Facility Quarantine ပြုလုပ် သည့် လှော်ကထား အ.ထ.က မှ ထွက်ပြေးသူ ပြည်တော်ပြန်တစ်ဦးအား လေးမျက်နှာမြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးလ ချမှတ်ခဲ့ကြောင်း သိရသည်။ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေဖြင့် ဧပြီလ ၂ ရက်က ထိုသို့ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း လေးမျက်နှာမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် က အတည်ပြုပြောကြားသည်။

“၂၈ ရက်ကစပြီး လေးမျက်နှာမြို့နယ်မှာ Quarantine Centre သုံးခု ဖွင့်တယ်။ လှော်ကထား Quarantine Centre ကနေ ကွင်းကြီးကျေးရွာအုပ်စု၊ ဇီးဖြူကွင်းရွာက ကိုဇော်လွင် ဆိုသူက မနေ့က ညက ထွက်ပြေးတယ်။ သူ့ကို တာဝန်ရှိတဲ့သူတွေက ကျန်းမာရေးတို့၊ အထွေထွေအုပ်ချုပ်ရေး ရပ်ကျေးအုပ်ချုပ်ရေးတို့က သွားပြီးတော့ ပြန်လာပါဆိုပြီး ညှိနှိုင်းတဲ့အခါမှာ သူက ပြန်မလာနိုင်ဘူး။ လုပ်ချင်တာလုပ်ဆိုပြီး လုပ်တဲ့အခါကျတော့ ဒီနေ့သူ့ကို သွားပြီး ဖမ်းပြီးတော့ တရားရုံးတင်ပြီးတော့ တရားရုံးက ပုဒ်မ (၁၈) နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် သုံးလ ချလိုက်ပါတယ်”ဟု လေးမျက်နှာမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်က ပြောကြားသည်။ ထိုသို့ ထောင်ဒဏ် ချမှတ်ခံခဲ့ရသူမှာ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ မတ် ၁၇ ရက်က ပြန်လည် ဝင်ရောက်လာသူဖြစ်ပြီး Facility Quarantine ပြုလုပ်သည့် လှော်ကထား အ.ထ.က သို့ မတ်လ ၂၈ ရက်တွင် ရောက်ရှိခဲ့ပြီးနောက် ၇ ရက်ခန့်အကြာတွင် ထွက်ပြေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“သူက တရုတ်နိုင်ငံက ပြန်လာတာ။ ၁၇ ရက်မှာ မြန်မာနိုင်ငံကို ပြန်ဝင်တယ်။ ၁၈ ရက်မှာ သူ့အိမ် ပြန်ရောက်တယ်။ ကျွန်တော်တို့ Centre ကို ၂၈ ရက်နေ့ သွင်းတယ်။ မနေ့ညက သူက ထွက်သွားတာ။ ညတုန်းက မသိဘူး။ ကျွန်တော်တို့က မနက်ကျမှ သိတာ။ သူက ဇီးဖြူကွင်းကျေးရွာ၊ ကွင်းကြီးကျေးရွာအုပ်စုက ဆိုတော့ ကွင်းကြီးအုပ်ချုပ်ရေးမှူးကို လှမ်းပြောပြီး အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတို့သွားပြီး သူ့ကို စောင့်ပြီး ပြန်ခေါ်တယ်။ ပြန်ခေါ်လို့ မရလို့ ရဲကို အကူအညီတောင်းပြီး ရဲပါ ထပ်လွှတ်တယ်။ အဲဒါလည်း ခေါ်လို့မရဘူး။ ကလန်ကဆန် လုပ်တယ်။ လုံးဝ ပြန်မလိုက်ဘူး လုပ်တော့ မြို့နယ်ကို ကျွန်တော်တို့ သတင်းပို့တယ်။ မြို့နယ်အစီအစဉ်နဲ့ လာခေါ်သွားပြီးနောက် အခုလိုကြားတာပဲ။ ထောင်ဒဏ် ချလိုက်တယ်လို့တော့ ကြားတယ်။ ဘယ်လောက် ချမှတ်လိုက်လဲဆိုတာတော့ မသိရသေးဘူး”ဟု လှော်ကထား အ.ထ.က Quarantine မှ ဧပြီလ ၂ ရက် တာဝန်ခံ သဲနုကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးချိုထွန်း က ဖြေကြားသည်။

လေးမျက်နှာမြို့နယ် အနောက်ဘက်ခြမ်း၌ Facility Quarantine ပြုလုပ်ထားသည့် လှော်ကထား အ.ထ.က မှ ထွက်ပြေးခဲ့သည့် အဆိုပါပုဂ္ဂိုလ်မှာ အသက် (၄၅) နှစ် အရွယ်ရှိ ဦးဇော်လွင် ဆိုသူဖြစ်ကြောင်း သိရသည်။

EMG