ကို ဗစ်ကြောင့် သေဆုံးမှုနှု န်း အီတလီကို ကျော်တက်သွား တဲ့ ဘရာဇီးနို င်ငံ နောက်ဆုံး အခြေအနေ

ကိုဗ စ်ကြောင့် သေဆုံးမှုနှုန်း အီတလီကို ကျော်တက်သွားပြီး အောက်စ်ဖို့ဒ် တက္ကသိုလ်က တီထွင်ထားသည့် COVID-19 ကာကွယ်ဆေးကို စမ်းသပ်ရန် အတည်ပြုလိုက်တဲ့ ဘရာဇီးနိုင်ငံ…

ကမ္ဘာတစ်လွှား ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူများ စာရင်းတွင် ဘရာဇီးနိုင်ငံက တတိယနေရာသို့ ရောက်လာပြီး အီတလီ နိုင်ငံအတွင်း ကမ္ဘာ့ကပ်ရောဂါကြောင့် သေဆုံးသူ ဦးရေထက်ပင် ပိုများလာခဲ့ပြီဖြစ်သည်။

ကြာသပတေးနေ့က ထုတ်ပြန်ချက်အရ ဘရာဇီးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ ၁၄၇၃ ဦးထပ်တိုးလာခဲ့ရာ စုစုပေါင်း ၃၄၀၂၁ ယောက်အထိ ရှိလာပြီဟု သိရသည်။

ဘရာဇီးထက်ပိုပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေပိုများသည်မှာ အမေရိကန်နှင့် ဗြိတိန်နှစ်နိုင်ငံသာ ရှိတော့သည်။ ဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေအရလည်း ဘရာဇီးသည် အမေရိကန်ပြီးလျှင် ဒုတိယအများဆုံးနိုင်ငံဖြစ်နေပြီး နောက်ဆုံး ထုတ်ပြန်ချက်အရ ကူးစက်ခံရသူ အယောက် ၆ သိန်းကျော် ရှိလာသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် လူ သေဆုံးနှုန်းများ မြင့်တက်နေသော်လည်း ဆော်ပေါ်လိုနှင့် ရီယိုဒီဂျနေးရိုးကဲ့သို့ ဘရာဇီးမြို့ကြီးများတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လော့ဒ်ဒေါင်းစည်းမျဉ်းများကို ဖြေလျှော့ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် အောက်စ်ဖို့ဒ် တက္ကသိုလ်က စမ်းသပ်တီထွင်ထားသည့် COVID-19 ကာကွယ်ဆေးတစ်မျိုးကို နိုင်ငံတွင် စမ်းသပ်ရန် ဘရာဇီးအစိုးရက ခွင့်ပြုချက် ထုတ်ပေးလိုက်ပြီ ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။ အဆိုပါ ကာကွယ်ဆေးသည် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးပိုင်းတွင် ရှေ့တန်းတွင် ရောက်နေသည့် ဆေးများအနက် တစ်ခုဖြစ်ကြောင်း အမျိုးသား ကျန်းမာရေး စောင့်ကြည့်မှု အေဂျင်စီ (Anvisa) က ပြောသည်။

ထို့ပြင် ယခုအခါ ဘရာဇီးသည် ယူကေနိုင်ငံ ပြင်ပတွင် ယင်းကာကွယ်ဆေး၏ ထိရောက်မှုကို စမ်းသပ်မည့် ပထမဆုံးနိုင်ငံလည်း ဖြစ်လာမည်ဖြစ်သည်။ စမ်းသပ်လေ့လာမှုကို ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက ပံ့ပိုးပေးမည်ဖြစ်သည်။

အဆိုပါ ကာကွယ်ဆေးကို ဓာတ်ခွဲခန်းအတွင်း မျောက်များဖြင့် စမ်းသပ်ရာတွင် ထိရောက်မှု ရှိကြောင်းကို တွေ့ရှိထားပြီးဖြစ်ကာ ယခုအခါ ယူကေတွင် မိမိသဘောဆန္ဒအလျောက် ပါဝင်အစမ်းသပ်ခံသူ ၁၀,၀၀၀ ကို ယင်းဆေး ပေးကာ စမ်းသပ်လျက် ရှိသည်။ ထိရောက်မှု ရှိကြောင်း သက်သေပြနိုင်ရန် သိပ္ပံပညာရှင်များအနေဖြင့် ယင်းဆေး စမ်းသပ်မှုကို ဘရာဇီးတွင် ချဲ့ထွင်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။