရေးချင်ပေမဲ့မရေးဖြစ်ခဲ့ပါဘူး။ အခုတော့ရေးရပါပြီ။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ သုံးလေးရက်က ရန်ကုန်မြို့ ဆင်မလိုက်အနီး ဘူရင့်နောင်လမ်းမကြီးပေါမှာ YBS 40 Bus နဲ့ တိုက်မိပြီး လူ ၃ ဥိးသေဆုံးခဲ့ရတဲ့ Taxi FF-2574 ပိုင်ရှင်ဟာ ကျနော်ဖြစ်နေခဲ့လို့ပါဘဲ။ ကျနော် ယူကြုံးမရ နှမြောဝမ်းနည်း စွာဖြင့်ဘဲ ဒီစာကိုရေးရပါတော့မယ်။

မှတ်မှတ်ရရ ဇွန်လ ၂ ရက်နေ့ မနက် ၇ နာရီကျော်လောက်မှာ ကျနော်အိမ်ဖုန်းမှာ call ထ၀င်လာပါတယ်။ ကျနော်အိပ်ယာဝင်နောက်ကျတော့ မထချင်ထချင်နဲ့ အိပ်ယာကထ ဖုန်းကို သွားကိုင်လိုက်တော့ လူတစ်ယောက်နာမည်ပြောပါတယ်။ ကျနော်သိတဲ့နာမည်မဟုတ်တော့ ဖုန်းမှားနေတယ်ပြောပီး ချက်ချင်းဖုန်းချပစ်လိုက်ပါတယ်။ ကျနော်အိပ်ယာနားမရောက်မီ ဖုန်းထပ်ဝင်လာပြန်တယ်။ ဖုန်းကောက်ကိုင်လိုက်တာနဲ့ဘဲ တဘက်ကအသံရှင်က “FF 2574 ကားသိလား”တဲ့…

ကျနော့်ကားနံပါတ်တွေ သိတာပေါ့ “ဟုတ်ပါတယ် ကျနော့ကားပါ” အခုမနက် “အဲဒီကား ယာဉ်တိုက်မှုဖြစ်လို့ပါ” လို့တဘက်ကပြောလိုက်တော့… ကျနော်အိပ်ချင်စိတ်ပျောက်သွားပါပီ… ကျနော်ချက်ချင်းဘဲ တဘက်ကို “ကျနော့်ယာဉ်မောင်းနဲ့ စကားပြောချင် ပါတယ်” လည်းပြောလိုက်ချိန်… “ယာဉ်မောင်း ဆုံးသွားပါပီ” ကျနော်ရဲ့အသိစိတ်တွေ ဝေးဝါးသွားပါပီ။ ကျနော်ကိုင်ထားတဲ့ဖုန်းကို လက်နှစ်ဘက်နဲ့ ကျစ်ကျစ်ပါအောင်ဆုပ်ပီး စကားပြန်မပြောနိုင်အောင် တစ်ကိုယ်လုံးတုန်ရီနေပီ။ ကျနော်နောက်ဆုံးကြားလိုက်တာကတော့ ရဲအုပ်ကသူ့ရာထူးနဲ့နာမည်ပြောပီး လှည်းတန်းယာဉ်ထိန်းစခန်းကို လာရောက်ဆက်သွယ်ဘို့ပါဘဲ။

ကျနော့သားလေးကနိုးလာပီး… “ဒယ်ဒယ်ဘာဖြစ်တာလဲ” လို့မေးလာချိန် သားရေ အိမ်ကကား accident ဖြစ်လို့တဲ့ ယာဉ်မောင်း မောင်ကျော်ဇော်လည်းဆုံးသွားရှာပြီ။ ​သားလည်းခဏငြိမ်သွားတယ်။ ၀မ်းနည်းကြေကွဲတဲ့အသံနဲ့ အဖေကိုနှစ်သိမ့်ရှာတယ်။ အဖေတစ်ခု သားတစ်ခုဘ၀မှာ အားပေးနှစ်သိမ့်ပေးဖို့လူ အနားမှာ ရှားမှရှားဘဲလေ။ “ဒယ်ဒယ် ဖုန်းသတင်းဆိုတော့ အမှန်လို့ပြောမရနိုင်ဘူး ။ ရဲစခန်းလိုက်ပီး confirm လုပ်ရအုံးမှာလေ” “အေးပါ သားရယ်။ ကော်ဖီတစ်ခွက်ပူပူလေး လုပ်ပေးပါ” ကျန်ာမျက်နှာသစ် ကော်ဖီကိုကမန်းကတန်းသောက်ပီး ကားစက်နိုးထွက်တော့ သားမျက်နှာငယ်နဲ့ ကျန်ခဲ့တယ်။ လမ်းမှာ ဂရုတစိုက်မောင်းသွားဘို့လည်း စိုရိမ်ကြီးစွာမှာရှာတယ်။ လမ်းမှာတော့ဆုတောင်းမိပါသေးတယ်။ သားပြောသလိုသတင်းအမှားဖြစ်ပါစေပေါ့။

ဒါပေမဲ့ ဆုတောင်းမပြည့်ခဲ့ပါဘူး။ တာဝန်ကျရဲအုပ်ကို ၀င်တွေ့တော့ ကျနော့်ကားနဲ့ပါတ်သက်တဲ့စာရွက်စာတမ်းတွေထုတ်ပြပီး ယာဉ်မောင်းနာမည် ကိုမေး၊ အတည်ပြုပါတယ်။ ကျနော်ဝမ်းနည်းစွာဖြင့်ရဲအုပ် သိလိုသမျှ မေးသမျှဖြေပီး ကျနော့ကားနဲ့ ယာဉ်မောင်းကိုမေးတော့။ အားလုံးသယ်ယူသွားကြပါပြီတဲ့။ ကားကို ကရိန်းနဲဆွဲပီး ယာဉ်မောင်းနဲ့အတူ ခရီးသည် ၂ ဦးပါပေါင်း ၃ ဦးဆုံးကြောင်းသိလိုက်ရပါတော့တယ်။ ဆိုးရွားလွန်းတဲ့ ဖြစ်စဉ်ပါဘဲ။

တကယ်တော့ ကျနာ့်ယာဉ်မောင်းလေးဟာ ရိုးသားလွန်းတဲ့ သစ္စာရှိတဲ့ လူကောင်းတစ်ယောက်ပါ။ သူ့တတ်ကျွမ်းတဲ့အလုပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုပီး မိသားစုကိုလုပ်ကျွေးနေရသူပါ။ ကျနော်နဲ့လက်တွဲလာတာ ၂ နှစ်နီးပါးရှိပါပီ။ ကျနော့မိသားစုနဲ့ပါ ရင်းနီးခင်မင်နေပါပီ။ အခုလို ခေတ်ကြပ်ကြီးမှာ ယာဉ်မောင်းနဲ့ ယာဉ်ပိုင်ရှင်အဆင်ပြေကြ သင့်တင့်ကြတယ်ဆိုတာ အတော်ရှားနေပါပီ။

သားက ကျနော်တို့စီးပွါးရေးကို စိတ်မ၀င်စားသလိုရှိပေမဲ့ ဒယ်ဒယ့်ယာဉ်မောင်းတွေထဲ့မှာ သားသဘောကျတဲ့ ကောင်းတဲ့သူနှစ်ယောက်ဘဲ ရှိတယ်တဲ့ ။ ကိုကြီးကျော်ဇောနဲ့နောက်တစ်ယောက် ဦးကြည်ဝင်းဆိုတဲ့ဦးလေးကြီးတဲ့။ ကြာပါပြီ။ ဦးကြည်ဝင်းက သားဆယ်တန်းလောက်ကတည်းက မောင်းခဲ့တဲ့ ယာဉ်မောင်းတစ်ဦးပါ။ သားဘဲ ဆရာဝန်ဖြစ်တော့မယ်။ ယာဉ်မောင်းပေါင်းမြောက်များစွာထဲက မောင်ကျော်ဇော်ကို သူအသိအမှတ်ပြုပေးတယ်။ တကယ်လည်းသဘောကျစရာကိုး။

ကျနော်ကစစ်သားပီပီ တခါတရံအပြောကြမ်းတယ်။ တဘက်သားနားဝင်မချိုဘူး။ မောင်ကျော်ဇော်ကလည်း အညာသားပီပီ ဒဲ့ဘဲ။ “ဆရာမကြိုက်ရင် ကားပြန်သိမ်းလေ” တဲ့ “ကျနော်က ကားဘဲမောင်းစားတတ်တာ။ ဆရာ့ကားမရှိရင် အခြားကား ရှာမောင်းရမှာဘဲ” သူ့အပြော။ အော် ကျနော် စစ်သားလူထွက် ပင်စင်စား ဘာလုပ်တတ်တာမှတ်လို့။ ကုသိုလ်လည်းရ ၀မ်းလည်းဝတဲ့ ဒီအလုပ်ကို တသက်လုံးလုပ်စားမဲ့သူ။ ဒီလို အလုပ်ကိုစွဲမြဲစွာ ရိုးရိုးသားသားလုပ်မဲ့သူ ကျနော် ဘယ်မှာရှာရနိုင်မှာလဲ။ သူတင်နိုင်သမျှကားစပေါ်လက်ခံပီး သူ့နှစ်သက်ရာကားကို ဦးစားပေးခဲ့တာပါဘဲ။ သူက ပုဂံညောင်ဦး ကျနော်က ပခုက္ကူ။ အညာသားသံယောစဉ်လည်းပါမှာပေါ့လေ။

မဆုံးမီရက် ည ၈ နာရီလောက် အိမ်ရောက်လာခဲ့တယ်။ ၁၀ ရက်တခါ အုံနာကြေးလာပေးတာ။ သူလာရင် မနက်စောစော ဖြစ်ရင်ဖြစ် မဖြစ်ရင် ညနေမိုးချုပ်ဘဲ။ တခါတရံ ကလေးနဲ့သူ့ဇနီးခေါ်လာတတ်ပါတယ်။ ညကြီးမိုးချုပ်ခေါ်လာရင် ဆူရတယ်။ မင်းအခုပြန်ပို့ ဘာဖြစ်လို့ ကလေးတွေလျှောက်ခေါ်နေတာရတာလဲ ပြောရတယ်။ အဲဒီနေ့က အိမ်ပေါ်တက်လာတယ်။ အုံနာကြေးပိုက်ဆံ ကျနော့ရှေ့မှာ သူရေပေးတယ်။ ကိုဗစ် ကာလမှာ သူကိုယ်တိုင်ရေပေးတယ်။ ခရီးသည်ပေါင်းစုံဆီက ပိုက်ဆံဖြစ်လို့ ကျနာ့်ကိုပေးမရေစေဘူး။ ပီးစားပွဲပေါ် တင်ပီး ပိုက်ဆံကို ပိုသတ်ဆေးဖြန်သေးတယ်။

သူမရဲတရဲနဲ့ မျက်နှာအောက်ငုံ့ပီးပြောရှာတယ်။ “ဆရာ အားတော့နာပါတယ် ။စကားပြောစရာရှိလို့ပါ” “ပြော,,, မောင်ကျော်ဇော”ဆိုတော့ “ကျနော် အိမ်ငှားခပေးဘို့ လိုနေလို့ ကားစပေါ်ထဲက တစ်သိန်းလောက်ပြန်ထုတ်ပေးဘို့ပါ” ကျနော် ခဏစဉ်းစားတယ်။ ဒီ ကိုဗစ် ကာလမှာရော အခြား သင်္ကြန်လိုရုံးပိတ်ရက်ရှည်တွေမှာရော တခါမှရက်မပျက်ခဲ့ဘူ။ သူ့ဘာသာ ကားမထွက်ချင်သာနေမယ် အုံနာခ မပျက်စေရဘူး။ ကားဆွဲမကောင်းဘူးလို့လည်း တခါမှမငြီးငြူဘူး။ ကျနော်က ၀တ္ထရားအတိုင်း ကားဆွဲရတာအဆင်ပြေလားလို့မေးရင် ဖေါက်သည်ရှိလို့ အဆင်ပြေပါတယ်ဆရာဘဲ။

မှတ်မိတာကတော့ သူ့ရဲ့သားလေးမွေးတဲ့အချိန် သုံးလေးရက်ဘဲပျက်ဘူးတယ်။ ဒါကျနော်က အနားခိုင်းလို့။ ကလေးမီးဖွားချိန် ဇနီးအနားနေဘို့တိုက်တွန်းလို့။ သူ့အလုပ်ရှင်ဘက်ကို အမြဲတွေးတတ်သူပါ။ အခွင့်အရေးမယူ ၊တာဝန်သိသူပါ။ “အေးလေ မောင်ကျော်ဇော လိုနေတာ ဆရာထုတ်ပေးမှာပေါ့” တဆက်တည်း ကျနော်က “ထုံးစံအရတော့ ကားစပေါ်ပြည့်အောင်ပြန်တင်ပေးရမယ်” ဆိုတော့… သူအားရ၀မ်းသာစွာနဲ့… “ဆရာရယ် ကျေးဇူးတင်ပါတယ်။ တလတစ် တစ်သောင်းလောက် ခွဲပီးပြည့်အောင်ဆပ်သွားပါ့မယ်” တဲ့ ကျနော်အခင်းဖြစ်တဲ့နေ့ ၉ နာရီခွဲမှာတွေ့ဘို့ချိန်းခဲ့တာပါ။ သူ့အကူအညီတောင်းတဲ့ ငွေတစ်သိန်းပေးမှာလေ။ သူလောကကြီးကနေ ၆ နာရီကျော်ခန့်မှာ ပြင်းထန်ဆိုးရွားလွန်တဲ့ဝေဒနာကို မချိမဆန်ခံစားပီးထွက်ခွါသွားရှာပီ။

နောက်ဆုံးအခွင့်အရေးတောင်းသွားရှာတဲ့ ချစ်တပည့်ဆန္ဒမဖြည့်ဆည်းပေးလိုက်ရတာ ၀မ်းနည်းလို့မဆုံပါဘူး။ မျက်နှာငယ်နဲ့ကျန်ခဲ့ရှာတဲ့ဇနီးငယ်လေးနဲ့ ဥမမယ်စာမမြောက် ကလေးနှစ်ယောက်နေရေး၊ စားရေး စိတ်ဖြောင့်ပါမလား။ တမလွန်ကနေ တွေးပူနေရှာလေမလား။ ၀မ်းနည်းတယ်တပည့်ရေ။ ဒီလိုအပြစ်မဲ့တဲ့ လူကောင်းတွေ၊ တိုင်းပြည်ရဲ့ချမှတ်တဲ့ တည်မြဲ့အမိန့်နဲ့စည်းကမ်းလိုက်နာ၊ တရားဥပဒေဘောင်အတွင်းကသာ နေထိုင်လုပ်ကိုင်စားသောက်ကြတဲ့ အပြစ်မဲ့ပြည်သူတွေဘ၀ စည်းကမ်းမဲ့သူ၊လောဘဒေါသနဲ့မောဟ များတဲ့ လူရမ်းကားအချို့တွေကြောင့် ထိခိုက်ပျက်စီးရတာ ဘယ်သူကိုအပြစ်ပြောရမလဲ။ ကံကြမ္မာကိုဘဲ ယိုးမယ်ဖွဲ့ရတော့မှာလား။

ကျနော်ကား၊ ယာဉ်မောင်းနဲ့အတူ မချိမဆန့်၊ ရုပ်ပျက်ဆင်းပျက် နာကြင်စွာထိခိုက်ဆုံးပါးခဲ့ရတဲ့ မောင်နှမကရော… တာဝန်ကျရဲအုပ်က ပထမသတင်းအတိအကျမသိပါဘူး။ ခရီးသည် ၂ ဦး အမျိုးသားနဲ့အမျိုးသမီးလောက်ဘဲသိတာပါ။ နောက်နေနဲနဲမြင့်မှ Dead body ဆေးရုံကြီးကယူဘို့သေဆုံးစာရင်းထောက်ခံချက်လာယူတဲ့ ဆင်းရဲနွမ်းပါးတဲ့အဖိုးကြီး။ သူ့သမီးနဲ့သားပါလို့ပြောပီး မှတ်ပုံတင်အသစ်လေးတွေကိုင်ပြမှ ။ အော်ဖြစ်ရလေ… ကျနော် ဘာပြောရမှန်းမသိတော့ပါ။ ကျနော့်က taxi ပိုင်ရှင်ပါလို့ပြောလိုက်တော့ မျက်ရေတွေပိုးပိုးပေါက်ပေါက်ကျပီး “ကျနော့သားလေးနဲ့သမီးလေးက မိဘကိုလုပ်ကျွေးနေကြတာပါဗျာ” “သူတို့အမေက ရောဂါသည် အခုအိမ်မှာ မနေဘူး၊ သူပါလိုက်သေမယ်ဖြစ်နေတယ်” “ကျနော်တို့မိအိုဖအိုကြီးတွေဒုက္ခရောက်ပါပီ”

ကျနော့ရင်ထဲမှာမချိဘူး။ ဘယ်လိုနှစ်သိမ့်ရမှာလဲ။ “ဦးရယ် ကျနော့ယာဉ်မောင်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအတိုင်းမောင်းတတ်တဲ့သူပါ။ aသာက်စားပျော်ပါးတတ်တဲ့သူလည်းမဟုတ်ပါဘူး” “ဟုတ်ပါတယ်။ အိမ်ကကလေးတွေက စီးနေကျငှားနေကျကား ရင်းနီးနေကြသူတွေပါ၊ တဘက်ကားက ရိုင်းရိုင်းစိုင်းစိုင်းရက်ရက်စက်စက် လာတိုက်လို့ဖြစ်တာပါ” တဲ့… အခုတော့ ငယ်ရွယ်နုပျို ကျန်းမာသန်စွမ်းတဲ့အချိန်မှာ ဥပစ္ဆေဒကံဆိုတဲ့ အဖြ၀်ဆိုးကြီးကို တပြိုင်တည်းတချိန်တည်းခံလိုက်ကြရရှာပီ။ ရင်သွေးနှစ်ဦးတပြိုင်တည်းအဖြစ်ဆီုးကြုံရတဲ့ မိဘနေရာ ၀င်ခံစားလို့ရနိုင်ပါ့မလားဗျာ။

ကျနော်စာရေးနေချိန်မှာ ကျနော်ကားလေးလည်း ကားသင်္ချိုင်းကိုရောက်နေပါပြီ။ သွားလည်းမကြည့်ချင်တော့ပါဘူး။ ဒီကားလေးက ကျနောရဲ့သွားလေသူချစ်ဇနီး အမြတ်တနိုးဝယ်ထားခဲ့တဲ့ကားပါ။ Probox taxi တွေရောင်းပီး fielder taxi ကားတွေနဲ့ အစားထိုးတော့ ဒီကားကို ပထမဆုံးဝယ်ခဲ့တာပါ။ ကျန်တဲ့ကားတွေသာ အလဲအထပ်၊ အရောင်းအ၀ယ်လုပ်မယ်။ သူ့ထားခဲ့တဲ့ကားကို ဒီအတိုင်းဘဲရှိစေချင်လို့ လာဝယ်သူတိုင်းကိုငြင်းခဲ့တာပါ။ အခုတော့ ကားရယ်လို့ပြောဘို့ခက်လောက်အောင် စုတ်ပြတ် ကြေမွပျက်စီးသွားခဲ့ရပြီ။ ပင်စင်စားကျနော်တို့လိုလူတွေအဖို့ ပစ္စည်းတစ်ခုထူထောင်ဘို့ရာလွယ်ကူလှတာမဟုတ်ပါဘူး။ သက်စွန့်ဆံဖျား ပင်လယ်ရပ်ခြားမှာရှာဖွေရသမျှ ဇနီးဖြစ်သူ စုစောင်းထိန်းသိမ်းတတ်လို့သာ ဒီလိုကျန်ခဲ့တာ။ အခုတော့ နှမြောဝမ်နည်းစွာနဲ့ဘဲ ပစ္စည်းသင်္ခါ လူသင်္ခါမှတ်ယူရတော့မှာပါဘဲ။

ကျနော်က ကားလုပ်ငန်းလုပ်တော့ တစ်စုံတစ်ရာပြဿနာပေါ်ခဲ့လျှင် ကျနော့ငယ်သူငယ်ချင်း ယခင်မော်တော်ယာဉ်ထိန်းဌာနမှာ ရဲအုပ်အဆင့်နဲ့နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့ ရန်ကုန် မန္တလေးမြို့ကြီးတွေမှာ အတွေ့အကြုံများစွာရှိတဲ့ (ယခုဘော်လခဲခရိုင်ဒုရဲမှူးကြီး) အောင်မင်းစိန်ဆီကို ဖုန်းဆက်တတ်ပါတယ်။ အခုလည်း ဖုန်းဆက်ပီးပြောပြမိပါတယ်။ သူငယ်ချင်းရေ စိတ်မကောင်းဘူးကွာတဲ့ မင်းကံမကောင်းဘူးတဲ့… စကားတွေအပြန်အလှန်များစွာပြောတဲ့အထဲက သူစကားတစ်ခွန်းက ကျနော်ကိုတုန်လှုပ်ခြောက်ခြားစေခဲ့ပါတယ်။ အဲဒီနေရာသူငယ်ချင်းမဖြစ်တာဘဲ ကံကောင်းတယ်လို့မှတ်ပါတော့ တဲ့။

ကျနော်နေ့စဉ်ပြုသမျှ ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဂုဏ်တော်ကုသိုလ်၊ aမတ္တာကုသိုလ်နဲ့ဘာဝနာကုသိုလ်အစုစုတို့ကို… ချစ်တပည့်မောင်ကျော်ဇော (၃၂)နှစ် သမီးငယ်မနှင်းဝေ (၂၉)နှစ် သားလေးမောင်ရဲနောင်ထွန်း (၂၈)နှစ်တို့ကိုအမျှပေးဝေပါတယ်။ aရာက်ရာဘုံဘ၀မှသာဓုခေါ်ကြပါ။ ဘ၀ဆက်တိုင်းဒီလိုအဖြစ်ဆိုးမျိုးနဲ့ မကြုံပါရစေနဲ့လို့ဆုတောင်းပေးပါတယ်။

PS – ကျနော်ပို့စ်ကိုဖတ်ပြီး မည်သည့်အဖွဲ့အစည်း၊ ဌာနနဲ့ လူပုဂ္ဂိုလ်ကိုမျှ ရင့်သီးကြမ်းတမ်းစွာ comment မပေးကြဘို့နဲ့ ရုတ်တရက်ဆုံးပါးသွားရှာကြတဲ့ ကလေးများကိုသာ မေတ္တာပို့အမျှဝေပေးကြပါရန် အနူးအညွတ်တောင်းပန်အပ်ပါတယ်…. (Win Kyi)