ကျွန်တော် တို့မြန်မာတွေဟာ တကယ့်တော့မညံ့ကြပါဘူး ခေတ်စနစ်အရ နှိပ်ကွတ်မှု ပစ်ပယ်မှု့တွေကြောင့်သာ နွံနစ်နေတဲ့ ပတ္တမြား ဖြစ်နေကြတာကို မြန်မာ့ပထမဦးဆုံးစက်ရုပ်တီထွင်သူကြီး ဦးကြည်က သက်သေခံနေပါတယ်

ကျွန်တော်တို့ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအနက် နည်းပညာ အဆင့်အတန်းအရ တစ်ခေတ်တစ်ခါက များစွာ ထွန်းပေါက်အောင်မြင်ခဲ့သည့် နိုင်ငံတစ်ခု ဖြစ်ခဲ့သည်။ ခေတ်၊ စနစ် အခြေအနေများနှင့် အကြောင်းအမျိုးမျိုးကြောင့်သာ အိမ်နီးချင်းနိုင်ငံများနောက် နိမ့်ကျကျန်နေခဲ့ရခြင်းသာ ဖြစ်သည်။ တစ်ချိန်က အရှေ့တောင်အာရှတွင် အကြီးဆုံးဟု ဆိုနိုင်သည့် အင်းစိန် GTI ကျောင်းကြီးမှလည်း အတတ်ပညာရှင်၊ အသိပညာရှင်များစွာကို မွေးထုတ်ပေးနိုင်ခဲ့သည်။ ယင်းကျောင်းကြီး၏ သက်တမ်းသည်ပင် နှစ်ပေါင်း ၁၂၀ ကျော်လာခဲ့ပြီ ဖြစ်ပါတယ်

အစဉ်အလာကောင်းများဖြင့် သမိုင်းမှာကျော်ကြားခဲ့သည့် အင်းစိန် GTI ကျောင်းကြီးမှ များစွာသော အတတ်ပညာရှင်များ၏ ဖန်တီးတီထွင်မှုများအနက် တိမ်မြုပ်ပျောက်ကွယ်ခဲ့ရသည့် မြန်မာ့ပထမဆုံး စက်ရုပ်တီထွင်သူ စက်ပစ္စည်း ထိန်းသိမ်းရေး ပညာသင်ကျောင်း ကျောင်းအုပ်ဆရာကြီး ဦးကြည်နှင့် တွေ့ဆုံပြီး ဦးကြည် တီထွင်ခဲ့သည့် ဆေးမှုတ်သည့် စက်ရုပ်အပါအဝင် သူတီထွင်နိုင်ခဲ့သည့် စက်များအကြောင်းကို တွေ့ဆုံမေးမြန်း ဖော်ပြလိုက်ပါတယ်

မေး – ဆရာ့အနေနဲ့ စက်ရုပ်တွေ၊ စက်တွေ အများကြီး တီထွင်ခဲ့တဲ့ အထဲက ပထမဆုံးအနေနဲ့ မြန်မာ့ပထမဆုံး ဆေးမှုတ်နိုင်တဲ့ စက်ရုပ်တီထွင်ခဲ့တဲ့ အချိန်က ဘယ်လိုစိတ်ကူး ရခဲ့သလဲ။ အချိန်ကာလအားဖြင့်ဆိုရင် ဘယ်နှခုနှစ်လောက် ဖြစ်မလဲ ခင်ဗျ။

ဆရာကြီး – ဆေးမှုတ်နိုင်တဲ့ စက်ရုပ်ကို လုပ်ခဲ့တာက ၁၉၈၄-၁၉၈၅ ခုနှစ် ဝန်းကျင်မှာပေါ့။ စက်ရုပ်လုပ်တာက စက်ရုပ်က ထိုင်နိုင်တယ်။ ထိုင်တာကနေ ထရပ်တယ်။ ဒီလိုလုပ်ပြီးတဲ့ အခါကျတော့ ဒီလိုထိုင်ထ ဒါနဲ့တင်မဖြစ်ဘူး။ တစ်ခုခုတော့ လုပ်ပြမှ ဖြစ်မယ်ဆိုတာမျိုး ခေါင်းထဲ ဝင်လာတယ်။ ဒါနဲ့ဘာလုပ်လဲဆိုတော့ စက်ရုပ်ကို ဆေးမှုတ်ခိုင်းမယ်ဆိုပြီး လုပ်တာ။ အဲ့ဒီမှာ သူက ဆေးမှုတ်တဲ့ နေရာမှာလည်း လူတွေဆေးမှုတ်သလို လက်ညှိုးနဲ့ချိတ်ပြီး မှုတ်တာ။ အဲ့ဒါမျိုးရအောင် ကျွန်တော်လုပ်တာ။ အဲ့ဒီမှာ ဆေးမှုတ်တဲ့စက်ရုပ် ဖြစ်လာတာပဲ။ အဲ့ဒီလို ဆေးမှုတ်ပြတဲ့အခါမှာ ဆေးမှုတ်တဲ့ လူတွေကဟာ ဒီကောင် ငါတို့ထက်တောင် ဆေးမှုတ်တာ ညီတယ်ကွလို့ ပြောယူရတယ် ။ အဲ့ဒီလို လုပ်ထားတာ။ စက်ရုပ်လုပ်ဖို့ စိတ်ကူး ဘယ်လိုရသလဲ ဆိုတာတော့ ပြောမနေနဲ့။ ကျွန်တော်က အဲ့ဒီဝါသနာ အရမ်းကြီးတာ။ ဒါကြောင့်လဲ သမိုင်းမှာ

ပထမဆုံး စက်ရုပ်တီထွင်သူ ဆိုပြီး ထည့်ထားတာ။ ၁၉၆၀ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုကို ပညာတော်သင် လွှတ်ခံရတယ်။ အဲ့ဒီမှာ တွေ့ခဲ့တဲ့ စက်မှုနည်းပညာတွေကို လေ့လာခဲ့ပြီး ဒီမှာ အကုန်ပြန်လုပ်တာ။ စက်ရုပ်လုပ်တုန်းကဆိုရင် ကျွန်တော် ပြောပြဦးမယ်။ စက်ရုပ်စလုပ်တော့ ဒန်နဲ့ချည်းပဲ လုပ်ထားတာ။ သံနဲ့ဆိုရင် သံချေးတက်မှာစိုးလို့။ အဲ့ဒီမှာ လက်မောင်းနဲ့ ခြေထောက်နားမှာ အဝိုင်းပြားတွေ အုပ်ဖို့လိုတော့ တပည့်တွေကို ဒန်အိုး သွားဝယ်ခိုင်းပြီး နှုတ်ခမ်းဖြတ်လိုက်တဲ့အခါ အဝိုင်းပြား အုပ်လို့ရသွားတယ်။ ခေါင်းမှာဆိုလည်း ဒယ်အိုး သွားဝယ်ခိုင်းပြီး ဒယ်အိုး ဆောင်းပေးလိုက်တယ်။ အဲ့ဒီလိုတွေလုပ်ပြီး တီထွင်ခဲ့ရတာ။

မေး – ဒီနေရာမှာ ဆက်စပ်သွားလို့ပါ။ ၁၉၆၀ မှာ အမေရိကန်ပြည်ထောင်စုကို ပညာတော်သင် စေလွှတ်ခံရတယ်။ အဲ့ဒီမှာ လေ့လာခဲ့တဲ့ ပညာရပ်တွေကိုလည်း ပြောပြပေးပါဦး။

ဆရာကြီး – အမေရိကကို ပညာတော်သင် လွှတ်တာက မြေတိုင်းပညာ သွားသင်တာ။ ဒီမှာ ကျွန်တော်က GTI မှာ Survey ကို သင်ပေးနေပြီ။ ဒါကို ဟိုမှာ အဆင့်မြှင့်တင်ဖို့ သွားသင်ပါဆိုပြီး လွှတ်လိုက်တာ။ ဟိုမှာ သုံးနှစ် သင်ခန်းစာ၊ လေးနှစ် သင်ခန်းစာတွေ ရှိတယ်။ ကျွန်တော့်ကို ပထမနှစ်၊ ဒုတိယနှစ်တွေက စမတက်ခိုင်းဘဲ နောက်ဆုံးနှစ်ကို တန်းဝင်ခွင့်ပေးတယ်။ အဲ့ဒါလည်း A Grade ရခဲ့တာပဲ။ မြန်မာပြည်ကလည်း တွန်းအားပေးနေတာ။ ဟိုမှာ လျှောက်လည်နေမှာစိုးလို့ A Grade ရအောင် လုပ်ပါလို့ တိုက်တွန်းနေတာ။ အမေရိကမှာ စက်တွေ ကျွန်တော်တွေ့တယ်။ အများအားဖြင့်တော့ လက်ဖက်ရည်စက်တွေ တွေ့တယ်။ ဒီပြန်ရောက်တဲ့ အခါကျတော့

သူတို့က လက်ဖက်ရည်ဖျော်ပြီးသား ပေးတယ်။ ဒီမှာကျတော့ နို့ဆီသတ်သတ်၊ သကြားသတ်သတ်၊ လက်ဖက်ရည်သတ်သတ် ရအောင် ကျွန်တော်လုပ်ပြတယ်။ လုပ်ပြတဲ့အပြင် ပိုက်ဆံအမ်းပေးသေးတယ်။ လက်ဖက်ရည်သောက်ရင် တစ်မတ်အမ်းတယ်တို့၊ ကော်ဖီသောက်ရင် ပြား ၂၀ အမ်းတယ်တို့ ရအောင် ကျွန်တော် လုပ်ပြခဲ့တယ်။ အစိုးရကလည်း တော်တော်သဘောကျတဲ့အတွက် ဂုဏ်ပြုတဲ့အနေနဲ့ တိုက်ခန်းတွေ ဘာတွေပေးတယ်လေ။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဆိုဗီယက်ကိုလည်း လွှတ်တယ်။ အဲ့ဒီမှာပဲ ဒီလိုစက်တွေကို တွေ့ခဲ့ပြီး ဒီမှာပြန်လုပ်တာ။

မေး – ဒီလိုမျိုး မြန်မာနိုင်ငံမှာ စက်ရုပ်တစ်ရုပ်ဖြစ်အောင် လုပ်ရတဲ့ နေရာမှာရော ဘယ်လိုအခက်အခဲတွေ ရှိခဲ့သလဲ။

ဆရာကြီး – စက်ရုပ်က အရုပ်ချည်းပဲ သတ်သတ်ကတော့ လွယ်တာပေါ့ဗျာ။ အရုပ်ဖြစ်အောင် လုပ်လိုက်တာပေါ့။ ကျွန်တော့် စက်ရုပ်ကကျတော့ အလုပ်လုပ်တဲ့ စက်ရုပ်တွေ ဖြစ်နေတဲ့အတွက် စက်မှုပညာတွေ ထပ်ထည့်ရတယ်။ ဥပမာအားဖြင့် ထိုင်တာ၊ ထတာတွေပါ ပါလာပြီလေ။ ထိုင်ဖို့၊ ထဖို့တွေကို စက်မှုနည်းပညာတွေထည့် ရတယ်။ ခုံမှာထိုင်နေတယ်ဆို သူ့ကို ထိန်းချုပ်တာတွေက ခုံအောက်မှာလေ။ ချိန်းကြိုးနဲ့ လုပ်ရတယ်။ ဟိုတုန်းကတော့ တစ်နေကုန်ထိုင်ပြီး ဒါပဲထိုင်လုပ်နေတာကိုးဗျ။ သူ ဘယ်ပြေးမလဲ။ မရရင် နောက်ထပ် ဘာယူလာခဲ့ဆိုပြီး ထပ်လုပ်။ မရရင် နောက်ထပ် ဘာသွားဝယ်ဆိုပြီး ထပ်လုပ်တာပဲ။ အဲ့ဒီပိုက်ဆံတွေ ဘယ်ကရသလဲဆိုတော့ စက်မှုသက်မွေးဦးစီးဌာနက ပေးတယ်။ ကြိုက်သလောက်သုံး။ မနှမြောနဲ့ဆိုပြီး ပြောထားတာ။

ဒါရိုက်တာကိုယ်တိုင် လာတယ်။ ဒီစက်ရုပ်ကို ကြည့်ပြီးတဲ့အခါကျတော့ မင်းအကောင်ကြီးက နာမည်ကျော်မှာ။ မင်းပိုက်ဆံမချွေနဲ့။ ဖြစ်အောင်လုပ်လို့ ပြောလာတာ။ လုပ်ရတာပေါ့။ ဒါရိုက်တာကိုယ်တိုင် ဖိအားပေးလာတာကိုး။ ဒါပေမဲ့ အဆူခံရသေးတယ်။ မင်းကို ငါပြောထားတယ်။ ပိုက်ဆံမချွေပါနဲ့ဆိုတာ။ မင်းဆေးမှုတ်တာ ဗမာဆေးတွေ မဟုတ်လားတဲ့။ ဟုတ်ပါတယ် ဗမာဆေးတွေပါဆိုတော့ ဘာလို့ နိုင်ငံခြားဆေး မသုံးလဲဆိုတာ ဆူတယ်။ ဒါတောင် အဆူခံရသေးတယ်။ နိုင်ငံခြားဆေးနဲ့မှုတ်တဲ့အခါ သင်နာတွေများတဲ့အတွက် ဆေးမှုတ်တဲ့ မျက်နှာပြင်ဆီကို မရောက်ဘဲ လမ်းမှာတင်ဆေးက ခြောက်သွားတယ်။ မျက်နှာပြင်မှာ သွားမကပ်ဘူးလို့ ရှင်းပြရတယ်။ အဲ့ဒီတုန်းက ကျွန်တော်တို့မှာ ဆေးမှုတ်တာတောင် ဗမာဆေးနဲ့ မှုတ်ရတာ။

မေး – ဒီစက်ရုပ်ကြီး ထိုင်မယ်၊ ထမယ်၊ ဆေးမှုတ်မယ်ပေါ့ ဆရာရယ်။ ဒီလိုလှုပ်ရှားမှုတွေ လုပ်နိုင်ဖို့ အတွက် ဘယ်လိုဖန်တီးထားသလဲ ခင်ဗျ။

ဆရာကြီး – စက်ရုပ်ကြီး လှုပ်ရှားနိုင်ဖို့ မော်တာတွေ တပ်ထားတယ်။ အခုထက်ထိ အဲ့ဒီစက်ရုပ်ကြီးမှာ မော်တာတွေ ရှိသေးတယ်။ လက်မြှောက်တာတွေ ဘာတွေ မော်တာတွေနဲ့ အလုပ်လုပ်တာကိုး။ မော်တာဆိုတာက မော်တော်ကားမှာသုံးတဲ့ ရေသုတ်တံက မော်တာလေးတွေ သုံးတာ။ ခြေထောက်အတွက် သုံးတဲ့ ထိုင်ထ မော်တာက ကြီးတယ်။ မြင်းကောင်ရေ တစ်ကောင်အားလောက် ရှိတယ်။ အဲ့ဒီစက်ရုပ်ကြီးက အခုထိ ကျွန်တော် ကျောင်းအုပ်လုပ်ခဲ့တဲ့ကျောင်းမှာ ရှိနေတုန်းပဲ။ အောင်ဆန်းမြို့ စက်ပစ္စည်းထိန်းသိမ်းရေး ပညာသင်ကျောင်း (Repairs and Maintainence) မှာ ကျောင်းအုပ်လုပ်ခဲ့တာကိုး။

မေး – ဒီစက်ရုပ်ကြီးရဲ့ အရွယ်အစားနဲ့ အလေးချိန်ကိုလည်း ပြောပြပေးပါဦး ဆရာ။ တည်ဆောက်ခဲ့တဲ့ အချိန်ကာလရော ဘယ်လောက်ကြာခဲ့သလဲ။

ဆရာကြီး – အရွယ်အစားက လူအရပ်အတိုင်းပဲ။ ကျွန်တော်လုပ်လိုက်ရင် လူအရပ်အတိုင်းပဲ။ ၆ ပေ လောက် ရှိတယ်။ အလေးချိန်ကတော့ ပေါင် ၁၅၀ ခန့် ရှိပါတယ်။ တည်ဆောက်ခဲ့တာက ကျိုက္ကဆံကွင်းမှာ လုပ်မယ့် ပြည်ထောင်စုနေ့ ပြပွဲမှာ ပြဖို့လုပ်ခဲ့တာ။ သုံးလ လေးလလောက် ကြာခဲ့ပါတယ်။

မေး – အဲ့ဒီတော့ ကျွန်တော်တို့နိုင်ငံမှာ အဲ့ဒီအချိန်ကတည်းက စက်ရုပ်တစ်ရုပ်ကို တကယ်အလုပ်လုပ်နိုင်တဲ့အထိ တီထွင်နိုင်ခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီခေတ်ကာလမှာ ယန္တရားလုပ်သား အနေနဲ့ တွင်တွင်ကျယ်ကျယ် အသုံ မပြုနိုင်ခဲ့ဘူးပေါ့။ ဒီလိုမဖြစ်ခဲ့ရတဲ့ အကြောင်းအရင်းတွေက ဘာတွေကြောင့်ဖြစ်မလဲ ဆရာ။

ဆရာကြီး – ကျွန်တော်ပြောပြမယ်နော်။ ကျွန်တော် ဆက်လုပ်လာတာ စက်ရုပ်တွေက တကယ်အလုပ်လုပ်နိုင်တဲ့အထိ ဖြစ်လာပြီ။ အဲ့ဒီအချိန်မှာ ၈၈ အရေးအခင်းကြီး ဖြစ်လာတယ်။ ဒီတီထွင်မှုတွေကို အရင်က ပြပွဲတွေလုပ်ခဲ့တယ်လေ။ အဲ့ဒီပြပွဲတွေက ရပ်ကုန်တယ်။ နောက်ပိုင်း လမ်းလျှောက်နိုင်တဲ့ စက်ရုပ်တွေဘာတွေ ကျွန်တော် ဆက်လုပ်ထားတာ ကျွန်တော် မပြလိုက်ရတော့ဘူး။ ဘာလို့လဲဆိုတော့ ၈၈ အရေးအခင်းနဲ့လာပြီး တိုက်ဆိုင်ပြီးတော့ ပြပွဲတွေ အကုန်ရပ်သွားတယ်။ နောက်ထပ်ဆက်မလုပ်တော့ဘူး။ အဲ့ဒီမှာ အကုန်ရပ်သွားတယ်။ အဲ့ဒီမှာ ဆက်မလုပ်နိုင်တော့ဘူး။

မေး – မပြသခဲ့ရတဲ့ လမ်းလျှောက်နိုင်တဲ့ စက်ရုပ်ကြီးနဲ့ ပတ်သက်တာတွေလည်း နည်းနည်းလောက် ပြောပေးပါဦး ခင်ဗျ။

ဆရာကြီး – လမ်းလျှောက်တဲ့စက်ရုပ်က လုပ်တော့လုပ်တယ်။ စမ်းနေတဲ့အချိန်ပေါ့။ အဲ့ဒီတုန်းက စမ်းသပ်လုပ်နေတာ ညဘက်ကြီး။ အော်ပြီး ထွက်ပြေးလာကြတာ။ သွားကြည့်တော့ သူတို့ ဝါယာမှားသွားတယ် ထင်တယ်။ စက်ရုပ်ကြီးက လမ်းလျှောက်တော့ ထွက်ပြေးကြတာ။ လုပ်ခဲ့တဲ့ အသေးစိတ်တွေတော့ ပြောပြဖို့တော့ ခက်သွားပြီပေါ့။

မေး – အဲ့ဒီခေတ်က ကျိုက္ကဆံကွင်းတို့၊ Invoy ခန်းမတို့မှာ ပြပွဲတွေလုပ်ခဲ့တယ်လို့ ဆရာပေးတဲ့ မှတ်တမ်းတွေမှာလည်း ပါပါတယ် ခင်ဗျ။ ဒီပြပွဲတွေအကြောင်းကို ပြန်ပြောင်းမျှဝေပေးပါဦး။

ဆရာကြီး – Invoy ခန်းမဆိုတာ အခုတပ်မတော်ခန်းမပေါ့။ အဲ့ဒီမှာ ကားမောင်းတဲ့ဟာတွေ၊ မြေပဲစက်တွေ၊ စီးကရက်စက်တွေ ပြခဲ့တာပေါ့။ ဒီလိုဗျ ကားမောင်းတာကို ကျွန်တော် ပြောပြဦးမယ်။ တကယ့်ကို စတီယာတိုင်ကြီးနဲ့။ ကားလေးက ပလတ်စတစ်ကားလေး။ အဲ့ဒါမောင်းဖို့ တစ်မတ်ပေးရတယ်။ တိုက်မိရင်တော့ ရပ်သွားတာပေါ့။ ပိုက်ဆံဆုံးတာပဲ။ လွတ်ရင်တော့ လွတ်တဲ့သူကို ချိုချဉ်တစ်လုံး ပေးလိုက်သေးတယ်။ ကလေးတွေ မောင်းကြတာ။ အဲ့ဒါကို ယာဉ်ထိန်းရဲတွေ လာမောင်းတယ်။ မလွတ်ဘူးဗျ။

မေး – ကျွန်တော်တို့နိုင်ငံမှာက နည်းပညာတွေ အများကြီး ထွန်းကားခဲ့တယ်။ တိမ်မြုပ်သွားရတာတွေကလည်း အင်မတန်နှမြောဖို့ ကောင်းပါတယ်။ ဆရာ့အနေနဲ့ ဒီနည်းပညာတွေနဲ့ ဆရာ့ရဲ့ စက်ရုပ်ကြီးကို ပြပွဲတွေအပြင်ပေါ့လေ။ ဘယ်လောက်အထိ အသုံးချနိုင်ဖို့ လုပ်ခဲ့သေးသလဲ ခင်ဗျ။

ဆရာကြီး – ဒီလိုဗျ။ ဒီစက်ရုပ်ကြီးကို မော်လမြိုင်မှာ သွားပြရသေးတယ်။ တစ်ပတ်လောက် သွားပြရတယ်။ ကျွန်တော့်တပည့်တွေနဲ့ လွှတ်လိုက်တယ်။ မိုင်ဒါကွင်းဆိုတာ မော်လမြိုင်မှာ ရှိတယ်။ သွားပြရသေးတယ်။ အဲ့ဒါက ၁၉၈၆ – ၁၉၈၇ ခုနှစ်တွေမှာ ဖြစ်မယ်။

မေး – ဆရာ့အနေနဲ့ ဒီနည်းပညာတွေကို စတင်သင်ကြားခဲ့တာကရော အင်းစိန် GTI မှာပဲလား။

ဆရာကြီး – ကျွန်တော် အင်းစိန် GTI မှာ မြို့ပြအင်ဂျင်နီယာသင်တန်းကို တက်ခဲ့တာ။ အဲ့ဒီက အောင်ပြီးတော့ အဲ့ဒီကျောင်းမှာပဲ ဆရာပြန်လုပ်တယ်။ ပထမဆုံး နည်းပြဆရာပေါ့။ နောက်တော့ ကထိကအထိ တက်သွားတယ်။ နောက်တော့ အင်းစိန်၊ ကလော၊ ပြည် စတဲ့ GTI တွေမှာ လှည့်ပြီး ကထိကဆရာ လုပ်ခဲ့တယ်။ ပြီးတော့မှ အောင်ဆန်းမြို့က စက်ပစ္စည်းထိန်းသိမ်းရေး ပညာသင်ကျောင်း (Repairs and Maintainence) မှာ ကျောင်းအုပ်ဘဝနဲ့ ထိုင်တာ။ ၁၉၈၀ ခုနှစ်က စထိုင်ခဲ့တာ ပင်စင်ယူတဲ့ ၁၉၉၄ ခုနှစ်အထိပဲ။ အင်းစိန် GTI ကပဲ အမေရိကန်ပြည်ထောင်စုကို ပညာတော်သင် လွှတ်ခံရတာ။

မေး – ဒါဆိုရင် ဒီစက်ရုပ်ကြီးကို ထုတ်ခဲ့တာက စက်ပစ္စည်းထိန်းသိမ်းရေး ပညာသင်ကျောင်း (Repairs and Maintainence) အနေနဲ့ တီထွင်ထုတ်လုပ်ခဲ့တာလား။

ဆရာကြီး – ဒီလိုဗျ ကျွန်တော်ပြောပြမယ်။ ကျွန်တော်က GTI မှာ လုပ်ခဲ့တယ်လေ။ အဲ့ဒါလည်း စက်ရုံထဲမှာ နေတာများပါတယ်။ စာသင်တဲ့အခါ သွားသင်တယ်။ ပြီးရင် စက်ရုပ်လုပ်တာပဲ။ ကျွန်တော်ယူလိုက်တဲ့ အောင်ဆန်းမြို့က ကျောင်းက သင်တန်းတွေ ၆လ သင်တန်းတွေ ရှိတယ်။ စက်မှု၊ လျှပ်စစ် စတာတွေနဲ့အစုံ အဲ့ဒီမှာရှိတယ်။ အဲ့ဒီနေရာမျိုး ကျွန်တော်ရောက်သွားတော့ ကျွန်တော်လုပ်ချင်တာ အကုန်လုပ်လို့ ရတာပဲ။ လျှပ်စစ်နဲ့ဆိုင်တာ ရှိတယ်။ စက်ပြင်သမားလည်း ရှိတယ်။ အစုံရှိတယ်။ အဲ့ဒီလိုတွေရှိလို့ ဒီစက်ရုပ်ကြီး ဖြစ်သွားတာ။ ကျွန်တော်က လက်ညှိုးနဲ့ ခေါင်းပဲ ရှိတယ်။ လုပ်ဖို့လိုတာတွေကိုတော့ တပည့်တွေက ဝိုင်းကူညီပေးကြတယ်။ ဒီဇိုင်းတွေကတော့ ကျွန်တော့်ဒီဇိုင်းတွေပဲ။

မေး – ဒီတော့ ယန္တရားလုပ်သားတွေက ၁၉၈၄-၈၅ ခုနှစ်တွေမှာ မြန်မာနိုင်ငံမှာ တီထွင်နိုင်နေပြီ။ အိမ်နီးချင်းနိုင်ငံတွေနဲ့ယှဉ်ရင် ရှေ့ကိုတော်တော်လေးရောက်တဲ့ အခြေအနေမျိုးရှိခဲ့တယ်။ ဒါကို လက်တွေ့အသုံးချနိုင်တဲ့ အနေအထားတော့ မရှိခဲ့ဘူးပေါ့လေ။ အဲ့ဒီကာလတွေမှာ ဘယ်လိုအခက်အခဲတွေ ဖြစ်ခဲ့တာလဲ။

မေး – အဲ့ဒါက တခြားမဟုတ်ဘူး။ ၈၈ အရေးအခင်းကြီးပဲ။ အဲ့ဒီနောက်ပိုင်းမှာ အကုန်ရပ်သွားတယ်။ အဲ့ဒီမတိုင်ခင်က Invoy ပြခန်းမှာ နှစ်တိုင်းပြနေတဲ့ ပြပွဲတွေ၊ ကျိုက္ကဆံကွင်းကြီးထဲမှာ ပြနေတဲ့ပြပွဲတွေ။ အဲ့ဒီမှာ ကျွန်တော်တို့ ပြနေကျ။ အဲ့ဒီလိုကို ဖြစ်နေတာ။ ကျွန်တော်ကလည်း ပြပွဲတစ်ခါပြီးတာနဲ့ နောက်နှစ် ဘာပြမလဲ ဆိုတာကို ထပ်လုပ်တာ။ အဲ့ဒီမှာ ဘာဖြစ်သွားလဲဆိုတော့ ၈၈ အရေးအခင်းဖြစ်ပြီးတော့ ဘာမှဆက်လုပ်လို့ မရတော့ဘူး။ အကုန်လုံး ရပ်သွားတယ်။ ပြပွဲတွေလည်း မရှိဘူး။ ဘာမှမရှိတော့ဘူး။

မေး – နောက်ပိုင်းမှာရော ဒီလိုတီထွင်နိုင်ခဲ့တာတွေကို အသုံးချပြီး ယန္တရားလုပ်သားတွေ အနေနဲ့ အစားထိုးနိုင်ဖို့အတွက် ဆောင်ရွက်ဖို့ကို ကမ်းလှမ်းတာမျိုးတွေရော ရှိခဲ့သလား ဆရာ။

ဆရာကြီး – မလာတော့ဘူးဗျ။ မရှိဘူးလားဆိုတော့ ဒီစက်ရုပ်ကြီးတွေကို ပြန်လုပ်ပါလားဆိုပြီး ကျောင်းက တပည့်တွေ၊ ကလေးတွေက ပြောတာမျိုးတော့ရှိတယ်။ ဆရာက မလုပ်နိုင်တော့ဘူး။ ကျန်တဲ့တခြားဟာတွေတော့ မရှိပါဘူး။ အသက်က ၈၀ ကျော်ပြီလေ။ မလုပ်နိုင်တော့ဘူး။

မေး – အဲ့ဒီကာလတွေတုန်းက အိမ်နီးချင်းနိုင်ငံတွေမှာ ဒီလိုယန္တရားလုပ်သားတွေကို တီထွင်နိုင်နေပြီလား။

ဆရာကြီး – ကျွန်တော်တော့ မထင်ဘူးဗျ။ အဲ့ဒီအချိန်က အမေရိကနဲ့ မြန်မာပြည်ပဲ သွားလိုက်ပြန်လိုက် လုပ်နေတာ။ ဒီပြင်နိုင်ငံတွေမှာ ဘာဖြစ်နေလဲ ဆိုတာတော့ သိပ်မသိဘူး။ အိန္ဒိယမှာလည်း ဒီလိုတီထွင်တာတွေ မလုပ်သေးပါဘူး။

မေး – အဲ့ဒီအချိန်မှာ ဆရာ့အနေနဲ့ အမေရိကန်ပြည်ထောင်စုမှာလည်း ပညာသင်သွားခဲ့တယ်။ သူတို့ဆီက လေ့လာခဲ့တာတွေကို ဒီမှာပြန်အသုံးချနိုင်ခဲ့တယ်။ ကျွန်တော်တို့ အဲ့ဒီအချိန်မှာ ဘယ်လောက်အထိ လိုက်မီနိုင်ခဲ့သလဲ ခင်ဗျ။

ဆရာကြီး – ဒီလိုဗျ။ အဲ့ဒီအချိန်မှာ သူတို့က တော်တော်တိုးတက်နေပြီလေ။ ကျွန်တော်က စက်တစ်လုံးကို ကြည့်လိုက်ရင် အထဲက ဘာလုပ်ထားတယ်ဆိုတာ ခန့်မှန်းနိုင်တယ်။ ခုန ကျွန်တော် ပြောသလိုပေါ့။ ပိုက်ဆံထည့်လိုက်ရင် ကိုယ်လိုချင်တာတွေ ထွက်လာတဲ့ Slot Machine တွေက သူတို့ဆီမှာ ဖြစ်နေပြီ။ ဒီပြင်စက်တွေ တော်တော်များများလည်း သူတို့ဆီမှာ ဖြစ်နေပြီ။ အဲ့ဒီတော့ အဲ့ဒီအတိုင်းကို မြန်မာပြည်မှာ ပြန်လုပ်တာ။ ဒီကနေ အကုန်ပြန်လုပ်နိုင်တယ်။

မေး – ဆရာ့အနေနဲ့ တီထွင်ခဲ့တဲ့ စက်တွေက ဆေးမှုတ်တဲ့ စက်ရုပ်ကြီးအပြင် ဘယ်နှခုလောက် ရှိမလဲ ခင်ဗျ။

ဆရာကြီး – စက်ရုပ်ကပဲ နှစ်ရုပ်။ ဆေးမှုတ်တဲ့စက်ရုပ်ကြီး ရှိမယ်။ လမ်းလျှောက်နိုင်တဲ့ စက်ရုပ်ကြီး ရှိမယ်။ ပြီးတော့ လက်ဖက်ရည်ဖျော်စက်၊ မြေပဲစက်၊ စီးကရက်စက်၊ မော်တော်ကားမောင်းတဲ့စက်၊ ဘီစကစ် အကောင်း၊ အကျိုး ရွေးတဲ့ဟာ။ ကောက်တဲ့စက်ပေါ့။ သူက စက်ရုပ်လက်ပေါ့။ အာရုံခံစနစ်တွေ သုံးထားတယ်။ အဲ့ဒါတွေလည်း လုပ်ခဲ့တယ်။

မေး – မြေပဲစက်နဲ့ စီးကရက်စက်ကို အင်းစိန် GTI ကျောင်းထဲက စားသောက်ဆိုင်မှာ သုံးခဲ့တယ်လို့လည်း မှတ်သားရပါတယ် ဆရာ။ အဲ့ဒါလေး ပြန်ပြောပြပါဦး။

ဆရာကြီး – GTI Canteen မှာ အဲ့ဒီစက်တွေ ထားတယ်ဗျ။ ဟိုမှာ အမေရိကမှာတော့ စီးကရက်စက်က ဘူးလိုက်လေ။ ဒီမှာက အလိပ်လိုက်ကျအောင် လုပ်ပေးထားတာ။ အဲ့ဒီတုန်းက ဒီမှာက ဒူးယားလား။ အဲ့ ခပေါင်း ခပေါင်း။ တစ်လိပ်ချင်းကျအောင်အပြင် တစ်လိပ်ကို ငါးပြားဆိုတော့ တစ်မတ်စေ့ထည့်လိုက်ရင် ပြား ၂၀ အမ်းအောင်၊ ဆယ်ပြားစေ့ထည့်လိုက်ရင် ငါးပြားပြန်အမ်းအောင်ပါ လုပ်ထားတာ။ အဲ့ဒီတုန်းက မှတ်မိသေးတယ်။ အဲ့ဒီတုန်းကလာပြီးကြည့်တဲ့ လူကြီးတွေလည်း သဘောကျကြတယ်။

မေး – အင်းစိန် GTI ကျောင်းကြီးရဲ့ အချက်အလက်တွေကို ရှာဖွေလို့ ရသလောက် ပြန်စုစည်းလိုက်တဲ့ အခါကျတော့ ဒုတိယကမ္ဘာစစ် အပြီးမှာ Columbo Plan အရ အင်္ဂလိပ်အစိုးရက စတာလင်ပေါင် ၆ သန်းခွဲ ထောက်ပံ့ခဲ့တယ်။ ၁၉၅၄ မှာ ဟင်နရီဖို့ဒ် ဖောင်ဒေးရှင်းကနေ အမေရိကန်ဒေါ်လာ ၃၈၀၀၀ ထောက်ပံ့ပေးခဲ့တယ်ပေါ့။ ဒါ အရှေ့တောင်အာရှမှာ ကျောင်းကြီးတစ်ကျောင်းလို့ ပြောရမှာပေါ့ဆရာရယ်။ ဒီကျောင်းကြီးတက်ခဲ့တဲ့ အချိန်က အမှတ်တရတွေ ပြောပြပေးပါဦး။

မေး – ဟုတ်တယ်။ ကျွန်တော် အမေရိက သွားတာက ဟင်နရီဖို့ဒ် ဖောင်ဒေးရှင်းနဲ့ သွားရတာ။ အင်းစိန် GTI မှာ ကျောင်းလည်း တက်ခဲ့တယ်။ ဆရာလည်း လုပ်ခဲ့တယ်။ အပြင်လောကမှာရှိတဲ့ စက်ရုံတွေ အားလုံး၊ ရှိသမျှ စက်ရုံတွေအားလုံး အင်းစိန် GTI မှာ ရှိတယ်။ ပိုတာတောင် ပိုသေးတယ်။ အပြင်မှာ မရှိတဲ့ စက်ရုံတွေတောင် ရှိသေးတယ်။ သစ်သားနဲ့ မိုလုပ်တဲ့ စက်ရုံတွေတောင် အပြင်မှာ မရှိဘူး။ အခုတော့ မရှိတော့ဘူးပေါ့ဗျာ။

မေး – ကျွန်တော်တို့နိုင်ငံက နည်းပညာပိုင်းမှာ မနိမ့်ပါးခဲ့ပါဘူး။ နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေနဲ့ အကြောင်းအမျိုးမျိုးတွေကြောင့် လက်ရှိမှာတော့ အိမ်နီးချင်း နိုင်ငံတွေနဲ့ယှဉ်ရင် နောက်ကျန်ခဲ့တဲ့ အနေအထာျးိုး ဖြစ်ခဲ့ရတာပေါ့။ အဲ့ဒီအပေါ်မှာ လက်ရှိ နည်းပညာနယ်ပယ်က အတတ်ပညာရှင် လူငယ်တွေအတွက် ဆရာ့အနေနဲ့ ဘာများအကြံပြု တိုက်တွန်းချင်ပါသလဲ ခင်ဗျ။

ဆရာကြီး – နည်းပညာကျောင်းတွေကို တက်ပါ။ ဆယ်တန်းအောင်ရင် TU တွေ တက်လို့ရမယ်။ ရှစ်တန်းအောင်ရင်လည်း THSလို ကျောင်းတွေတက်လို့ရမယ်။ နည်းပညာကျောင်းတွေ တက်ပါလို့ အကြံပြုချင်ပါတယ်။ အင်ဂျင်နီယာနဲ့ဆိုင်တဲ့ သင်တန်းတွေကို တက်ပါ။ ကိုယ့်ဉာဏ်စွမ်းရှိသလောက် ကိုယ်သင်ကြားခဲ့ရတာတွေရဲ့ အပေါ်မှာ ဘယ်လိုတွေ တီထွင်နိုင်မလဲဆိုတာ စဉ်းစားကြပါ။ ကိုယ်တတ်ခဲ့တဲ့ပညာကို အခြေခံပြီး

ဘယ်လိုတီထွင်မှုတွေ လုပ်မလဲ စဉ်းစားကြပါ။ အဲ့ဒီလိုဆိုရင် တိုင်းပြည်က တိုးတက်မှာပဲဗျ။ ကျွန်တော် အဲ့ဒီအတိုင်း လုပ်ခဲ့တာပဲ။ အမြဲတမ်း ကိုယ်တတ်ထားတဲ့ ပညာတွေကို ဘယ်လိုအသုံးချနိုင်မယ် ဆိုတာ စဉ်းစားနေဖို့ လိုတယ်ဗျ။ အကယ်၍ အခက်အခဲရှိမယ်ဆိုရင် အတွေ့အကြုံရှိတဲ့ သူတွေနဲ့ တွေ့ပါ။ တွေ့ပြီး အကြံဉာဏ်တောင်းပါလို့ ပြောချင်ပါတယ်။ အခုကလေးတွေက ဒါတွေလုပ်ချင်တယ်ဗျ။

မေး – ဒီလိုနည်းပညာသမား လူငယ်တွေ အတွက်ရော အစိုးရဘက်က ဘယ်လောက်အထိ အထောက်အပံ့ပေးဖို့ လိုဦးမလဲ ခင်ဗျ။

ဆရာကြီး – သူတို့က ဘယ်လိုအခြေခံနဲ့ သွားတာလဲ။ သူတို့လုပ်နေတာကိုကြည့်ပြီးမှ ပြောလို့ရမှာ။ အဲ့ဒါက သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက လူငယ်တွေကို အားပေးရမယ်ဗျ။ ဝန်ကြီးဌာနတွေက ကူညီအားပေးမှ ဒီလူငယ်တွေ တက်သွားမှာ။ သူတို့လုပ်ချင်တာတွေ လုပ်ခွင့်ရ ရမယ်။ ကျွန်တော်ဖြစ်လာခဲ့တာ အဲ့ဒါကြောင့် ဖြစ်လာတာ။ ကျွန်တော်တို့ ဒါရိုက်တာကကို မင်းငွေမချွေနဲ့။ ကြိုက်သလိုတောင်း။ ဖြစ်အောင်သာလုပ်။ အဲ့ဒီလို အားပေးမှ ရတာ။ ကျွန်တော် အဲ့ဒီတုန်းကဆိုရင်လေ လက်ဖက်ရည်တောင် ကိုယ့်ပိုက်ဆံထဲကပဲ သောက်တယ်။ အဲ့ဒီအထဲက မသောက်ရဲဘူး။ အစိုးရ ချပေးတဲ့ ပိုက်ဆံကို လုံးဝမထိခဲ့ဘူး။

ဦးကြည်၏ အတ္ထုပ္ပတ္တိ – ဆရာဦးကြည်ကို ၁၉၃၄ ခုနှစ်၊ ဇွန်လ ၁ရက်နေ့တွင် ထားဝယ်မြို့၌ ဦးဘလှိုင်၊ ဒေါ်အမာတို့က ဖွားမြင်ခဲ့ပြီး ငယ်စဉ်က ထားဝယ်မြို့ အထက်တန်းကျောင်းတွင် ပညာ ဆည်းပူး လေ့လာခဲ့သူ ဦးကြည်သည် ငယ်စဉ်ကပင် ပညာထူးချွန်သူ ဖြစ်ပြီး ဆယ်တန်း အောင်မြင်သော အခါ အင်းစိန် စက်မှု လက်မှု သိပ္ပံကျောင်းသို့ တက်ရောက်ခွင့် ရရှိခဲ့သည်။

ထိုစဉ်က စက်မှု လက်မှု သိပ္ပံကျောင်း၏ ကျောင်းအုပ် ဆရာကြီးမှာ ဦးဘရှင် ဖြစ်ပါသည်။ ၁၉၅၂ ခုနှစ်တွင် ဦးဘရှင်အား ဆရာကြီး အန့်ခင်က ဆက်ခံခဲ့သည်။ ဦးအန့်ခင်သည် မိမိကိုယ်တိုင် စက်မှု လက်မှု သိပ္ပံကျောင်းဆင်း ကျောင်းအုပ်ကြီး ဖြစ်ပြီး ကျောင်းသားများ အပေါ် အထူး အလေးထားသူ ဖြစ်သည်။ ကိုယ်တိုင်လည်း စာသင်ခန်းများ၌ စာဝင်သင်လေ့ ရှိသည်။ ဆရာကြီး ဦးအန့်ခင်၏ တပည့်ရင်း ဖြစ်သူ ဦးကြည်သည် အင်းစိန် စက်မှု လက်မှု သိပ္ပံတွင် မြို့ပြ ဘာသာရပ်ဖြင့် ပညာ ဆည်းပူးခွင့် ရရှိခဲ့သည်။

စက်မှု လက်မှု သိပ္ပံ – ဦးကြည် တက်ရောက် ပညာ ဆည်းပူးခဲ့သည့် စက်မှု လက်မှု သိပ္ပံကျောင်းကြီးမှာ ထိုစဉ်က အရှေ့တောင် အာရှနိုင်ငံများ၏ အားကိုး အားထားပြုရရာ ပိုလီ တက္ကနစ် ကျောင်းတော်ကြီး ဖြစ်ပြီး လာအို၊ ကမ္ဘောဒီးယားစသည့် နိုင်ငံများမှ ကျောင်းသားအချို့ လာရောက် ပညာ ဆည်းခဲ့ကြသည်။ ၁၈၉၅ ခုနှစ်ကပင် Government Engineering School အဖြစ် တည်ရှိခဲ့သော ကျောင်းကြီးဖြစ်၏။

ယခင်က Mr. Brown, Mr. F.H.O.’s Conner Mitchell, Mr. A.P. Morris, Mr. Shaw စသည့် နိုင်ငံခြားသား မျက်နှာဖြူများကသာ အုပ်ချုပ်ခဲ့ပြီး ဆရာကြီး ဦးဘလှီ လက်ထက်မှ စ၍ မြန်မာလူမျိုး ကျောင်းအုပ်ကြီးများ ခန့်ထားလာပါသည်။ ဆရာကြီး ဦးဘလှီကို ဆက်ခံသည့် ဆရာကြီး ဦးဘရှင်၊ ဦးအန့်ခင်နှင့် ဦးမောင်ကြီး စသူတို့မှာ ဦးကြည်၏ ဆရာရင်းများ ဖြစ်ကြသည်။

ဆရာကြီးများ ကိုယ်တိုင် တပည့်များအား စေတနာ အပြည့်ဖြင့် ပညာသင်ကြား ပေးခဲ့ကြရာ ယင်းကျောင်းတော်ကြီးမှ ကျောက်စာဝန် ဦးမြ၊ ရုပ်ရှင် ဒါရိုက်တာ ဦးချန်ထွန်း၊ ရုရှား သံအမတ်ကြီး ဦးမျိုးမြင့် စသည့် ပုဂ္ဂိုလ်ကြီးများ ပညာ သင်ယူ ပြီးမြောက်ခဲ့ကြသည်။ နည်းပြဆရာ ဦးကြည်သည် ၁၉၅၄ ခုနှစ်တွင် အင်းစိန် စက်မှု လက်မှု သိပ္ပံမှ A.G.T.I. (Civil) ဒီပလိုမာဘွဲ့ ရရှိခဲ့ သည်။ ထို့နောက် ယင်းကျောင်း၌ပင် နည်းပြဆရာ အဖြစ် စတင်ဝင်ရောက် အမှုထမ်းခဲ့၏။ (စာရေးဆရာ သိပ္ပံ ဘထွေးမှာလည်း ထိုကျောင်းမှပင် ဦးကြည်နှင့် တနှစ်တည်း ကျောင်းဆင်းခဲ့သူ ဖြစ်သည်။)

ဆရာ ဦးကြည်သည် ၁၉၇ဝ မှ ၁၉၇၆ ခုနှစ် အတွင်း ကလော စက်မှု လက်မှု သိပ္ပံသို့ လက်ထောက်ကထိက အဖြစ် ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ခဲ့ရ၏။ ထို့ပြင် အမေရိကန် နိုင်ငံသို့လည်း နှစ်ရှည်သင်တန်း သွားရောက်တက်ခဲ့ရရာ ထိုစဉ်ကပင် စက်ရုပ် တီထွင်ရန် အကြံ ရရှိခဲ့၏။ နိုင်ငံရပ်ခြားတွင် ပညာ ဆည်းပူး လေ့လာစဉ်အတွင်း မိမိ ဝါသနာပါရာ ဘာသာရပ်ဆိုင်ရာ စာအုပ် စာတမ်းများကိုလည်း ရှာဖွေ လေ့လာခဲ့သည်။

စက်ရုပ် တီထွင်ခြင်း – ဆရာဦးကြည်သည် အင်းစိန် စက်မှု လက်မှု သိပ္ပံ၌ တာဝန် ထမ်းဆောင်စဉ် အတွင်း စက်ရုပ် တီထွင်ရန် အသေးစိတ် အစီအစဉ်များ ရေးဆွဲတော့သည်။ ဆရာသည် မြို့ပြ ဘာသာရပ် (Civil Engineering) ဖြင့် ပညာ ဆည်းပူး ခဲ့ရသော်လည်း စက်မှု ပညာရပ် (Mechanical Engineering) ကို ပိုမို စိတ်ဝင်စားမှု ရှိနေပါသည်။

ဆရာ၏ တပည့် ကျောင်းသားများကလည်း မိမိတို့ ဆရာ စက်ရုပ် တီထွင် ပြုလုပ်မည် ဆိုသဖြင့် အားတက်သရော ပါဝင် ကူညီကြသည်။ ဆရာဦးကြည်သည် ပုံစံ စနစ်တကျ ရေးဆွဲပြီးနောက် တပ်ဆင်မည့် စက်ကိရိယာများကို တပည့်များ၏ အကူအညီဖြင့် ကြိုတင်ရှာဖွေ စုဆောင်းတော့၏။ ထို့နောက် ဖြစ်ပေါ်လာမည့် အခက်အခဲများကို အဘက်ဘက်မှ စဉ်းစားသည်။ နိုင်ငံရပ်ခြားမှ အင်္ဂလိပ်ဘာသာဖြင့် ရေးသား ထုတ်ဝေသော စက်မှု လက်မှု ဘာသာရပ် ဆိုင်ရာ စာအုပ် စာတမ်းများကိုလည်း ရှာဖွေ ဖတ်ရှုခဲ့၏။

တဖက်မှလည်း တပည့်များအား စာသင် မပျက်ခဲ့ပေ။ အားလုံး အဆင်သင့် ဖြစ်သော အခါ ဆရာ ဦးကြည်၏ စက်ရုပ် တီထွင်မှု လုပ်ငန်း စတင်တော့သည်။ ၁၉၈၆ ခုနှစ်တွင် ကျောင်းဆင်းချိန်တွင် ဆရာ ဦးဆောင်သော စက်မှု လက်မှု ဝါသနာ ပါသည့် ကျောင်းသားများ စုဆောင်းကာ စက်ရုပ်ကို တီထွင် လုပ်ဆောင်ကြသည်။

ဆရာသည် ၁၉၆ဝ ပြည့်နှစ်က လျှပ်စစ် အင်ဂျင်နီယာ ဘာသာရပ်ဖြင့် ကျောင်းဆင်းခဲ့သူ ကျောင်းသားဟောင်း ဦးခင်မောင်က ၁၉၇၆ ခုနှစ်တွင် ဆွံ့အ နားမကြားသူများ အတွက် အသုံးပြုရန် နားကြား အထောက်အကူပြု ကိရိယာ တီထွင် ထုတ်လုပ်လျက် ရှိသည်ကိုလည်း အားကျနေဟန် ရှိပါသည်။ ထို့ပြင် ဆရာကိုယ်တိုင် နိုင်ငံရပ်ခြား၌ သင်တန်း တက်ရောက်စဉ်က အနောက်နိုင်ငံများတွင် လူ့အသုံးအဆောင် ပစ္စည်းများကို တီထွင် ထုတ်လုပ် ရောင်းချနေခြင်းကို အားကျခဲ့၏။

လက်တွေ့ စမ်းသပ်ချက် – သိပ္ပံပညာ ထွန်းကားသော နိုင်ငံတိုင်းလိုလိုတွင် စက်ရုပ်များကို တီထွင် ဖန်တီးကြ၏။ ယင်းသို့ တီထွင် လုပ်ဆောင်ကြခြင်းမှာ မြင့်မားလာသော အလုပ်သမားခများအား ဖြေရှင်းသည့် အနေဖြင့် တီထွင်ကြခြင်း ဖြစ်ကြောင်း စီးပွားရေး ပါရဂူများက ထောက်ပြကြ၏။ အနောက်နိုင်ငံများတွင် ကုမ္ပဏီများမှ တီထွင် ထုတ်လုပ်ကြခြင်း ဖြစ်သော်လည်း မြန်မာနိုင်ငံ၌မူ စက်မှု လက်မှု သိပ္ပံကျောင်းဆင်း လက်ထောက် ကထိက ဆရာတဦးက ဦးဆောင်၍ တီထွင် ဖန်တီးခဲ့ခြင်း ဖြစ်ပါသည်။

စက်ရုပ် တီထွင်မှု အတွက် ကုန်ကျစရိတ် အားလုံးကို ထိုစဉ်က စက်မှု စိုက်ပျိုးနှင့် အသက်မွေး ပညာ ဦးစီးဌာနမှ စိုက်ထုတ် ပေးခဲ့သည်။ ဆရာဦးကြည်နှင့် သူ၏တပည့် ကျောင်းသားများသည် အခက်အခဲပေါင်း များစွာ အကြားမှ ကြိုးပမ်း လုပ်ဆောင်ခဲ့ကြရာ ခြောက်လ အကြာတွင် စက်ရုပ် တရုပ်ကို အောင်မြင်စွာ လုပ်ဆောင် နိုင်ခဲ့ကြ၏။

ပထမဆုံး တီထွင် ထုတ်လုပ်သော စက်ရုပ်မှာ ဆေးမှုတ် လုပ်ငန်းတွင် အထောက်အကူ ပြုနိုင်သည့် စက်ရုပ် ဖြစ်ပါသည်။ သာမန်အားဖြင့် အန္တရာယ် များလှသည့် မော်တော်ကား ဆေးမှုတ် လုပ်ငန်းတွင် ဆရာ ဦးကြည်၏ စက်ရုပ်က ကောင်းစွာ ကူညီ ပေးနိုင်ခဲ့သည်။ စက်ရုပ်သည် ကောင်းမွန်စွာ ထိုင်နိုင်၊ ထနိုင်၊ လမ်းလျောက်နိုင်ပြီး သူလုပ်ဆောင်ရမည့် ဆေးမှုတ် လုပ်ငန်းကိုလည်း တိကျသေချာ အရည်အသွေး ကောင်းမွန်စွာ လုပ်ဆောင် ပေးနိုင်ခဲ့သည်။

ယင်းစက်ရုပ်ကို ၁၉၈၆ ခုနှစ်၊ ပြည်ထောင်စု ပြပွဲ၌ ပညာရေး ပြခန်းတွင် ပြသ ပေးခဲ့သည်။ ပွဲတော်လာ ပရိသတ်များမှာ အထူးကျေနပ် နှစ်သက်ကြပြီး တအံ့တဩ ဖြစ်ကြရ၏။ ပြပွဲ တခုလုံးတွင် စက်ရုပ်မှာ ရေပန်းအစားဆုံး ဖြစ်ခဲ့သည်ဟု ဆိုပါသည်။

တီထွင်မှုများ – ဆရာ ဦးကြည်သည် ဆေးမှုတ် လုပ်ငန်းသုံး စက်ရုပ်ကို တီထွင်ပြီးနောက် အခြား အရည်အသွေး မြင့်မားသည့် စက်ရုပ် တရုပ်ကို ဆက်လက် တီထွင် ပြန်ပါသည်။ ဆရာသည် မူလကပင် တီထွင်မှုကို ဝါသနာပါသူ ဖြစ်ရာ ဆရာကြီး တီထွင်မှုများမှာ မှတ်တမ်း တင်ခံရလေ့ ရှိပါသည်။ ၁၉၆၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် အင်ဗွိုင်းခန်းမ (ယခု တပ်မတော် ခန်းမ) ၌ ကျောင်းပေါင်းစုံ စက်မှု လက်မှု ပြပွဲ ကျင်းပ ပြုလုပ်ရာ အင်းစိန် စက်မှု လက်မှု သိပ္ပံမှလည်း ပါဝင် ဆင်နွှဲခဲ့ပါသည်။

ထိုစဉ်က ဆရာဦးကြည်၏ အလိုအလျောက် အဖွင့်အပိတ် တံခါးနှင့် လက်ဖက်ရည်ရောင်းစက်၊ Remote Control ဖြင့် မောင်းနှင်သော မော်တော်ကားတို့မှာ လာရောက် ကြည့်ရှုကြသူ ပရိသတ်အများ နှစ်သက် သဘောကျခဲ့ကြ၏။ စက်မှု လက်မှု ပြပွဲကို ရက်သတ္တပတ်ကြာ ယှဉ်ပြိုင် ပြသခဲ့ရာ အင်းစိန် အင်ဂျင်နီယာ သိပ္ပံပြခန်းကို လူကြိုက်များ ခဲ့သည်။ ထိုစဉ်က Remote Control စနစ်မှာ သုံးစွဲခြင်း မရှိသေး သဖြင့် ဆရာဦးကြည်၏ တီထွင်မှုကို ချီးကျူးမကုန် ဖြစ်ကြ၏။

ဆရာသည် လက်တွေ့ လောကတွင် အသုံးဝင်သော အာလူး အကောင်းနှင့် အပုပ်အား ရွေးချယ်သော စက်၊ ဘီစကွတ်မုန့် အမျိုးအစား အဆိုးအကောင်း ရွေးချယ်သည့် စက်များကိုလည်း တီထွင်ခဲ့သေး၏။ ဆရာသည် စက်ရုပ်အား လူတို့၏ အမိန့်ပေး စကားကို နာခံနိုင်ရန်နှင့် စကား ပြန်လည် တုံ့ပြန်နိုင်ရေး အတွက် ကြိုးပမ်း ခဲ့သော်လည်း မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ အစိုးရ လက်ထက်တွင် စရိတ်စက ကြီးမားခြင်း၊ အားပေး ကူညီမှု နည်းပါးခြင်းတို့ကြောင့် လက်လျော့ခဲ့ရ၏။

ဆရာ၏ ပြိုင်ပွဲ စက်ရုပ်သည်ပင် ထိုစဉ်က သာမန် ပြသရန်သာ ခွင့်ပြု ခံခဲ့ရသည်ဟု ဆိုပါသည်။ ဆရာဦးကြည်သည် လက်ထောက် ကထိက အဖြစ်မှ အောင်ဆန်း စက်မှု လက်မှုနှင့် အထွေထွေ ပြုပြင်ရေးကျောင်း ကျောင်းအုပ်ကြီး အဖြစ် ခန့်အပ် ခံခဲ့ရပြီး ၁၉၉၄ ခုနှစ်တွင် ကျောင်းအုပ်ကြီး အဖြစ်မှ အငြိမ်းစား ယူခဲ့ပါသည်။ ဆရာ အငြိမ်းစား ယူသွားသော အခါ တပည့်များက ဆရာ၏ ဂုဏ်ကျေးဇူး မေတ္တာ စေတနာများကို သိရှိကြသည့် အလျောက် ဆရာအား လာရောက် ဂါရဝ ပြုကြ၏။ ယခုအခါ ဇနီး၊ သား သမီး နှစ်ဦးနှင့်အတူ နေအိမ်တွင် ကျန်းမာစွာ နေထိုင်လျက် ရှိသည်။

ကိုးကား [Weekly Eleven News, No. 8, Vol. 4, December 3, Wednesday, 2008 ထုတ်မှာ ဖော်ပြပါရှိတဲ့ တင်နိုင်တိုးရဲ့ “ပုဂ္ဂိုလ်ထူးတို့၏ ဘဝ တကွေ့၊ မြန်မာနိုင်ငံမှ စက်ရုပ် တီထွင်သူ” ကနေ “စက်ရုပ် တီထွင်သူ အင်ဂျင်နီယာ ဦးကြည်၏ အတ္ထုပ္ပတ္တိ” ။ တွေ့ဆုံမေးမြန်းပြီး အများသူငှာ သိရှိရအောင် တင်ဆက်ပေးခဲ့ပါသော The Voice News Journal အားလေးစားစွာဖြင့်ခရက်ဒစ်ပေးပါတယ်ခင်ဗျာ…ကျေးဇူးလဲ အထူးတင်ပါတယ်ခင်ဗျာ

ကဲ ခေတ်သစ် ရွှေမြန်မာတို့ရေ ဒို့အလှည့်မှ သမိုင်း ရိုင်းရတော့မှာလား ကြိုးစားလိုက်ကြစမ်းပါ … မြန်မာဆိုတာ မညံ့တဲ့လူမျိုးဆိုတာကို အလုပ်နဲ့ သက်သေပြလိုက်ကြစမ်းပါ ရွှေမြန်မာတို့ရေ