အသက် မပြည့်သူ မိန်း ကလေးအား မိခင် ၏ ဦးလေးနှင့် အဒေါ်၏ ယောက်ျား မှ အဓမ္မပြုကျင့်

လက်ပံတန်း၊ ဇွန် ၅၊ ၂၀၂၀။

သာ ယာဝတီခရိုင်၊ လက်ပံတန်းမြို့၊ နဘဲကွင်းကျေးရွာအုပ်စုတွင် မိခင်၏ ဦးလေးဖြစ်သူနှင့် အဒေါ်ဖြစ်သူ၏ ယောက်ျားဖြစ်သူမှ အသက် ၁၅ နှစ်ကျော် မိန်းကလေးငယ်အား သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း လက်ပံတန်းမြို့မရဲစခန်း တာဝန်ရှိသူတဦးထံမှ သိရှိရပါသည်။

ဖြစ်စဉ်မှာ ဇွန်လ ၄ ရက်နေ့ ညတွင် လက်ပံတန်းမြို့၊ နဘဲကွင်းကျေးရွာအုပ်စုတွင် အသက် ၁၅ နှစ် ၁၀ လအရွယ် မိန်းကလေးအား မိခင်ဖြစ်သူနှင့် အဒေါ်ဖြစ်သူမှ အိမ်ထောင်အတင်းချပေးရန် စီစဉ်သည်ကို ဖခင်ဖြစ်သူမှ မကျေနပ်သဖြင့် အရက်သေစာ သောက်စားပြီး အော်ဟစ်သောင်းကျန်းနေသဖြင့် လက်ပံတန်းမြို့မရဲစခန်းသို့ ဆက်သွယ်တိုင်ကြားသဖြင့် နယ်ထိန်းတပ်ဖွဲ့မှသွားရောက်စဉ် မူးယစ်ယမ်းကားသည့်အကြောင်းအား ရှင်းပြရာမှ မသင်္ကာ၍ အဆိုပါမိန်းကလေးအား ခေါ်ယူစစ်ဆေးခဲ့ရာ မိခင်၏ ဦးလေးတော်စပ်သူမှ ၂ ကြိမ်၊ အဒေါ်၏ ယောက်ျားမှ ၁ ကြိမ် အဓမ္မပြုကျင့်ခံခဲ့ရကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း လက်ပံတန်းမြို့မ ရဲစခန်းမှ စခန်းမှူး ဒရဲမှူးမျိုးညွန့် ထံမှ သိရသည်။

“ကလေးမအမေနဲ့ သူ့အဒေါ်က ယောက်ျားအတင်းစီစဉ်တာကို ဖအေဖြစ်သူက ငါ့သမီးလေး အသက်မပြည့်သေးတာကို ယောက်ျားအတင်းပေးစားရလားဆိုပြီး အရက်သောက်ပြီး သောင်းကျန်းလို့ ရဲကိုခေါ်ပြီးဖမ်းခိုင်းတာ ရဲကလာဖမ်းတော့ ရဲကို ငိုယိုပြီး ကလေးကို ယောက်ျားအတင်းပေးစားလို့ သူသောင်းကျန်းတာဖြစ်ကြောင်း ပြောတော့မှ ရဲက ကလေးမလေးကို ခေါ်စစ်တော့ သားမယားပြုကျင့်ခံရတဲ့ကိစ္စပေါ်လာတာ။ အဓိက ကလေးမ အမေနဲ့ အဒေါ်က ဒီကိစ္စကိုသိလို့ နွားမရွံ့ပိတ်ပြီး အတင်းရောင်းတဲ့ ပုံစံမျိုးလုပ်တာ အဲဒါကို ဖခင်ကမသိတာပါ။” ဟု လက်ပံတန်းမြို့ ဒေသခံတဦးကရှင်းပြသည်။

အသက်မပြည့်သေးသည့် မိန်းကလေးကို သားမယားပြုကျင့်ခဲ့သည့် အသက် ၃၃ နှစ်အရွယ် တင်ဝင်းလှိုင် (၃၃နှစ်) နှင့် အသက် ၃၂ နှစ်အရွယ် ကျော်ထူး(ခ) ကျော်ဝင်းအောင်တို့ နှစ်ဦးတို့အား မိန်းကလေး၏ ဖခင်ဖြစ်သူမှ တရားလိုပြုလုပ်ကာ လက်ပံတန်းမြို့မရဲစခန်းမှ (ပ)၄၇၈/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Credit- မြေလတ်အသံ