တာေ မွမြို့နယ် သြဘာလမ်းတွင် ထိုင်းနိုင်ငံမှ ပြန်လာပြီး တိုက်ခန်းအတွင်း တစ်ဦးတည်းနေထိုင်သည့် အသက် ၁၈ နှစ်အရွယ် မိန်းကလေးတစ်ဦး ယနေ့(ဧပြီ ၂ ရက်)တွင် အသက်ရှူကြပ်ဝေဒနာ ရုတ်တရက်ခံစားရသဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ဧပြီ ၂ ရက်၊ မွန်းလွဲ ၁ နာရီကျော်ခန့်တွင် တာမွေမြို့နယ်၊ သြဘာလမ်း၊ တိုက်အမှတ် ၃၂၊ ၇ လွှာ တိုက်ခန်းတွင် နေထိုင်သည့် အသက် ၁၈ နှစ်အရွယ် မိန်းကလေးတစ်ဦးသည် အသက်ရှူကြပ်ခြင်း၊ ဗိုက်နာခြင်း၊ ကိုယ်ပူခြင်းလဏ္ခာများ ရုတ်တရက် ခံစားရသဖြင့် ကျန်းမာရေးဝန်ကြီးဌာန၊ အခြားတာဝန်ရှိသူများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များမှ လာရောက်ခဲ့သည်။

“ဒီနေ့ ၁ နာရီလောက်မှာ သတင်းရတာပါ။ COVID-19 ထိန်းချုပ်ရေးအဖွဲ့(ရန်ကုန်) YRO အဖွဲ့နဲ့ သွားတာပါ။တာမွေမြို့နယ်၊ သြဘာလမ်း၊ တိုက်အမှတ် ၃၂ ၊ ၇ လွှာတိုက်ခန်းမှာ အမျိုးသမီးတစ်ဦး ခေါင်းတွေမူး၊ ဗိုက်တွေအောင့်တယ်၊ အသက်ရှူကြပ်၊ ကိုယ်အပူချိန်လည်း မြင့်နေတယ်ဆိုတော့ သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးအဖွဲ့၊ ရပ်ကျေးအဖွဲ့နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အကုန်ခေါ်လိုက်ပါတယ်။ ပြီးတော့ အဲ့အမျိုးသမီးကို သက်ဆိုင်ရာ ဆရာ ဆရာမတွေက စစ်တော့ COVID-19 သံသယလူနာဆိုပြီး ကျွန်တော်တို့ ပရဟိတယာဉ်နဲ့ စံပြဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်”ဟု COVID-19 သံသဃလူနာအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည့် ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

COVID-19 သံသယလူနာ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးမှာ ထိုင်းနိုင်ငံမှ ပြန်လာသူဖြစ်ကြောင်း၊ မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာသည်မှာ ကြာမြင့်ခြင်း မရှိသေးကြောင်း အခင်းဖြစ်ရာသို့ လာရောက်ခဲ့သည့် ပရဟိတအဖွဲ့တစ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ယင်းဖြစ်စဉ်နှင့် ပတ်သတ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “ကောင်မလေးက အဲ့မှာနေထိုင်တာ ရပ်ကွက်ရုံးကိုလည်း အကြောင်းမကြားဘူး။ အဲ့မှာ တစ်ယောက်တည်း နေထိုင်တာ။ ထိုင်းက ပြန်လာတယ် ဆိုတာကတော့ စစ်ဆေးနေတုန်းပါ။ ကောင်မလေးက ဆေးရုံကားပေါ်ကို သူ့ဟာသူ ဒီတိုင်းဘဲ လှေခါးကဆင်းလာပြီး တက်သွားတာပါ”ဟု ပြောကြားသည်။COVID-19 သံသယလူနာ နေထိုင်ခဲ့သည့် တိုက်ခန်းတစ်ခန်းထဲသာ လက်ရှိအချိန်တွင် ပိုးသတ်ဆေးဖျန်းမည်ဟု ကျန်းမာရေးဌာနမှ ညွှန်ကြားသွားခဲ့ပြီး လိုအပ်မှသာ တိုက်တစ်တိုက်လုံးအား ဆေးဖျန်းမည် ဖြစ်ကြောင်း အုပ်ချုပ်ရေးအဖွဲ့မှ စုံစမ်းသိရှိရသည်။အဆိုပါ အမျိုးသမီးအား လာရောက် ခေါ်ဆောင်ချိန်တွင် သက်ဆိုင်ရာ တာဝန်ရှိသူအချို့မှ PPE ဝတ်စုံများဖြင့် လာရောက် ခေါ်ဆောင်ခဲ့ကြောင်း ပတ်ဝန်းကျင်မှ စုံစမ်းသိရှိရသည်။

Credit-Burmese.Asia