ကျော င်းတွေ ပြန်ဖွင့်မယ့် အပေါ် ကျောင်းသားမိ ဘ တဦး ရဲ့ ရင်ထဲက ဖွင့်ဟ ဝန်ခံချက်

ရော ဂါပိုးတွေထပ်တွေ့နေတဲ့ အချိန်မှာ အခုကျောင်းတွေပြန်ဖွင့်တော့မယ်တဲ့။ နိုင်ငံခြားကပြန်လာတဲ့လူတွေဆီကပဲ တွေ့တွေ့၊ပြည်တွင်းကပဲတွေ့တွေ့ ထပ်တိုးတာတွေ မြင်ရရင် ရင်ထဲမှာမလုံခြုံ ဘူး။ကျောင်းတွေပြန်ဖွငိ့ဖို့ တရားဝင်ကြော်ငြာထားပြီးပြီ။

ကျွန်တော့သားတက်နေတဲ့ ကိုယ်ပိုင်ကျောင်းကဆက်သွယ်လာတယ်။ အခန်းတခန်းထဲမှာ အရင်လို ကျောင်းသားဦးရေမဟုတ်ဘဲ လျှော့ပြီး သင်မယ်တဲ့။ ကျောင်းလခ ပိုကောက်မယ်တဲ့။ ကျောင်းကားကလည်း အရင်လို အများကြီး မတင်ပါဘူးတဲ့။ လူလျှော့တင်မယ်တဲ့။ ဒါပေမယ့် ကျောင်းကားဈေးက အရင်ကထက် ပိုတောင်းမယ်တဲ့။ Ok ဟုတ်ပါပြီ။

ကျန်းမာရေးဌာနနဲ့ နိုင်ငံတော်က ချမှတ်ထားတဲ့ စည်းကမ်းအတိုင်းလုပ်ရမယ်ဆိုလို့ လိုက်နာပြီးလုပ်တယ်။ ဝန်ဆောင်မှုတွေကတော့ ပိုတောင်းမှကိုက်မယ်ဆိုပြီး ကျောင်းတွေက လုပ်တယ်။ ကျောင်းတွေက လုပ်တာလည်းမှန်တာပေါ့။ အခန်းတွေက အရက်ကထက်ပိုလိုမယ်။ ဆရာမတွေ ပိုလိုအပ်မယ်။ အရင်ကထက်ကျောင်းကားတွေ ထပ်လိုမယ်။ ဒါမှန်တာပေါ့။ ဒါကိုလည်းနိုင်ငံတော်က တားမြစ်လို့မရ ပြန်ဘူးလေ။

ဟုတ်ပြီ ဒါတွေအားလုံးကို ကျွန်တော်တို့လက်ခံတယ်။ New Normal ခေတ်ကို ကျွန်တော်တို့လည်းလိုက်ရမှာပေါ့။ တစ်ကမ္ဘာလုံးဖြစ်​နေတာလေ။ ဒါဆို ကျွန်တော်က ကျောင်းတွေဖွင့်ဖို့ ချမှတ်လိုက်တဲ့ နိုင်ငံတော်နဲ့ ပညာရေး ဝန်ကြီးဌာနကို တစ်ခုလောက်မေးချင်ပါတယ်။

ကျောင်းဖွင့်တဲ့အချိန်မှာ ကျောင်းတက်ကြရမယ့် ကျွန်တော့သားတွေရဲ့ ကျန်းမာရေး ကို ဘယ်သူက တာဝန်ယူပေးကြမှာလဲ။ ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ ကလေးတွေကို ဘယ်သူတွေက ရောဂါပိုးမကူးစက်အောင် တာဝန်ယူပေးကြမှာလဲ။ ကျွန်တော် ခင်ဗျားတို့ရဲ့ကလေးတွေ တစ်ခုခု ဖြစ်သွားခဲ့ရင် ဘယ်လို ဖြေဆည်ကြမှာလဲ။

ကလေးတွေက ကျောင်ဖွင့်ရင် ငြိမ်ငြိမ်နေ မယ်ထင်လား။ နေမှာမဟုတ်ပါဘူး။ ပျော်ပြီးလျှောက်ဆော့နေကြမှာ။ လုံးရ်ာထွေးရယ် ဖက်ရယ်နမ်းရယ် လုပ်ကြမှာပါ။ ဆရာမတွေက ထိန်းနိုင်မှာလား။ မထင်ပါဘူး။ ကိုရီးယားမှာ ကျောင်းတွေဖွင့်ပေးလိုက်တယ်။ ချက်ချင်းရောဂါပိုးတွေကူးကုန်လို့ ကျောင်းပေါင်း ၆၀ ကျော်ချက်ချင်းပြန်ပိတ် လိုက်ရတာတွေ သိကြမှာပါ။

ကျွန်တော်သုံးသပ်မိတာတစ်ခုရှိပါတယ်။ ၁၉၈၈ အရေးအခင်းကြောင့် တစ်နိုင်ငံလုံး ကျောင်းတွေ ၁ နှစ်အောက်လိုက်ရတယ်။ နောက်နှစ်မှပြန်ဖွင့်တယ်။ တစ်နှစ်အောက်လိုက်လို့ ကျွန်တော်တို့ပညာရေးတွေ ဘာဖြစ်သွားလဲ။ ကျွန်တော့အမြင်ကတော့ ဘာမှမဖြစ်သွားဘူးလို့မြင်ပါတယ်။ တစ်ခုတော့ ရှိတာပေါ့ ၁၀ တန်းအောင် ၁၆ နှစ်ကနေ ၁၇ နှစ်ဖြစ်သွားတာရှိမယ်။ အဲ့ဒီတော့လဲ အသက်အရွယ်နဲ့ ကန့်သန့် ပြီးလက်ခံတဲ့ တက္ကသိုလ်တွေတော့ အသက်ကန့်သတ်ချက်ပြင်ရမယ်နဲ့တူတယ်ဗျ။

၈၈ အရေးအခင်းရဲ့ဒါဏ်တွေထိပြီး တစ်နှစ် နောက်ကျခဲ့တဲ့သူတွေ အများကြီးရှိတယ်။ အခုအဲ့တုန်းကကျောင်းသား/သူတွေက ဆရာဝန်ကြီးတွေ အင်ဂျင်နီယာကြီးတွေ ဗိုလ်ချုပ်ကြီးတွေ ဌာနဆိုင်ရာအကြီးအကဲတွေ လက်ရှိနိုင်ငံတော်မှာအုပ်ချုပ်နေတဲ့ လူကြီးလူကောင်းတွေ အများကြီးရှိပါတယ်။ ကျွန်တော် တစ်ယောက်တည်းရဲ့ လက်ရှိ သဘောထားကိုပြောကြည့်ပါမယ်။ ဒါကလည်းအမြင်လေးတွေဆွေးနွေးကြတဲ့ သဘောပါ။

ဒီနှစ်မှာ ကျန်းမာရေးက အခုလိုပဲ မတည်ငြိမ်သေးဘူးဆိုရင် ကလေးတွေကို ကျောင်းမထားတော့ပါဘူး။ သူတို့လေးတွေရဲ့ ကျန်းမာရေးက ကျွန်တော်တို့လင်မယား ၂ ယောက်ရဲ့ အသက်ထက် အရေးကြီးပါတယ်။ သူတို့လေးတွေ တစ်ခုခုဖြစ်လို့မရပါဘူး။ ကျောင်း ၁ နှစ်နောက်ကျသွားလို့ ဘာမှမဖြစ်ပါဘူး။ သူက အသက် ၁ နှစ်ကြီးသွားမယ်။

သူ ၁၀ နှစ်မှာ သင်ရမယ့်စာကို သူ ၁၁ နှစ် ရောက်မှ သင်ရမယ်ဆိုရင် သူ့ရဲ့မှတ်ဉာဏ်၊ သင်ယူမှု့စွမ်းရည်၊ ဦးနှောက်ရဲ့ ကြီးထွား ဖွံ့ဖြိုးမှု့တွေက သူသင်ယူရမယ့်သင်ခန်းစာတွေကို အလွယ်တကူ သင်ယူနိုင်မယ်လို့ထင်ပါတယ်။ အတိုချုပ်ပြောရရင်တော့ ကျန်းမာရေးအခြေအနေ မတည်ငြိမ်သေး ရင်ကျောင်းထားမှာမဟုတ်ပါဘူး။

ကျောင်းဖွင်ရင် သားကြီးက ၆ တန်းတက်ရမှာပါ။ ကျောင်းမတက်ပေမယ့် သူအတွက်ကျန်းမာရေးကိုဂရုစိုက်ပြီး စာသင်ပေးနေမှာပါ။အဲ့ဒီတော့ ဘာတွေပြောလာနိုင်သလဲဆို ရင် တတ်နိုင်တဲ့မိဘနဲ့ မတတ်နိုင်တဲ့ မိဘ တွေကြားပြောစရာဖြစ်လာနိုင်တယ်။ ကျောင်းတွေကလည်း ဒီအတိုင်းပိတ်ထားရင် ဆရာ ဆရာမ လစာနဲ့ အခွန်ကိစ္စတွေ ​​ပြသနာတက်လာနိုင်တယ်။ ဒါဆိုဘယ်လိုလုပ်ကြည့်ရင် အဆင်ပြေမလဲ စဉ်းစားကြည့်ရအောင်။

ကျောင်းတွေကိုပေးမဖွင့်ပဲထားပြီး ပညာရေးဝန်ကြီးဌာနကနေ အသံလွှင့် မီဒီယာတွေ၊ online မီဒီယာတွေကနေ သင်ခန်းစာတွေကို သင်ပေးတဲ့ အစီအစဉ်တွေ လုပ်ပေးရင်ရော ဘာဖြစ်မလဲ။ အနီးကပ်သင်ခန်းစာတွေတောင် မြန်မာ့အသံကနေ သင်ကြားပို့ချနေတာတွေရှိနေတာပဲ။ အတန်းလိုက်သင်ခန်းစာတွေကို အချိန်နဲ့ မီဒီယာတွေခွဲသင်ကြမလား။ စာသင်တဲ့ application တွေလုပ်မလား။ Zoom application နဲ့စာသင်မယ် link ချပေးပြီးစာသင်တာကို လုပ်မလား။

အခွန်ကိစ္စတွေ ဘယ်လိုလျှော့ပေးကြမလဲ။ ဆရာ ဆရာမ လစာကိစ္စတွေ ဘယ်လို ဖြေရှင်းလဲ။ နှစ်ဦး၂ဖက်အဆင်ပြေမယ့်နည်းလမ်းမျိုး ပေါ့။ တစ်နှစ်အောက်လိုက်တဲ့အထိ ကာကွယ်ဆေးက မတွေ့သေးဘူးဆိုရင်တော့ ကျွန်တော်တို့က နောက်တစ်မျိုးစဉ်းစားရမယ်ပေါ့။ HIVတွေ AIDS ရောဂါတွေရဲ့ကူးစက်မှုက အခု ကိုဗစ်လောက်မမြန်ဘူးလေ။ ဆေးတွေ့မယ့်အချိန်အထိ အကြာကြီးထိုင်စောင့်နေမှာမျိုးလည်း မဟုတ်ဘူးပေါ့။

ကျွန်တော်ကတော့ တစ်နှစ်လောက်စောင့်ကြည့်စေချင်တဲ့သဘောပါ။ ကျွန်တော်တို့က လက်ရှိအစိုးရရဲ့ လုပ်ရပ်ကို တိုက်ခိုက်နေတာ မဟုတ်ပါဘူး။မိဘတွေရဲ့သဘောထားကတော့ ဒီလိုရှိနေပါတယ်။ ဒါကို ဘယ်လို တိုင်ပင်ကြမလဲပေါ့။ မိသားစုထမင်းဝိုင်းမှာ စကားပြောကြသလိုမျိုးပါ။ ပညာရှင်တွေနဲ့တိုင်ပင်ပြီး စဉ်းစားပေးစေချင်ပါတယ်။

ကျွန်တော့အမြင်လေးအပေါ်မှာ ဆွေးနွေးလို့လည်းရပါတယ်ဗျ။ အားလုံးကိုကြိုဆိုပါတယ်။ အကောင်းမြင်တဲ့စိတ်နဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုများသာ လိုချင်ပါတယ်။ တစ်စုံတစ်ဦးကို တိုက်ခိုက်တာမျိုးတော့ မလိုချင်ပါဘူးဗျာ။ အားလုံးကိုကျေးဇူးတင်ပါတယ်။ အားလုံးကိုလည်းလေးစားပါတယ်။

Aung Min Naing