၂ ၅၊ မတ် ၊ ၂၀၂၀ နေ့က ရပ်ကွက်ကြီး (၁၂ ) ၊ ဖက်ဆွတ်ကန် ( မြို့ရှောင်လမ်းအနီး )တွင် နေအိမ်သို့ ထိုင်းမှပြန်လည်ရောက်ရှိလာသူ အမျိုးသမီး တစ်ဦးရှိကြောင်းကို တာဝန်သိ ပြည်သူတစ်ဦးက ရပ်ကွက်ကြီး အုပ်ချုပ်ရေးမှူးထံ အသိပေးခဲ့မိရာ ပြည်တော်ပြန် အမျိုးသမီး၏ သားက မူးယစ်သောက်စားရမ်းကားခဲ့ကြောင်း၊ အသိပေးသူ၏ နေအိမ်ရှိပြတင်းပေါက်များ၊ ကာရံထားသော သွပ်ပြားများ ဖျက်ဆီးခံရကြောင်း သိရသည်။

အိမ် အဖျက်ဆီးခံရသော အမျိုးသမီးက -” ကျွန်မနာမည်က မခင်ထားဦး ပါ။ မြို့သစ် ( ရကောက်ဈေး)မှာ ဈေးရောင်းပါတယ်။ နေတာက ဖက်ဆွတ်ကန်ဘက်မှာ ။၂၅ ရက်နေ့က ကျွန်မတို့အိမ်အနောက်ဘက် တစ်အိမ်ကျော်မှာ ထိုင်းက ပြန်လာသူ အမျိုးသမီးတစ်ဦး ရှိခဲ့တာ •••• ၊ကျွန်မလည်း ကိုယ့်ဝန်းကျင်ကဆိုတော့ စိုးရိမ်တာနဲ့ ပထမ (၈) အုပ်ကြီးကို အသိပေးခဲ့တယ်။နောက် ကျွန်မတို့နေအိမ်က(၁၂ )ထဲမှာမို့ ( ၁၂ ) အုပ်ကြီးကို မတ် ၊ ၂၅ ညပိုင်းက အကြောင်းကြားအသိပေးခဲ့ပါတယ်။၂၆ ရက်နေ့၊ ညနေ ကျ ကျွန်မသမီးအငယ်က ဈေးကနေ ထမင်းချက်ဖို့ အိမ်ပြန်တဲ့အခါ ထိုင်းပြန် အမျိုးသမီးရဲ့ သားက ရမ်းကားနေလို့ ဈေး ပြန်ပြေးလာရတယ်။

အိမ်က အဖေဖြစ်သူက နောင်ချိုဘက် ခရီးထွက်နေတာ ၊ဖုန်းနဲ့လှမ်း အကြောင်းကြား၊ သူလည်း ဆိုင်ကယ်နဲ့ အမြန်ပြန်လာရတယ်။
အိမ်ရှေ့ဖက်က ပြတင်းပေါက်ကို ဖျက်ဆီးသွားတာ ဆရာ အမြင်ပဲ။အိမ်ဘေးက ပြတင်းပေါက်က မှန်တွေ ခဲနဲ့ပေါက် ခွဲသွားတယ်။ ဒီအခန်းက သမီးပျိုလေးတွေ အိပ်ခန်း ဆိုတော့ ၊ သမီးတွေအတွက် လုံခြုံရေး စိတ်မချရတော့ဘူး ။ပြီးတော့ ကျွန်မသမီးလေး ကွမ်းယာဆိုင်လေးကိုလည်း ဖျက်ဆီးသွားတယ် ။

( သမီးတွေက သုံးယောက် ၊ အကြီးက အဝေးသင်တက္ကသိုလ် တက်နေတယ် ၊ ကျန်နှစ်ယောက်က ၁၀တန်း ပါ ) ဒါနဲ့ အုပ်ကြီးဆီ လှမ်းအကူအညီတောင်းခဲ့တယ်။သူတို့လည်း လာပါတယ်။ကျွန်မက ရမ်းကားဖျက်ဆီးသူကို အိမ်ထဲဝင်ရှာပြီး နောက်နောင် ဒီလို မလုပ်ဖို့ ဆုံးမစေချင်တာ ။ဒါပေမယ့် အုပ်ကြီးတို့က ရှာဖွေ ဝါးရမ်းမပါလို့ ဝင်မရှာဘူး ။ ရဲ အရေးပိုင်မို့ ရဲစခန်းကို သွား အမှုဖွင့်ခိုင်းလို့ အမှုဖွင့်ခဲ့ပါတယ်။ ဒါပေမယ့် ဘာမှ သိပ်မထူးပါဘူး ။

တရားရုံးတွေကလည်း တစ်လလောက် ရပ်နားထားတော့ ဘာမှ လုပ်မရဘူး ဖြစ်နေတယ်။နောက် ကြားရတာက အဲ့ဒီ ထိုင်းပြန် အမျိုးသမီးက ယောနယ်ဘက် ဘုရားဖူး ထွက်တယ်ဆိုလား ။နောက်ရက်တွေမှာ အဲ့ဒီ မူးယစ်ရမ်းကား ဖျက်ဆီးသူဟာ အိမ်ရှေ့ ဖြတ်လျှောက်သွားလည်း ခပ်တည်တည်ပဲ ၊ ‘ ငါ့ ဘယ်သူမှ ဘာမှ အရေးမယူဘူး ၊ တွေ့တယ်မို့လား ‘ ဆိုတဲ့ ပုံစံမျိုးနဲ့ ။အဲ့တော့ ကျွန်မတို့မှာက Covid ကြောက်ရတာတစ်မျိုး၊ သူ့ ကြောက်ရတာ တစ်မျိုး ။ခု အိမ်မှာ သမီးတွေ အဖေရှိနေပေမယ့် သမီးတွေအတွက် စိတ်မချ ဖြစ်နေတယ် ။ကျွန်မတို့ ဖြစ်စေချင်တာက အဲ့ဒီလူကို ထောင်တွေ တန်းတွေ ကျစေချင်တာမဟုတ်ဘူး၊ အနေအထိုင်ဆင်ခြင်စေချင်တာပါ ။

အားလုံး လုံခြုံ စိတ်ချ ဘေးကင်းစေချင်ပါတယ် ” ဟု အပြည့်အစုံ ပြောပြသည်။

ယင်းနှင့် စပ်လျဉ်း၍ ရပ်ကွက်ကြီး (၁၂) ၊ အုပ်ချုပ်ရေးမှူး ဦးရဲဝင်းထံ မေးမြန်းကြည့်ရာ” ဟုတ်ပါတယ်၊ ကျွန်တော်တို့လည်း လုပ်ပိုင်ခွင့် ရှိသလောက် လုပ်ပေးထားပါတယ်။ အဲ့ဒီဘက်ကို မအားမလပ်ကြားက သုံးခေါက် သွားပေးခဲ့ပါတယ် ။အဲ့ဒီလူငယ်က သူ့အမေ ယောနယ်ဘက် ခရီးသွားကြောင်းကိုလည်း အကြောင်းကြားလာပါတယ်။ဘယ်ကိုပဲသွားသွားလေ ၊ ၁၄ရက် စောင့်ကြည့်ကတော့ ခံရမှာပဲ။အိမ်အဖျက်ဆီးခံရတဲ့ အမျိုးသမီးက အဲ့လူငယ် မထေမဲ့မြင်ပြုနေတယ်ဆိုတာ အကြောင်းကြားတာလည်း ဟုတ်ပါတယ်။

ကျွန်တော်ပြောလိုက်တယ်။’ နောက်တစ်ခါ အဲ့လို အိမ်ရှေ့လာပြီး မထေမဲ့မြင် လုပ်ရင် နည်းနည်းပါးပါး မကျိုးမကန်းအောင် လုပ်ထည့်လိုက် ‘ လို့ ပေါ့ ။ကျွန်တော်တို့ ဖြစ်စေချင်တာက အဲ့လူငယ် အိမ်ရှေ့လာရင် ခေါ်ပြီး ညှိလိုက် ၊ မင်း ဒါတွေ ဒါတွေ ဖျက်ဆီးသွားတာ ပြန်ပြင်ပေးခိုင်းလိုက်၊ ဒါမှ မဟုတ် ပြင်ဆင်စရိတ် လျှော်ခိုင်းလိုက် ။ နောက်နောင် မလုပ်အောင် ပြောပြစေချင်ပါတယ်။အိမ်နီးနားချင်းတွေပဲ ၊ပြေပြေလည်လည် ဖြစ်စေချင်ပါတယ် “ဟု စိတ်ရှည်လက်ရှည် ရှင်းပြသည်။

မိမိတို့ ပတ်ဝန်းကျင် အနီးအနားတွင် ပြည်တော်ပြန်များ ရောက်ရှိလာပါက ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ အသိပေး အကြောင်းကြားရန် နေ့စဉ် ညစဉ် အကြိမ်ကြိမ် နှိုးဆော်လျက်ရှိသည်။ပြည်တော်ပြန် ရောက်ရှိနေကြောင်း အသိပေးမိသောအခါတွင်ကား •••••••••• ။ Yon Mingyi