Covid-19 လူတစ်ယောက် ကို၂ကြိမ် မကူးစက်နိုင်ကြောင်း ကိုရီး ယားသိပ္ပံပညာရှင် များ ပြော

ရော ဂါကို အောင်နိုင်ပြီးမှာ ဝေဒနာပြန်ခံစားရတဲ့ ကိုရိုနာဗိုင်းရပ်စ်လူနာတွေဟာ တကယ်တော့ စမ်းသပ်မှုချွတ်ယွင်းတာကြောင့်ဖြစ်တယ်လို့ တောင်ကိုရီးယားသိပ္ပံပညာရှင်တွေက ပြောကြားပါတယ်။ အခုတော့ တောင်ကိုရီးယား ရောဂါထိန်းချုပ်ကာကွယ်ရေးဌာန (CDC)က သုတေသီတွေက Covid-19 ဗိုင်းရပ်စ်ဟာ လူ့ခန္ဓာကိုယ်ထဲမှာ တစ်ကျော့ပြန် ရှင်သန်နိုးထမလာနိုင်ဘူးလို့ ပြောကြားလိုက်ပြီဖြစ်ပါတယ်။

တောင်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၁၀၀၀၀ကျော်ရှိရာမှာ သေဆုံးသူက ၂၄၅ယောက်ရှိခဲ့လို့ အမှန်တကယ်သေဆုံးမှုနှုန်းက ၂.၃ရာနှုန်းသာရှိတာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဖော်ပြတဲ့ ပျမ်းမျှ ၃.၄ရာနှုန်းထက် လျော့နည်းတယ်လို့ ဆိုပါတယ်။
နိုင်ငံထဲက လူနာ ၂၇၇ယောက်တို့ဟာ တရုတ်နဲ့ ဂျပန်က လူနာတွေလိုပဲ ဒုတိယအကြိမ် တစ်ကျော့ပြန်ဖျားနာတယ်လို့ ယူဆထားကြလို့ လူတွေဟာ နောက်တစ်ကြိမ်မကူးအောင် ကိုယ်ခံအား မရနိုင်တဲ့အထိကို ဗိုင်းရပ်စ်က လျင်မြန်စွာ မျိုးဗီဇ ပြောင်းလဲနိုင်သလားဆိုပြီး စိုးရိမ်မှုတွေ ထွက်ပေါ်လာနေခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇကို သရုပ်ခွဲမှုတွေအရ ကိုယ်ခံအားစနစ်က မမှတ်မိနိုင်လောက်အောင် ရုပ်ဖျက်နိုင်တဲ့ ကြီးကြီးမားမားအပြောင်းအလဲရယ်လို့ မတွေ့ကြဘူးလို့ ဆိုပါတယ်။ ဒီသတင်းတွေကြောင့်ပဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဗိုင်းရပ်စ်ကို ခံနိုင်ရည်ရှိသွားပြီဆိုတဲ့ အကြောင်းအချက်တစ်ခုတည်းနဲ့ လူတွေကို လုပ်ငန်းခွင်ပြန်ဝင်ခွင့်ပြုတဲ့ ကိုယ်ခံအားအာမခံလက်မှတ် (immunity passports)လို့ခေါ်တဲ့ လက်မှတ်တွေထုတ်ပေးနေတဲ့ အစိုးရတွေကို သတိပေးနေခဲ့တာပဲ ဖြစ်ပါတယ်။

ကိုယ်ခံအားအာမခံလက်မှတ်ဆိုတာကတော့ နိုင်ငံတွေ ပုံစံတစ်မျိုးနဲ့ ကိုရိုနာဗိုင်းရပ်စ်ပိတ်သိမ်းမှုကို ပြန်ဖွင့်ပြီး စီးပွားရေးလှုပ်ရှားမှုတွေကို ပြန်လည်စတင်စေနိုင်မယ့် နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီလက်မှတ်တွေကို Covid-19 ရောဂါကို ကျော်လွှားနိုင်ပြီး ဗိုင်းရပ်စ်ကို ခံနိုင်ရည်အားလည်းရသွားသူတွေ ရောဂါပြီးသွားပြီဆိုတဲ့ ယူဆချက်အပေါ်မှာ အခြေခံပြီး ထုတ်ပေးတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း တောင်ကိုရီးယားရဲ့ ရောဂါထိန်းချုပ်ကာကွယ်ရေးဌာနကတော့ သံသယရှိဖွယ် တစ်ကျော့ပြန်ကူးစက်လူနာတွေရဲ့ စမ်းသပ်ရလဒ်တွေဟာ မှားယွင်းပြီး အရှိပြနေတာဖြစ်ပြီး သူတို့အသုံးပြုတဲ့ စမ်းသပ်နည်းကလည်း ဗိုင်းရပ်စ်ရဲ့ ရှင်သန်ဆဲအကြွင်းအကျန်တွေနဲ့ ပြန်ကောင်းလာတဲ့လူနာတွေမှာ ကျန်ရစ်နေတဲ့ အသေကောင်တွေကို ခွဲခြားနိုင်စွမ်းမရှိဘူးလို့ သတိပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် လူ့ဆဲလ်တွေထဲ ချိုးဖျက်ဝင်ရောက်ပြီး ပြန်လည်ထကြွမလာမီ နှစ်ပေါင်းများစွာ ပုန်းကွယ်နေနိုင်တဲ့ HIV နဲ့ ဝက်သက်လို ဗိုင်းရပ်စ်တွေနဲ့ မတူဘဲ ကိုရိုနာဗိုင်းရပ်စ်ဟာ လက်ခံဆဲလ် ဝတ်ဆံရဲ့ အပြင်ဘက်မှာပဲ နေနိုင်တာကြောင့် နာတာရှည်ကူးစက်မှု (ဒါမှမဟုတ်) တစ်ကျော့ပြန်ကူးစက်မှုကို မဖြစ်စေနိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်ပါပဲလို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း အနာဂတ်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ မျိုးဗီဇပြောင်းပြီး တုပ်ကွေးလိုပဲ ပြန်ကောင်းလာတဲ့လူနာတွေကိုလည်း တစ်ကျော့ပြန်ကူးစက်လာနိုင်ကောင်းတယ်လို့ ဆိုပါတယ်။

Writer_ နေဇင်ထွန်း ( XYZ News )
Source : Sky News