မေလးရွားေ ရာက် မြန်မာတွေ အတွက် အေရးေ ပၚ သတိေ ပးမႈ ကို ပြောကြားလာ (ရွှေမြန်မာတွေ ဒုက္ခမရောက်ရအောင် မျှဝေပေးပါအုံးနော်)

COVID-19 ကပ်ေ ရာဂါကြောင့် အခက်တွေ့နေကြတဲ့ မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားတွေ မသမာသူတွေရဲ့ လိမ်လည်မှုခံရမယ့် အန္တရာယ်နဲ့ပါ နောက်ဆက်တွဲ ကြုံနေရပါတယ်။ အပြည့်အစုံကို မဆုမွန်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသား အလုပ်သမားတွေ အလုပ်အကိုင်နဲ့ စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြသလို အဖမ်းအဆီးတွေကြောင့် နေရပ်ပြန်ချင်သူတွေ တိုးလာနေတာနဲ့အမျှ မသမာသူတွေက အခွင့်ကောင်းယူဖို့ ကြိုးပမ်းမှုတွေလည်း ရှိလာတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ဒီအတွက်လည်း နေရပ်ပြန်ချင်သူ မြန်မာနိုင်ငံသားတွေ အထူးသတိထားကြဖို့ မြန်မာသံရုံးနဲ့အတူ အလုပ်သမားရေး လိုက်လံဆောင်ရွက်ပေးနေတဲ့ ဦးသီဟမောင်မောင်က ပြောပါတယ်။

“အဓိကကတော့ ဒီအချိန်မှာက အလုပ်လက်မဲ့ ဖြစ်တဲ့သူတွေက တော်တော်များနေတဲ့ အခါကျတော့ ဒါကို အခွင့်ကောင်းယူပြီးတော့ လူတွေက လိမ်ချင်ကြတာပေါ့နော်။ အခု တော်တော်များများက အရမ်းကို ပြန်ချင်ကြတယ်။ အခုလက်ရှိဖြစ်နေတဲ့ အနေအထားမျိုးမှာ မလေးရှားအစိုးရက လုပ်ပေးတဲ့ တရားမဝင် အလုပ်သမားတွေ ဒဏ်ကြေးသက်သက်သာသာနဲ့ ပြန်လို့ရမယ့် B4G (Back For Good) အစီအစဉ်ကလည်း အခုအချိန်မှာ ဘယ်လိုမှ မဖြစ်နိုင်သေးဘူး။

“ဒါပေမယ့် အဲ့လိုအနေအထားမှာ ပြန်ချင်သူက အရမ်းပြန်ချင်တဲ့ အခါကျတော့ လိမ်တဲ့သူတွေက အခုအချိန်မှာ ပြန်လို့ရပါပြီ၊ အပေါ်လမ်းက ပြန်မယ်ဆိုလည်း CI (Citizen of Identification) လျှောက်လို့ရပါပြီ၊ စရံငွေတွေ ပေးထားလို့ရပါပြီဆိုတဲ့ ဒါက လိမ်နည်းတမျိုးပေါ့နော်။ အောက်လမ်းက ပြန်မယ်ဆိုလည်း စီစဉ်ပေးမယ်၊ မြန်မာပြည် ပြန်ရောက်ရင်တောင် အလုပ်အကိုင် အခွင့်အလမ်းတွေ ရပါပြီဆိုတဲ့ သဘောမျိုး လိုင်းပေါ်မှာ ဒါ ပေါ်ပေါ်တင်တင်ကို လိမ်တဲ့ဟာတွေ တွေ့နေလို့ အထူးသတိထားကြဖို့ ကျနော်တို့က ချပြတာပါ။”

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးခံနေသည့် အမျိုးသားတဦး။ (မေ ၁၅၊ ၂၀၂၀)

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် မလေးရှားနိုင်ငံတွင်း စီးပွားရေးလုပ်ငန်းတွေ တော်တော်များများ ထိခိုက်သလို လုပ်ငန်းခွင်တွေလည်း ရပ်နားကုန်တာကြောင့် အလုပ်လက်မဲ့ ဖြစ်ကြသူတွေထဲ မြန်မာအလုပ်သမား အများအပြားလည်း ပါဝင်ပါတယ်။ ဒီလို အလုပ်လက်မဲ့ ဖြစ်နေကြတဲ့ မြန်မာအလုပ်သမားတွေကို အလုပ်အကိုင် အခွင့်အလမ်းနဲ့ မက်လုံးပေး လိမ်လည်သူတွေ ရှိနေတဲ့အတွက် သတိထားဖို့လည်း ဦးသီဟမောင်မောင်က တိုက်တွန်းပါတယ်။

“နောက်တခုက အခု ကိုဗစ်ဖြစ်ချိန် သူဌေးတော်တော်များများက အလုပ်တော်တော်များများက ရပ်ပြီး အလုပ်သမားတွေလည်း မခန့်တော့ဘူး။ အထူးသဖြင့် ကိုဗစ် Test လုပ်ရမှာမျိုးဆိုတော့ တရားမဝင် အလုပ်သမားတွေ ဆေးရုံဆေးခန်းသွားဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ အဲ့လိုလူတွေ အလုပ်လက်မဲ့တွေ တော်တော်များများ ဖြစ်လာနေကြတယ်။ အဲ့လိုဖြစ်နေပါတယ်ဆိုမှ လိမ်တဲ့နောက်တမျိုးက တိုးလာပြီး အလုပ်တွေ သွင်းပေးပါမယ်ဆိုပြီး ဘယ်အလုပ်ကတော့ လုပ်လို့ရတယ်၊ လစာဘယ်လောက်ရမယ်ဆိုပြီး အဲ့လိုမျိုးတွေ လိမ်ပြီးတော့၊ တကယ့်တကယ်လည်းကျရော မဟုတ်ဘဲနဲ့ အလုပ်သမားလေးတွေဆီက မရှိမဲ့ရှိမဲ့ အလုပ်သွင်း ပွဲစားတွေကလည်း တမျိုးပေါ့နော်။”

မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို ထိန်းချုပ်ဖို့ သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားချိန်မှာ အခက်ကြုံနေရတဲ့ မြန်မာအလုပ်သမားတွေကိုတော့ လတ်တလောမှာ ပရဟိတအဖွဲ့တွေနဲ့ အလုပ်သမားရေး ဆောင်ရွက်ပေးနေသူတွေက ထောက်ပံ့ ကူညီပေးနေကြတာပါ။ ကပ်ရောဂါကြုံရချိန်မှာ တရားမ၀င် နေထိုင်သူတွေအဖြစ် ဖမ်းဆီးခံရသူတွေ အတွက်ကတော့ စိုးရိမ်စရာကောင်းတယ်လို့ ဦးသီဟမောင်မောင်က ပြောပါတယ်။

“အခု သူတို့က အနီရောင်သတ်မှတ်ထားတဲ့ မြန်မာတွေ အနေများတဲ့ အဲ့ဒီ့နေရာတွေမှာ Lock Down စဖြေပေးနေပြီ။ ဒါပေမယ့် ပြဿနာက ဘာလဲဆိုတော့ Lock Down ချပြီး စာရင်းတွေကောက်တဲ့အချိန်မှာ တရားမဝင် နေထိုင်သူတွေ တွေ့တော့ ဖမ်းတာ ၁,၆၀၀ လောက်ရှိနေတယ်။ အဲ့မှာ တော်တော်များများ အဖမ်းခံလိုက်ရတာ ရှိတယ်။ ကမ့်ပ်တွေထဲမှာ လွတ်ရက်ပြည့်တဲ့သူရော အဖမ်းခံရတဲ့သူရော အရေးပေါ်ကာလ ကမ့်ပ်တွေထဲ အရမ်းများလာတဲ့ အနေအထားဖြစ်နေတာ စိုးရိမ်စရာဖြစ်တယ်။ ပေါ့စတစ်ဖြစ်တဲ့သူတွေလည်း ပါလာတယ်။ အခုတော့ Lock Down ချထားတဲ့နေရာမှာ တချို့ ပုန်းနေကြဆဲသူတွေလည်း ရှိတယ်။ လောလောဆယ်တော့ ရှောင်ပြီးနေနေကြတဲ့သူတွေ များလာတယ်။”

မလေးရှားနိုင်ငံတွင်း ကပ်ရောဂါကာလ သွားလာလှုပ်ရှားမှုတွေကို ဖြေလျှော့ပြီး လုပ်ငန်းတွေ ပြန်လည်စတင်တဲ့အခါ ရောဂါကင်းစင်မှု ရှိ-မရှိ စစ်ဆေးသွားမှာပါ။ လတ်တလော မလေးရှားနိုင်ငံမှာတော့ COVID-19 ကပ်ရောဂါကြောင့် သေဆုံးသူ ၁၀၀ ကျော် အပါအ၀င် ကူးစက်သူ ၇,၇၀၀ ကျော် ရှိနေပြီး ခန့်မှန်းချေ မြန်မာအလုပ်သမား ၅၀ ကျော်ဟာလည်း ရောဂါပိုး ကူးစက်ခံထားရပါတယ်။ မူရင်း ဗွီအိုအေ