နေကြတ် ခြင်းကို- သူရိယ ဂရဟဏ် (सूर्यग्रहण) လို့ ခေါ်ပါတယ်။ ကျွန်တော်တို့ သိထားကြတဲ့- ဂြိုဟ် ဆိုတဲ့ ဝေါဟာရ ဟာ ဂြဟ = ဂရဟ (ग्रह) ဖြစ်ပြီး၊ ဂရဟ ဆိုတာက- ဖမ်းစားခြင်း၊ သိမ်းပိုက်ခြင်း လို့ ခေါ်ပါတယ်။ ၂၀၂၀ အတွင်းမှာ ထုတ်ဝေဖြစ်မယ့်- ဂရဟဆုတြ ကျမ်းမှာ ဒါတွေကို အသေးစိတ် ရေးသား ထားပါတယ်။

နေကြတ် တာကို- မိဟိရာပဒ် (मिहिरापद्) လို့ဖြစ်စေ၊ ပရိဂရဟ (परिग्रह) ဖြစ်စေ၊ အရ်ကဂရဟ (अर्कग्रह) ဖြစ်စေ၊ ရ၀ိဂရဟ (रविग्रहण) ဖြစ်စေ အမျိုးမျိုး ခေါ်ကြပေမယ့်- အဓိက အခေါ်ကတော့- သူရိယ ဂရဟဏ် ဖြစ်ပါတယ်။နေကြတ်တာ ဖြစ်စေ၊ လကြတ် တာ ဖြစ်စေ ကို ဥပဆရ်ဂ (उपसर्ग) လို့လည်းကောင်း၊ ပရာဂ (पराग) လို့ လည်းကောင်း ခေါ်ပြန်ပါတယ်။

နေကိုဖြစ်ဖြစ်၊ လကို ဖြစ်ဖြစ် – မြန်မာ အခေါ် သဗ္ဗကြတ် ဆိုတဲ့- တခုလုံး အမှောင်ဖုံးတာကို – ၀ိမဂရ်ဒ (विमर्द)၊ ဒါမှ မဟုတ် သမ္မီလန (सम्मीलन) လို့လည်း ခေါ်ပေမယ့်- မြန်မာတွေ သုံးသလို- “သဗ္ဗ” လို့တော့ သူတို့ မသုံးကြ တာ တွေ့ရပါတယ်။ “သဗ္ဗ” ကို- သက္ကတ လို ဆရ်ဗ (၀ါ) သရ်ဗ (सर्व) လို့ ရေးသားပါတယ်။

Partial Eclipse ဆိုတဲ့ တပိုင်း တစ ကြတ်တာ ဆိုယင်- တာဍန (ताडन)၊ မြန်မာ လို အသံထွက် အားဖြင့် တာဒန လို့ ခေါ်ပါတယ်။ (ဍ -ရင်ကောက် နှင့် ဒ မှာ ဌာန် မတူပေမယ့်- ဍ -ရင်ကောက် မဖတ်တတ်သူများ ရှိမှာ မို့ တာဒန- လို့ လည်း ရေးပေးလိုက်ပါတယ်။)

အခု ဒီဇင်ဘာလ ၂၆-၂၀၁၉ မှာ နေကြတ် မှာက- နေအကွင်းလိုက် ကြတ်တာ Annular Eclipse ဖြစ်တဲ့ အတွက်- အဲဒါကို – ၀လယ- ဂရဟဏ (वलय-ग्रहन) လို့ ခေါ်ပါတယ်။

ဒေ၀နာဂရီ စာတွေ နဲ့ တမင် ရေးသားပေးတာ က – မြန်မာပြည်မှာ ဟင်ဒီ စာတတ်သူ အများအပြား ရှိပါတယ်။ သူတို့ အနေနဲ့ ဒေ၀နာဂရီ စာလုံးကို ဖတ်ယင် အသံမှန် ကို တန်းသိနိုင်ပါတယ်။ သက္ကတ အသံထွက် ကို- မြန်မာလို ဖြစ်စေ၊ အင်္ဂလိပ်လို ဖြစ်စေ နဲ့ ရေးသားကြယင်း ချွတ်ချော်မှုများ ဖြစ်နိုင်တဲ့ အတွက်- ဒေ၀နာဂရီ စာနဲ့ ပြပေးတဲ့ အခါ- ဟင်ဒီ စာ တတ်သူများ- ကောင်းစွာ အဆင်ပြေစေဘို့ ဖြစ်ပါတယ်။

အိန္ဒိယ အပါအ၀င်- ရှေးဟောင်း ထုံးစံကို လိုက်နာတဲ့ လူမျိုးတွေမှာ- နေကြတ် ချိန်- အစားအသောက် စားသောက်ခြင်း အထူးရှောင်ကြဉ်ကြပါတယ်။နေကြတ်ချိန်မှာ- နေကနေ မိမိတို့ဆီ ရောက်လာတဲ့ နေရောင်ခြည်ရဲ့ – wavelength နဲ့ intensity တွေ ပြောင်းလဲသွားပါတယ်။ အထူးသဖြင့် ခရမ်းလွန် ရောင်ခြည် ပါဝင်မှု ပိုများလာတယ် ဆိုပါတယ်။ အဲဒါတွေက- အစားအသောက်မှာ ရှိတဲ့- micro-organisms တွေ ပေါ်မှာ သက်ရောက်မှု ရှိပါတယ်။

ဒါကြောင့် အာယုဗ္ဗေဒ ပညာမှာ – နေမကြတ် ခင် ၂- နာရီ အလိုတည်းက အစားမစား ရလို့ တားမြစ်ထားပြီး၊ ကျေညက်ခဲ၏ လို့ ဆိုထားပါတယ်။ နေကြတ် ပြီးယင် လို့ အစာစားယင်လည်း ကျေညက်လွယ်တဲ့ အစာတို့ကို စားသင့်တယ် လို့ ဆိုပါတယ်။သိပ္ပံနဲ့ ပြောပြလို့ မရတဲ့ အခြားအချက်တွေလည်း ရှိဦးမှာ သေချာပါတယ်။

နေကြတ်ချိန်မှာ- လုပ်ဆောင်ရန်များ

– နေကြတ် ကလွတ်ပြီးနောက် ရေချိုးပစ်ပြီး၊ အ၀တ်အစား များ လဲရပါမယ်။

– ကိုယ်ဝန်ဆောင် အမျိုးသမီးများ အနေနဲ့- အိမ်ထဲကနေ အိမ်ပြင် မထွက်သင့်ပဲ၊ မိခင်ကိုရော ၀မ်းထဲက သန္ဓေသားကိုပါ ထိခိုက်စေလို့ နေရောင်ကို လုံးဝ ရှောင်ကြပါလို့ ဆိုပါတယ်။

– နေမကြတ် ခင်က ပြင်ဆင် ထားတဲ့ အစားအစာ များကို လွှင့်ပစ်သင့်ပါတယ်။ တကယ်လို့ မလွှင့်ပစ်နိုင်ဘူး ဆိုယင်- နေကြတ်ချိန် မတိုင်မီ ကတည်းက- ပင်စိမ်း အရွက်တွေနဲ့ အုပ်ကာ ထားရပါမယ်။ ဒီနေရာမှာ သက္ကတ လိုတော့ ဒရ်ဘ မြက် – ကုသျှ မြက် (दर्भ/कुश) လည်း ခေါ်တဲ့ သက်ငယ်မြက် နဲ့ ဖြစ်စေ၊ မြေဇာ မြက်နဲ့ ဖြစ်စေ၊ အစားအစာများ၊ သောက်ရေကန် များကို အုပ်ကာ ပေးနိုင်ပါတယ်။

– တရားထိုင်ခြင်း၊ အလှူ ပေးခြင်း ကို နေကြတ်ချိန်မှာ လုပ်ခြင်းဟာ မင်္ဂလာ အင်မတန် ရှိတယ် ဆိုပါတယ်။

– သူရိယ ဒေ၀တာ အတွက် မန္တာန် ရွတ်ဆို နိုင်ပါတယ်။

နေကြတ်ချိန်မှာ- ရှောင်ကြဉ်ရန်များ။

• နေကြတ် နေချိန်အတွင်း အစားစားခြင်း၊ ရေသောက်ခြင်း ရှောင်ပါ။

• နေကြတ်ပြီး နေရောင်သင့်တဲ့ အစားအသောက်များ မစားပါနဲ့။

• နေကြတ်နေချိန်မှာ ထမင်းဟင်းချက်ခြင်း၊ အစားအသောက် ပြင်ဆင်ခြင်း မပြုပါနဲ့။

• နေကြတ် နေချိန် အတွင်း ခရီးမသွားပါနဲ့။

• အရေးကြီးတဲ့ အလုပ်အကိုင်၊ မင်္ဂလာ အမှုတွေ မပြုရပါ။

ဘာပဲပြောပြော- ဒါလေးတွေ လိုက်နာယင် အကျိုးမယုတ် ဘူး ထင်လို့ မျှဝေပေးလိုက်ရပါတယ်။

နေကြတ်ချိန် မနက် ဖမ်းစ ၈-နာရီ၅၉မိနစ်၄၄စက္ကန့်ပါ

ဖမ်းလယ်_၁၁နာရီ၄၈မိနစ်၅၃စက္ကန့်ပါ

လွတ်ချိန်–ညနေ-၄နာရီ၃၅မိနစ် ၃၆စက္ကန့်ပါ

အားလုံး ကျန်းမာ ချမ်းသာကြပါစေ။

နျူမာန် (မိုးတား)၁၉-ဒီဇင်ဘာ၊ ၂၀၁၉