ဖိုက် စတား ဟိုတယ်ေ ရာက်နေသလား ထင်ရ တဲ့ လှိုင် Q စင်တာနှင့် ဝတ်ရုံဝတ် သူရဲကောင်းများ

လေ ဆိပ်ကနေ လူ ၁၂၀ လောက် စီးလာတဲ့ ကားတန်းကြီးက အဝန်းကြီးတစ်ခုထဲကို ရောက်တော့ ဝတ်ရုံကြီးတွေ ဝတ်ဆင်ထားတဲ့ လူတစ်စုကို တွေ့လိုက်သည် .. သေချာသည် ကျနော်တို့ နေရမယ့် ကွာရန်တင်းစင်တာကို ရောက်ပြီ..

ရောက်တဲ့ချိန်က မေလ ၁၀ ရက်နေ့ဆိုတော့ ရာသီဉတုက အလွန်အင်မတန်မှ ပူပြင်းသည်.. ပူပြင်းလှတဲ့ ရာသီဉတုကို အန်တုပြီး ဝတ်ရုံကြီးတွေ ဝတ်၊ ဝင်လာသမျှကားပိုးသတ်ဆေးတွေ အပြင်ပိုင်း ဖျန်းပေးနေတာတွေ့ရတော့ စိတ်လုံခြုံမှုရသည် ..

ခဏကြာတော့ ဝတ်ရုံကြီးနှင့်တစ်ဉီး ကားပေါ်ကို လော်စပီကာကိုင်ကာတက်လာသည်.. စတင်မိတ်ဆက်ပြီး စင်တာအကြောင်းရှင်းပြသည်.. မသိရင် ဖိုက်စတားဟိုတယ်မှာတည်းပြီး အက်စကော့ ရသလိုပါပင်.. တတ်နိုင်သမျှ အစွမ်းကုန် ကူညီမယ်ဆိုတာပါသည် .. မည်သူမျှမဟုတ် ထိုသူသည် စင်တာမှ ပရဟိတ ခေါင်းဆောင်ဖြစ်သည်..

ကားများကို သီးသန့် တစ်စီးခြင်းစီ သီးသန့်ရပ်ခိုင်းသည်.. လူများမရောရ.. တစ်စီးပြီးသည်နှင့်တစ်စီး ကားပေါ်မှလူများအား အလှည့်ကျစီ ဆင်းစေသည်.. ခန္ဓာကိုယ်မှ အပ ပါလာသမျှ ပစ္စည်းအားလုံး ပိုးသတ်ပေးသည်.. လေဆိပ်မှ ကြိုတင်ရောက်နှင့်နေသာ လက်‌ကေ့ အိတ်များအား (ပိုးသတ်ပြီး) စီစဉ်ပေးနေကြသည် ..

မိမိပစ္စည်းလေးသာ ပြောပါ လိုက်ပို့ပေးမည်ဟု ဆိုပြန်သည် .. ကျနော် စင်တာမှာ ရောက်နေတာလား ဖိုက်စတား ဟိုတယ်တစ်ခုမှာ ချက်ကင်ဝင်နေလား မသဲကွဲတော့ပါ .. အားနားတာထက် ကျော်လွန်၍ မိမိဘာသာ သယ်ပါရစေဟုတောင်းပန်လိုက်ရသည် .. ကိုယ်ရေးအချက်အလက်အပြည့်အစုံဖြည့်ပြီး နေရမည့်အခန်းနံပါတ်ရသည်.. ညစာ အဆာပြေစားရန် ထည့်ပေးလိုက်သေးသည်..

အခန်းသို့ မတက်ခင် နောက်ပြန်လှည့်ကြည့်မိတော့ ကျတော်တို့သာ တစ်စီးပြီး တစ်ပြီး ကားပေါ်က လူတွေ ဆင်းလာကြသည် .. ပိုးသတ်ပေးသူ လိုက်လံစီစဉ်ဆောင်ရွက်ပေးသူများမှာ မပြောင်းလဲကြသေး .. အလွန်ပင် ပြီးပြည့်စုံလှသည်.. အားလုံးသည် မိမိသဘောနှင့် ပရဟိတ လာလုပ်နေကြသူများဖြစ်သည် .. သူတို့နှလုံးသားနှင့် လက်တစ်စုံမှာ ကျွန်တော်တို့ကို နွေးထွေးခဲ့သည်..

ဝတ်ရုံကြီးများကြောင့် အပြုံးများကို မမြင်ရသော်လည်း မျက်လုံးများက စကားပြောခဲ့သည် .. မင်းတို့ လုံခြုံပါပြီ ပြောနေသလို ခံစားရသည်..

နေ့စဉ် (၃) ကြိမ် ထမင်း အချိန်မှန်ပို့သည်.. လိုအပ်သမျှ ဆက်သွယ်တောင်းခံနိုင်ကြောင်း စာရေးထားသည် .. ကျန်းမာရေးဂရုစိုက်ဖို့မှာသည် .. ရေမလောက်လျှင် ရေထပ်တောင်းပါ .. ထမင်း၊ ဟင်း မလောက်လျှင် ထပ်တောင်းပါ၊ လိုအပ်တာ မှန်သမျှ ပြောပါဟု ပြောသည်..လူများစွာရဲ့ ပစ္စည်းများကို အပြင်မှ အခန်းသို့ ပို့ပေးသေးသည်.. လိုသည်များကို မပြောရဲလောက်ပင် ဖြည့်ဆည်း‌ပေးဖို့ အရန်သင့်ရှိနေကြသည်..

ကျန်းမာရေးအတွက် ဒေါက်တာများရှိသည်.. ကျနော်တို့ အတွက် အရန်သင့်ရှိနေသည်.. ခေါင်းကိုက်လား ဆေးပေးသည်၊ ကိုယ်လက်နာနေလား ဆေးပေးသည်.. ရာသီအကူးအပြောင်းကြောင့်နေမကောင်းသူများရှိသည်.. လိုလေးသေးမရှိအောင်စောင့်ရှောက်သည်.. နှလုံးသားဖြင့်ကုသသည်.. ဆေးမသောက်ရသေး ဖုန်းဆက်ပြောပြီး ကျန်းမာဖို့ လမ်းညွှန်ယုံဖြင့် ရောဂါတစ်ဝက်ပျောက်ခြေကြပြီ.. ဆေးဝါး ၊ အစားအသောက် လိုလေးသေးမရှိပါပင်..

ညဘက်ပျင်းနေသေးလား မပူပါနှင့် .. ဖျော်ဖြေပေးသေးသည် .. ဂစ်တာတစ်လက်ဖြင့် ပျော်စေဖို့ဆိုတဲ့ ဆန္ဒက ရင်ထဲကို နွေးစေသည်.. တကယ့်ကို အံ့ဩဖို့ကောင်းလိုက်အောက်ပါပင်.. ကျနော် ဆွံ့ အ သည်.. ပြောစရာ စကားများပင် မရှိချေ..

အချိုရည်၊ အသီး၊ ကော်ဖီ၊ ခေါက်ဆွဲ၊ စားစရာ၊ လိုလေးသေးမရှိ ပြည်စုံစေသည် .. အားလုံးကို ကျေးဇူးတင်ပါသည် .. ကျတော် အမြဲအမှတ်ရအောက်မေ့နေမည်ဖြစ်ပါသည်။

ကိုရိုနာသည် ကျွန်တော်တို့ ကိုယ်တိုင်တောင် ကြောက်သည် .. လေယဉ်တစ်စီးတည်း စီးလာသူများလည်း ကြောက်သည် .. ထိုသူများသည်လည်း ကြောက်မည်ဟု ယူဆသည်.. သို့သော် သူတို့မကြောက်ပါ .. သူတို့သည် ကျွန်တော်တို့ကို ပြီးပြည့်စုံစေခဲ့သည်.. ထိုအရာကို စွမ်းနိုငသူသည် မည်သူပါလဲ?

လှိုင်စင်တာမှ သူရဲကောင်းများပင် ဖြစ်ပေတော့သည်။ ကမ်းလင့်တဲ့လက်ပိုင်ရှင်များအားလုံး ပျော်ရွင်ချမ်းမြေ့ပါစေ .. အေးချမ်းတဲ့အရိပ်ကို အများကို ပေးနိုင်သလို မိမိကိုယ်တိုင်လည်း ဆထက်များစွာပြန်လည်ရရှိပါစေဟု ဆန္ဒမွန်ပြုရင်းဖြင့်

တစ်ဦးခြင်းစီတိုင်းကို လေးစားဦးညွတ်လျှက်

ဗိုလ်ဖြိုးအောင်