မွေးစား မိဘရှာတဲ့ ပို့အောက် ကလေးလာတောင်းတဲ့ အမေတစ်ယောက် လိမ်လည် ခံလိုက်ရ ပါတယ် ။ ဒီ လိုဖြစ်ရပ်မျိုးတွေ ထပ်မကြုံစေဖို့ ဒီ ပိုစ့် ကို ခွင့်ပြုချက်တောင်းပြီး ရေးပါတယ်…

ကောင်း တာ လုပ်ပေ မယ့် ဆိုးခြင်းတွေ တွဲလျက် ပါလာ တတ် တယ် ။ လွန်ခဲ့တဲ့ ရက် က စွန့်ပစ်ခံ ကလေးလေး တစ်ယောက် ကို မွေးစား မိဘရှာဖွေပေး ခဲ့တယ် ။ မွေးစား မိဘလက် ထဲ ကောင်းမွန်စွာ ထည့်ပေးနိုင်လိုက် ပါ တယ် ။ ဒါပေမယ့်…

အဲ့ပိုစ့်အောက် မှာ ကလေးလာတောင်း တဲ့ အမျိုးသမီး တစ်ယောက် လိမ်လည် ခံ လိုက်ရတယ် ။ ဒီလိုဖြစ်ရပ်မျိုးတွေ ထပ်မကြုံစေဖို့ ဒီပိုစ့် ကို ခွင့်ပြုချက်တောင်းပြီး ရေး ပါ တယ် ။

မွေးစား မိဘရှာဖွေ တဲ့ ကိုယ့်ရဲ့ ပိုစ့်အောက် မှာ အလုပ်အကိုင်တွေ၊ ဖုန်းနံပါတ်တွေ လာရေးကြ ပါတယ် ။ သူတို့ ကတော့ ကလေး လိုချင်စိတ် နဲ့ ရေးကြတာပါ။ ဒါပေမယ့် လူလိမ်တွေရဲ့ အကွက်ဖြစ်သွားတယ်။ အဲ့လိုကောမန့်တွေ တွေ့ကတည်းက တားချင်ပေမယ့် ပြောလိုက်ရင် ကိုယ့်ကို ကြီးကျယ်တယ် ထင်မှာစိုးလို့ မပြောလိုက်မိခဲ့ဘူး ။ လူမုန်းမှာ ကြောက်မိတဲ့ ကိုယ့်ရဲ့ပျက်ကွက်မှုပါပဲ။

အဲ့အမ ရဲ့ ကောမန့်ထဲက ဖုန်းနံပါတ်တွေ၊ အလုပ်အကိုင်တွေ၊ ကလေးလိုချင်နေတာတွေ သိသွားတော့ အဲ့အမဆီကို အမျိုးသမီးတစ်ယောက်က ဖုန်းဆက်လာတယ်။ ကလေးလိုချင်ရင် ပေးမယ် တဲ့။ သူက ရောဂါဖြစ်နေလို့၊ ကလေးအဖေက စွန့်ပစ်သွားလို့ဆိုပြီး ကလေးကို ဆက်မမွေးနိုင်တဲ့အတွက် ပေးမယ်လို့ ဖုန်းဆက်လာတယ်။ ကလေးဓါတ်ပုံတွေ ပို့ လာ တယ်။ ကလေးက လေးလသားလေးပါ။

အဲ့အမက ကိုယ့်ကို လာတိုင်ပင် ပါတယ်။ ကိုယ်ကတော့ သိပ်မရင်းနှီးသေးတဲ့အတွက် စကားကို ထိန်းပြောလိုက်ပါတယ်။ သတိထားပါ.. မရိုးသားတာမျိုးတွေ၊ ငွေကြေးကိစ္စတွေ နဲ့ နောက်ဆက်တွဲ အရှုပ်အရှင်းတွေ ဖြစ်လာနိုင်တယ် လို့တော့ သတိပေး လိုက်ပါတယ်။ ဒါပေမယ့် အဲ့အမက ကိုယ့်ဆီက ကလေးလည်း မရတော့၊ ကလေးလည်း အရမ်း လိုချင်နေတော့ လက်ခံလိုက် ပါတယ်။

နောက်နေ့ ကလေး ကို လာပို့ ပါတယ်။ အူရောဂါဖြစ်နေလို့ ဆေးကုဖို့ဆိုပြီး ငွေဆယ်သိန်း တောင်း ပါတယ်။ မွေးစားချင်သူ အမကလည်း လှူဒါန်းတဲ့ သဘောနဲ့ ပေးလိုက် ပါတယ်။ ကလေးလေးကလည်း အရမ်းချစ်စရာကောင်းပါတယ်။ မွေးစားမယ့်အမခဗျာလည်း အရမ်းပျော်နေတာပေါ့။
ဒီလိုဖြစ်ရပ်မျိုးတွေ ထပ်မကြုံစေဖို့ ဒီပိုစ့် ကို ခွင့်ပြုချက်တောင်းပြီး ရေးပါတယ်.

ရက် မကူးသေးဘူး… အဲ့အမဖုန်း ကို ဖုန်းနံပါတ် အစိမ်းနဲ့ ယောက်ျားတစ်ယောက် ဖုန်းခေါ် လာတယ်။ ကလေးတစ်ယောက် ပျောက်သွား လို့ဆိုပြီး ကလေးဓါတ်ပုံတွေ Viber က ပို့လာတယ် ။ ပုံတွေက အဲ့အမ ဆီရောက်နေတဲ့ ကလေးလေးပုံပါ။ မွေးစားချင်တဲ့ အမ မှာ ကလေးသူခိုးပါဆိုပြီး အမှုပတ်တော့မယ့် ကိန်းပါ။ ငွေညှစ်တဲ့ စကားတွေ ပြောလာ ပါတော့တယ် ။

အဲ့လူတွေရော၊ ကလေးအမေ ကိုရော အလိမ္မာနဲ့ ပြန်ခေါ်ပြီး ရဲတွေ၊ ရှေ့နေတွေ၊ ရပ်ကွက်လူကြီးတွေနဲ့ မေးမြန်းတော့မှ တမင်အကွက်ဆင် လိမ်လည်ကြတယ်ဆိုတာ ပေါ်ပေါက်လာ ပါတယ်။ အချီကြီး လိမ်လည်ငွေညှစ်ဖို့ အထိ စီစဉ်ထားဟန် တူပါတယ် ။ ဆက်လက်အရေးယူဖို့တော့ စီစဉ်နေ ပါတယ် ။ အဲ့အမကတော့ ကလေးလည်း ပြန်ပေးလိုက်ရပြီး ငွေလည်း ဆုံးပါတယ်။ ငွေက လှူတယ်လို့ပဲ သဘောထားလိုက်ပေမယ့် နှစ်ရက်သုံးရက် သားလို ခံစားချက်နဲ့ အတူနေလိုက် ရတဲ့ ကလေးလေးကို ပြန်ပေးလိုက်ရတဲ့အတွက် တစ်မိသားစုလုံး အတော်စိတ်မကောင်းဖြစ်နေကြ ပါတယ် ။

ကိုယ်ကတော့ မေတ္တာအခြေခံတဲ့ ယုံလွယ်မှုမျိုးဆိုတော့ အပြစ်လည်း မပြောရက် ပါဘူး။ ဒါပေမယ့် မြန်မာပြည်မှာ ကလေးဗန်းပြပြီး လိမ်လည်တဲ့ လိမ်လည်မှုတွေက အများကြီးမို့ ဂရုစိုက်ကြစေချင် ပါတယ်။

ကလေးကိစ္စ ကူညီရတာ တာဝန်လည်း ကြီး ပါတယ်။ အခန့်မသင့်ရင် အန္တရာယ်လည်း ရှိ ပါတယ်။ နောက်ပိုင်း ကူညီဖို့ကို လက်တွန့်မိပါတယ်။ ဒါပေမယ့် နှလုံးသားက မနေနိုင်လောက်တဲ့အတွက်တော့ ဖြစ်လာတဲ့ အခြေအနေပေါ် ကူညီဖို့ စဉ်းစားရပါတော့ မယ် ။
ဒီလိုဖြစ်ရပ်မျိုးတွေ ထပ်မကြုံစေဖို့ ဒီပိုစ့် ကို ခွင့်ပြုချက်တောင်းပြီး ရေးပါတယ်.

ကလေးမွေးစားတယ်ဆိုတာ လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး။ တစ်ဘဝလုံး တာဝန်ယူရမယ့်ကိစ္စ ဖြစ်သလို ရေရှည် ကို ခဏထား၊ ကလေးမွေးစားခွင့် ခိုင်လုံဖို့ ကို အတော်ကြိုးစား ရပါတယ်။ ကလေးမွေးစားခွင့် ဥပဒေတွေမှာ ယိုကွက်ဟာကွက်တွေ ရှိနေပါသေးတယ်။ ကလေးပေးသူဘက်က ရိုးသားမှု ရှိမရှိ၊ ကလေးယူသူဘက်ကလည်း ရိုးသားမှု ရှိမရှိနဲ့ နောက်ပိုင်းဆက်နွယ်လာနိုင်တဲ့ ပြသနာတွေဟာ အင်မတန် ခေါင်းကိုက်စရာ ကောင်း ပါတယ်။

ဒါပေမယ့် စွန့်ပစ်ခံ ကလေးငယ်တွေဟာ ဂေဟာတွေမှာပဲ မိဘမဲ့အဖြစ် ဘဝကို ရှင်သန်သွားရမှာထက် မိဘလိုစောင့်ရှောက်မယ့် ရင်ခွင်တစ်ခုကို ရသွားသင့်ပါတယ်။ ရင်ခွင်မဲ့ကလေးတွေ နဲ့ ကလေးမဲ့ ရင်ခွင်တွေ ကို ဆုံစည်းပေးနိုင်မယ့် ခိုင်လုံတဲ့ ကာကွယ်ပေးနိုင် တဲ့ ဥပဒေတွေ လိုအပ် ပါတယ် ။

နောက်တစ်ချက် သတိပြုရမယ့် ကိစ္စက အထိအရှများပေမယ့် အရဲစွန့် ရေးပါရစေ။ ကလေးမွေးစားချင်သူတွေကို အလှူငွေလို့ အမည်တပ်ထားတဲ့ ကလေးရောင်းစားမှု ဆန်ဆန်တွေ ရှိနေ ပါတယ်။

ပြီးခဲ့တဲ့ရက်က မွေးစားခံလိုက်ရတဲ့ ကလေးလေး ကိစ္စမှာ ကိုယ့်ကတော့ ရှင်းလင်းအောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ လိုက်လံကူညီတဲ့ စရိတ်စကတွေနဲ့ ကလေးနို့မှုန့်ဘူးကအစ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ကုန်ကျခံခဲ့ပါတယ်။ မွေးစားသွားတဲ့မိဘတွေကိုလည်း မွေးစားခွင့် ပေးမပေး မပြောခင်ကတည်းက မွေးစားခွင့် ပေးခဲ့မယ်ဆိုရင် အဲ့အတွက် ကိုယ့်ကို တစ်ပြားတစ်ချပ်မှ ပေးစရာ၊ လှူစရာ မလိုပါကြောင်း၊ ကလေးဘဝ ကို အကောင်းဆုံး စောင့်ရှောက်ပေးဖို့နဲ့ ကိုယ်နဲ့အမြဲ အဆက်အသွယ်ရှိနေရမယ်ဆိုတဲ့ ကတိကိုပဲ တောင်းခံခဲ့ပါတယ်။ ဒုက္ခသည် ကလေးတစ်ယောက်ကို ကူညီဟန်ဗန်းပြပြီး ရရမယ့် ပိုက်ဆံမျိုးကို မမြိုရက်၊ မစားရက်ပါ။ စိတ်ကူးနဲ့တောင် မတွေးသလို အလားတူကိစ္စတွေ မြင်ရကြားရနေတဲ့အတွက် နှစ်ဦးနှစ်ဖက် စိတ်ရှင်းအောင် ရှင်းရှင်းလင်းလင်း ဆောင်ရွက်ပေးခဲ့ပါတယ်။ (ဂုဏ်ဖော်တာ မဟုတ်ပါဘူး။ လိပ်ပြာလုံတဲ့အတွက် သို့လော သို့လော အထင်မခံနိုင်လို့ ထည့်ရေးရတာပါ)

Public မှာ ရေးသားနေတဲ့ ပိုစ့်တွေ ကောမန့်တွေမှာ ကိုယ့်ကို ကိုယ်ရေးအချက်အလက်တွေကို လုံးဝမရေးသားမိဖို့ သတိထားကြစေလိုပါတယ်။ ဒီလိမ်လည်ခံရမှုဟာ ကိုယ့်ပိုစ့်အောက်က ကောမန့်တစ်ခုကို အခြေခံပြီး ဖြစ်သွားတဲ့အတွက် ကိုယ့်မှာ စိတ်မကောင်းဖြစ်ရပါတယ်။

ကိုယ်ကလည်း ကောင်းတဲ့လုပ်ရပ်လေးကို လုပ်ချင်လို့ ပိုစ့်တင်တယ်။ မွေးစားချင်တဲ့အမကလည်း ကောင်းတဲ့လုပ်ရပ်လေးကို လုပ်ချင်လို့ ကောမန့်ရေးတယ်။ ဒါပေမယ့် မကောင်းတဲ့လူတွေရဲ့ အကွက်ဆင် လိမ်လည်မှုတွေ ပါဝင်လာတဲ့အခါ ကိုယ်တို့ရဲ့ ကောင်းတဲ့စိတ်လေးတွေ ညှိုးနွမ်းရပါတယ်။

ဘာပဲဖြစ်ဖြစ်ပါ။ကိုယ်ကူညီခွင့်ရလိုက်တဲ့ ကလေးလေးကတော့ ရင်ခွင်သစ် ရင်ခွင်စစ်တစ်ခုမှာ အတော်အဆင်ပြေနေပါပြီ။ ပုံလေးတွေ ပြဖို့မသင့်လို့ မပြပါဘူး။ သူလေး အတော်ကို ဟုတ်သွားပါပြီ။ ကလေးလိုချင်တာ ရူးမတတ်ဖြစ်နေတဲ့ လင်မယားနှစ်ယောက်လည်း ပျော်ရွှင်တဲ့ မိသားစုလေး ဖြစ်နေပါပြီ။ အဖိုး၊အဖွားတွေလည်း ပျော်ရွှင်နေပါပြီ။ အဖေရယ် အမေရယ် ခေါ်စရာ မိသားစုဘဝနဲ့ မေတ္တာတရားကို ပိုင်ဆိုင်ခွင့် ရသွားပါပြီ။ ကူညီဖူးသမျှထဲမှာ အမှတ်တရဖြစ်ရတဲ့ ကူညီနိုင်မှုပါပဲ။ ပန်ဆယ်လိုဆိုတဲ့ ဖြစ်တည်မှုကို မုန်းတီးမိချိန်တွေမှာ ဒီကူညီနိုင်မှုလေးကို အမြဲသတိတရ ပြန်တွေးမိနေဦးမှာပါ။

လိမ်လည်ခံလိုက်ရတဲ့ အမကလည်း သူ့လို မကြုံရစေချင်လို့ ရေးစေချင်ပါတယ်ဆိုတဲ့အတွက် ခွင့်ပြုချက်နဲ့ ရေးလိုက်တယ်။

မေတ္တာတရားကို လိမ်လည်ခြင်း ကင်းရှင်းကြပါစေ။

မေတ္တာတရားကို လိမ်ခံရခြင်း ကင်းဝေးကြပါစေ။

အိ ပန် ဆယ် လို