တောင် ကိုရီးယားနိုင်ငံရဲ့ အနုပညာရှင်စုံတွဲတွေများစွာထဲမှာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အများဆုံးရရှိခဲ့တဲ့စုံတွဲတစ်တွဲကတော့ ဆောင်းဆောင်းစုံတွဲလို့ ပရိသတ်တွေက ချစ်စနိုးခေါ်ဝေါ်ကြတဲ့ Song Joong Ki နဲ့ Song Hye Kyo တို့ စုံတွဲပဲဖြစ်ပါတယ်။

သူတို့ ၂ ဦးဟာ ဇာတ်ကားအတူတွဲဖက်ရိုက်ကူးခဲ့ပြီးနောက် မေတ္တာမျှခဲ့ကြကာ ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာတော့ လက်ထပ်ခဲ့ကြပေမယ့်လည်း အိမ်ထောင်သက်တမ်း ၁ နှစ်နဲ့ ၈ လအကြာမှာတော့ တရားဝင်ကွာရှင်းပြတ်စဲခဲ့ပါတယ်။

သူတို့ ၂ ဦး ချစ်ကြိုက်နေကြတယ်၊ လက်ထပ်ကြတော့မယ်ဆိုတဲ့ သတင်းတွေထွက်ရှိလာခဲ့ချိန်တုန်းကလည်း ပရိသတ်တွေအနေနဲ့ အံ့သြဝမ်းသာခဲ့ကြရသလို ကွာရှင်းကြတော့မယ်ဆိုတဲ့သတင်း ထွက်ရှိလာချိန်မှာလည်း မယုံကြည်နိုင်ဖြစ်ခဲ့ကြရပြီး အခုတစ်ခါမှာတော့ ပရိသတ်တွေကို ထပ်မံအံ့သြစေနိုင်တဲ့သတင်းတစ်ခု ထွက်ပေါ်လို့လာပြန်ပါပြီ။

အဲဒါကတော့ ထိုင်ဝမ်သတင်းစာဖြစ်တဲ့ China Times ကနေ ထွက်ရှိလာခဲ့တဲ့ ကောလဟာလသတင်းတစ်ခုဖြစ်ပြီး ထွက်ရှိနေတဲ့သတင်းအရတော့ Song Joong Ki နဲ့ Song Hye Kyo တို့ ၂ ဦးဟာ ပြန်လည်ပေါင်းသင်းနိုင်တဲ့အခြေအနေရှိတယ်ဆိုတာပါပဲ။
ဒီလိုသတင်းတွေထွက်ရှိခဲ့ရတဲ့အကြောင်းအရင်းကတော့ Song Hye Kyo တစ်ယောက် လက်ထပ်လက်စွပ်ကို ဝတ်ဆင်ပြီး ပွဲအခမ်းအနားတစ်ခုကို တက်ရောက်ခဲ့ရာကနေ အစပြုခဲ့တာဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၇ ရက်နေ့တုန်းက China Times သတင်းစာဟာ လက်ထပ်လက်စွပ်ကို ဝတ်ဆင်ထားတဲ့ Song Hye Kyo ဆိုတဲ့ခေါင်းစဉ်နဲ့ရေးသားထားတဲ့ သတင်းဆောင်းပါးတစ်ပုဒ်ကိုတင်ခဲ့ပြီးနောက်

Song Joong Ki နဲ့ Song Hye Kyo တို့ ပြန်လည်ပေါင်းသင်းနိုင်တယ်ဆိုတဲ့သတင်းစကားတွေဟာ အွန်လိုင်းအသုံးပြုသူ ပရိသတ်တွေအကြားမှာ အချိန်တိုအတွင်းပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။

သတင်းထွက်ပေါ်လာမှုရဲ့ အရင်းအမြစ်ဖြစ်တဲ့ Song Hye Kyo ရဲ့ ဓာတ်ပုံဟာဆိုရင်လည်း အလျင်အမြန်ပျံ့နှံ့လို့သွားခဲ့ပြီး အဲဒီအခါမှာတော့ ဒီဓာတ်ပုံဟာ လက်ဝတ်ရတနာအမှတ်တံဆိပ်တစ်ခုအတွက် ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံဖြစ်တယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ China Times သတင်းစာကလည်း Song Joong Ki နဲ့ Song Hye Kyo တို့ကို ပြန်လည်ပေါင်းသင်းစေချင်ကြတဲ့သူတွေ အများအပြားရှိကြောင်းကို ဖော်ပြရေးသားခဲ့ပါသေးတယ်။

ဒါပေမယ့် Song Hye Kyo ဝတ်ဆင်ထားတဲ့လက်စွပ်ဟာ သူမ ပင်တိုင်မော်ဒယ်အဖြစ် ရိုက်ကူးပေးနေတဲ့ Chaumet အမှတ်တံဆိပ်ရဲ့ လက်ဝတ်ရတနာဖြစ်ကြောင်း၊ Song Hye Kyo ဟာ တစ်ခါတစ်လေမှာ Chaumet လက်စွပ်တွေကို ဝတ်ဆင်ပြီး ပွဲအခမ်းအနားတွေကို တက်ရောက်ကြောင်းကို

အွန်လိုင်းအသုံးပြုသူ ပရိသတ်တွေအနေနဲ့ တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် အခုထွက်ပေါ်လာတဲ့ပုံထဲမှာ Song Hye Kyo ဟာ လက်စွပ်ကို လက်ထပ်လက်စွပ်ဝတ်ရတဲ့ လက်သူကြွယ်မှာ မဝတ်ဆင်ထားပဲ လက်ခလယ်မှာသာဝတ်ဆင်ထားကိုလည်း တွေ့ရှိရပါသေးတယ်။

ပရိသတ်တွေကတော့ ဒီလိုမျိုးထွက်ပေါ်လာတဲ့ သတင်းတွေနဲ့ပတ်သတ်ကာ ဝေဖန်ချက်တွေအမျိုးမျိုးပေးနေကြပြီး အများစုကတော့ သူတို့ချစ်ရတဲ့ အနုပညာရှင်စုံတွဲကို ပြန်လည်လက်တွဲစေချင်ကြတဲ့ စိတ်ဆန္ဒတွေရှိနေကြပါတယ်။

Ref : Koreaboo

Credit Mia (Momolay)