ေ အာင်မြင့်ထွန်း (မြစ်မခ)

သ ထုံ၊ ဇွန် ၂ ရက်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဘုရားဘဏ္ဍာငွေများအား အလွဲသုံးစား ပြုလုပ်ထားသူ ဝန်ထမ်း ၄ ဦးကို ဥပဒေအတိုင်းသာ ဆက်လက် အရေးယူစေလိုကြောင်း ကျိုက်ထီးရိုး စေတီတော် သြဝါဒစရိယအဖွဲ့ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာအရှင် ဇောတိက (ဆိပ္ဖူးတောင် ဆရာတော်)မှ မိန့်ကြားလိုက်သည်။ “မေ ၂၉ ရက်က ကင်မွန်းချောင်းဂေါပကရုံးမှာ လပတ် အစည်းအဝေးလုပ်ကြတော့ပွဲနည်းနည်းကြမ်းတယ်ဆိုတဲ့ သတင်းကိုရတယ်။ ဘာတွေဖြစ်ကြတာလဲ မေးကြည့်တော့ သတင်းအစကရလာတယ်။ ဘာလဲဆိုတော့ဂေါပက အဖွဲ့ခေါင်းဆောင်က ရုံးအုပ်စာရေးကြီးကို တရားစွဲမယ်။ ကိုယ့်ဟာကိုယ်တရားစွဲရင်ရတာပဲ။ ကျန်တဲ့သူကိုပါ ခေါ်ပြီး သဘောတူ မတူမေးတော့ ကျန်သူကစွဲပေါ့။ အဲဒီမှာ ရုံးအုပ်ကြီးကိုတော့ တရားစွဲမယ်။

ငွေအမောက်များ လို့တဲ့ ကျန်ဝန်ထမ်းတွေကိုတော့ တရားမစွဲဘူးတဲ့ လစာထဲကနေ ပြန်ဖြတ်ယူမယ်တဲ့။ အဲဒါကျတော့ မဖြစ်သင့်ဘူးလေ။ ကျပ်သိန်း ၉၀၀ လောက်အလွဲသုံးစားလုပ်ထားတဲ့သူကိုပဲ တရားစွဲမယ်။ ကျန်တဲ့အလွဲသုံးစား လုပ်ထားသူတွေကိုလဲ ဥပဒေအရ ဆောင်ရွက်သင့်တယ်။ တစ်ကျပ်ပဲဖြစ်နေပါစေ ဘုရားငွေတွေလေ။ ဒါကြောင့် အဲလိုတော့ မဖြစ်သင့်ဘူးဆိုပြီး လိုင်းပေါ်တင်လိုက်တယ်။ ဘုရားငွေတွေကိုတော့ ဘုန်းကြီးတို့က ကာကွယ်ရမှာပဲ။ ကျိုက်ထီးရိုးနဲ့ ပတ်သက်ပြီး ဂေါပကအဖွဲ့တွေရဲ့ လုပ်ဆောင်ပုံနည်းလမ်းတွေ မမှားရအောင် ထိန်းသိမ်းဖို့ ဘုန်းကြီးတို့ကို သြဝါဒဆရာတော်တွေအဖြစ်ခန့်အပ်ထားတာလေ။ ဘုရားငွေဆိုတာက တစ်ကျပ် တစ်မတ် သိန်းတစ်ထောင်ဖြစ်နေပါစေ ဘုရားငွေပါ။ ဘုရားငွေကို အလွဲသုံးစားလုပ်ထားခြင်းတူတူ ဥပဒေကလဲ တစ်ခုတည်းရှိရမှာဖြစ်တယ်။

အဲ့လိုမဟုတ်ဘူးဆိုရင် ခံရတဲ့သူက ခံရပြီး မခံရသူက ဒီအတိုင်းပဲဆိုရင် နောင် ဝန်ထမ်းတွေ ဂေါပကအဖွဲ့တွေကို ထိန်းရခက်သွားမယ်။ သုံးသိန်းတို့ သိန်းနှစ်ဆယ်တို့ အလွဲသုံးစား လုပ်ထားတဲ့ ဝန်ထမ်းတွေကိုတော့ လစာထဲကနေ ပြန်ဖြတ်ပြီး ဘုရားငွေကို ပြန်ဆပ်ခိုင်းမယ်။ ပြောရရင်တော့ အရစ်ကျစနစ်ကိုများ အားကျနေလား မသိဘူး။ ဘုရားငွေဆိုတာ အရစ်ကျပြန်ဆပ်လို့ မရဘူးလေ။ ဘုရားဘဏ္ဍာငွေတွေနဲ့ ပတ်သက်ပြီး အဂတိ အထိ တင်ဖူးတယ်။ ဒါပေမဲ့ ဘာမှ မလှုပ်လာဘူး။ ဘုရားငွေကို အလွဲသုံးစားလုပ်ပြီး ဒီအတိုင်း ပြန်ဆပ်လို့ရမယ်ဆိုရင် ကြာရင် ဘုရားကျောက်လုံးကြီးပါ။ ပျောက်သွားမှာ စိုးရတယ်။”ဟု ကျိုက်ထီးရိုး စေတီတော် သြဝါဒစရိယအဖွဲ့ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာအရှင် ဇောတိက (ဆိပ္ဖူးတောင် ဆရာတော်)က မိန့်ကြားသည်။

ကျိုက်ထီးရိုးစေတီတော်နှင့် ပတ်သက်ပြီး ကဏ္ဍစုံမှ ရရှိသော အလှူငွေများ၊ နိုင်ငံခြားငွေများ၊ ရတနာများအား တိကျသေချာစွာရှိ မရှိ သိရှိနိုင်ရန် နိုင်ငံတော်အဆင့် စာရင်းစစ်အဖွဲ့မှ လာရောက်စစ်ဆေးပေးစေလိုပြီး ခေတ်အဆက်ဆက်ဂေါပကအလွှဲအပြောင်းများကြောင့် ဘုရားဘဏ္ဍာတော်ငွေ တည်ရှိမှုအခြေနေအား ယခုအစိုးရလက်ထက်တွင် တိကျသေချာစွာ စစ်ဆေးပေးစေလိုကြောင်း ဆရာတော် ဆက်လက်မိန့်သည်။ ငွေအလွဲသုံးစားလုပ်သည့် ငွေများမှာ လျှပ်စစ်မီးကဏ္ဍာမှ ငွေများ၊ ရင်ပြင်တော်ကျောက်ပြားများခင်းချိန်တွင် ရေမြောင်းဖောက်လုပ်ခြင်းများအပါဝင် ကဏ္ဍစုံမှ ငွေများ ပါဝင်ကြောင်း ကျိုက်ထီးရိုးစေတီတော်သြဝါဒစရိယ ဆရာတော်များထံမှ သိရသည်။ ဘုရားဘဏ္ဍာငွေအလွဲသုံးစားပြုလုပ်သည့် ဝန်ထမ်းများမှာ ဘုရားဘဏ္ဍာငွေဖြင့် ခန့်အပ်ထားသော ဝန်ထမ်းများ ဖြစ်ပြီး ရင်ပြင်တော်စခန်းငွေစာရင်းဌာန ဝန်ထမ်းတစ်ဦးမှ ငွေကျပ်သိန်း ၉၀၀ ကျော်၊ ရင်ပြင်တော်စခန်း စာရေးကြီး တစ်ဦးမှ ငွေကျပ်သိန်း ၂၀ ကျော်၊ ရင်ပြင်တော်စခန်း စာရေးငယ်တစ်ဦးမှ ငွေကျပ် ၃ သိန်းကျော်၊ ကင်မွန်းစခန်းဂေါပကရုံးစာရေးတစ်ဦးမှ ငွေကျပ် သိန်း ၂၀ ကျော် အလွှဲသုံးစားပြုလုပ်ထားကြောင်း ကျိုက်ထီးရိုး စေတီတော် သြဝါဒစရိယဆရာတော်များထံမှ သိရသည်။

“ကျိုက်ထီးရိုးစေတီတော် ဘဏ္ဍာငွေတွေနဲ့ ပတ်သက်ပြီး အခုစာရင်းစစ်အဖွဲ့တွေက စစ်ဆေးနေဆဲ ကာလ ဖြစ်ပါတယ်။ စာရင်းစစ်အဖွဲ့က စစ်ဆေးပေါ်ပေါက်မှုအပေါ် မူတည်ပြီး စာရင်းစစ်အဖွဲ့က ထွက်လာတဲ့ အစီရင်ခံစာအရ ငွေအလွဲသုံးစားလုပ်တယ်လို့ ပေါ်ပေါက်လာရင် ဥပဒေအရ အရေးယူသွားမှာပါ။”ဟု ကျိုက်ထီးရိုးစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ခေါင်းဆောင် တစ်ဦးက ပြောသည်။ ကျိုက်ထီးရိုးစေတီတော်သည် မြန်မာတွင်သာမက ကမ္ဘာတွင်ပါ ထင်ရှားကျော်ကြားသော စေတီတော်တစ်ဆူ ဖြစ်သည့်အတွက် နှစ်စဉ် ပြည်တွင်း ပြည်ပ ဘုရားဖူး ၃ သန်းခန့် လာရောက်သည့်နေရာဖြစ်သည်။

ဘုရားဖူးပြည်သူအလာများသည့် နေရာတစ်ခုဖြစ်သည့်အတွက် စေတနာရှင်အလှူရှင်များ၏ လှူဒါန်းငွေများ၊ ဘက်စုံကဏ္ဍများမှ ရရှိနေသည်ဖြစ်ရာ ၂၀၂၀ ဧပြီလ ၃၀ ရက်အထိ ကျိုက်ထီးရိုး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ လက်ကျန်ငွေစာရင်းချုပ်အရ ငွေကျပ် ၁၅၉၇၅၉၁၃၆၅၉.၈၂ လက်ကျန်ရှိနေပြီး၊ နိုင်ငံခြားငွေများနှင့် ရတနာများလည်းရှိနေသေးကြောင်း သြဝါဒစရိယဆရာတော်များထံမှ သိရသည်။