ဆင် မလိုက် မှာ လူ (၃) ဦး သေ ဆုံးစေခဲ့တဲ့ YBS 40 ထွက်ပြေးယာဉ်မောင်းကို ဖမ်းမိပြီ

လူ (၃) ဦး သေ ဆုံးစေခဲ့တဲ့ ဆင်မလိုက် ယာဉ်တိုက်မှုဖြစ်စဉ်က ထွက်ပြေးနေတဲ့ YBS (40) ယာဉ်မောင်းဖြစ်သူကို ဘားအံမြို့မှာ ဒီကနေ့ ဇွန် (၆) ရက်၊ ညနေ ၃ နာရီက ဖမ်းမိပြီ ဖြစ်တယ်လို့ အမှတ် (၇) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးမျိုးအောင်မြင့်က အတည်ပြုပါတယ်။

အခင်းဖြစ်ပြီး လေးရက်အကြာ သတင်းအရ ရဲတပ်ဖွဲ့က ဘားအံမြို့၊ နာရီစင်အနီးမှာ စောင့်ဆိုင်းစဉ် YBS 40 ယာဉ်မောင်း ဇော်ထက် (ခေါ်) ဇော်မျိုးထက်ကို ဖမ်းဆီးရမိခဲ့ပြီး ရန်ကုန်ကို ခေါ်လာနေပြီလို့ သိရပါတယ်။

အခုအမှုဖြစ်စဉ်ဟာ ဇွန် (၂) ရက်၊ မနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ (၄) ရပ်ကွက်၊ ဆင်မလိုက် သဘော်ကျင်းမှတ်တိုင်အနီး ဘုရင့်နောင်လမ်းပေါ်မှာ YBS (40) ယာဉ်က လမ်းလယ်ကွန်ကရစ်တုံးကို ကျော်လွန်ပြီး လမ်းပြောင်းပြန်မောင်းကာ တစ်ဖက်ယာဉ်ကြောရှိ တက္ကစီကားကို ဝင်တိုက်မိခဲ့တာပါ။

အဆိုပါယာဉ်တိုက်မှုကြောင့် အသက် (၃၅) နှစ်ခန့်အရွယ် အဌားကားမောင်းသူ နဲ့ အသက် (၃၀) ခန့်အရွယ် ခရီးသည် အမျိုးသား တစ်ဦး၊ အမျိုးသမီး တစ်ဦး စုစုပေါင်း (၃) ဦး သေဆုံးခဲ့ ရပါတယ်။

ထွက်ပြေး ယာဉ်မောင်းကို ကမာရွတ်မြို့မရဲစခန်းမှာ ပေါ့လျော့မှုကြောင့် လူသေမှု၊ မဆင်မခြင်မောင်းနှင်မှု၊ သတင်းပေးရန် ပျက်ကွက်မှုစတဲ့ ပုဒ်မသုံးခုနဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။