မိုးရွာခြင်း မရှိ၊ လေပြင်းတို က်ခြင်း မရှိ ဘဲ မိုးကြိုးပစ်မှုကြောင့် သားအမိ (၂) ဦးသေဆုံး

စစ် ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်၌ မိုးကြိုးပစ်ခံရပြီး သားအမိနှစ်ဦးအပါအဝင် လူသုံးဦးသေဆုံးကာ လူ ၅ ဦး သတိမေ့မြောသွားခဲ့ကြောင်း သိရပါတယ်။

ရေဦးမြို့နယ် ဇီးကန်ကျေးရွာတွင် ဇွန်လ ၃ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်ခန့်က မိုးရွာခြင်း လေပြင်းတိုက်ခတ်ခြင်းမရှိဘဲ မိုးကြိုးတစ်ကြိမ် ပစ်ခတ်ခဲ့ကြောင်း၊ မိုးကြိုးပစ်ခြင်းကြောင့် ကျေးရွာအတွင်းရှိ လမ်းဘေးတွင် ဝိုင်းဖွဲ့၍ ထိုင်စကားပြောနေသည့် လူ ၇ ဦးအနက် သားအမိ နှစ်ဦးဖြစ်သည့် ဒေါ်ငွေ (၃၂) နှစ် နှင့် မညို(၁၃)နှစ် တို့မှာ နေရာတွင် သေဆုံးခဲ့ကာ ၅ ဦးမှာ သတိမေ့ လဲကျခဲ့တယ်လို့ သိရပါတယ်။

“စကားပြောနေချိန် မိုးကမရွာဘဲနဲ့ မိုးကြိုးကတစ်ချက်ထဲ ပစ်ချတာ။ သေဆုံးသူ ကောင်မလေးလက်မှာ ကိုင်ထားတဲ့ရေပုံးကလည်း အစိတ်စိတ်အမွှာမွှာ ကွဲသွားတယ်”ဟု အခင်းဖြစ်နေရာသို့ သွားရောက် စုံစမ်းခဲ့သည့် ရေဦးမြို့နေ ဦးအောင်မြင့်သောင်း က ပြောပါတယ်။

ဇွန်လ ၂ ရက်နေ့ ညနေ ၄ နာရီကျော် အချိန်ခန့် ကလည်း မိုးကြိုးပစ်ခြင်း လေပြင်းတိုက်ခြင်း မိုးရွာသွန်းခြင်း ရေဦးမြို့နယ်အတွင်း ဖြစ်ပွားခဲ့ပြီး မိုးကြိုးပစ်ခြင်းကြောင့် အင်းကြီးကျေးရွာတွင် နေထိုင်သည့် အသက် ၁၂ နှစ် အရွယ် ကလေးတစ်ဦး မိုးကြိုးထိမှန်သေဆုံးခဲ့သဖြင့် နှစ်ရက် အတွင်း မိုးကြိုးထိမှန်သေဆုံးသူ ၃ ဦးအထိ ရှိခဲ့ပါတယ်။

ဧပြီလအတွင်းကလည်း စစ်ကိုင်းတိုင်း အတွင်း မိုးကြိုးပစ်ခြင်းကြောင့် လူ ၃ ဦး သေဆုံးခဲ့ပါသေးတယ်။ မိုးကြိုးထိမှန်သေဆုံးသူများ အတွက် စစ်ကိုင်းတိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန မှ လူတစ်ဦးလျှင် ငွေကျပ် သုံးသိန်း ထောက်ပံ့ခဲ့ကြောင်း သိရပါတယ်။ မနေ့က တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင်လည်း မိုးကြိုးပစ်ခြင်းကြောင့် လူ ၅ ဦးသေဆုံးခဲ့ပါတယ်။