တ ရုတ်နိုင်ငံမှာ ရလဒ်ကောင်းတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာ ဂျပန်ရဲ့ ဖူဂျီဖလင်ဟာ ကိုရိုနာဗိုင်းရပ်စ် ရောဂါသည်တွေကို ကုသရာမှာ ၎င်းရဲ့ တုပ်ကွေးကုသဆေး အာဗီဂန် (Avigan)ရဲ့ ထိရောက်မှုအတိုင်းအတာကို ဆေးရုံဆေးခန်းတွေမှာ စတင်စမ်းသပ်တော့မှာပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ စမ်းသပ်သုံးစွဲကြည့်တဲ့အခါမှာတော့ ဓာတုဗေဒအုပ်စုနာမည် ဖာဗီပီရာဗာ (Favipiravir)လို့ ခေါ်တဲ့ အာဗီဂန်ဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါသည်တွေအတွက် ပြန်လည်သက်သာကောင်းမွန်ချိန်ကို သိသိသာသာ ချုံ့ပစ်နိုင်တာကို တွေ့ရတယ်လို့ ဆိုပါတယ်။

“ဇွန်လကုန်အထိ လူနာပေါင်း ၁၀၀လောက်ကို စမ်းသပ်သွားမှာပါ”လို့ ကုမ္ပဏီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဗုဒ္ဓဟူးနေ့က အေအက်ဖ်ပီကို ပြောကြားခဲ့ပါတယ်။
“အချက်အလက်တွေ စုဆောင်းပြီး လေ့လာဆန်းစစ်နေပါတယ်။ ပြီးရင်တော့ ခွင့်ပြုချက်ရဖို့ လျှောက်လွှာတင်သွားမှာပါ”လို့ ၎င်းက ထပ်လောင်းပြောကြားပါတယ်။

အပျော့စား အဆုတ်ရောင်ရောဂါရခံစားနေတဲ့ အသက် ၂၀နဲ့ ၇၀ကြား ကိုရိုနာဗိုင်းရပ်စ်လူနာတွေကို အများဆုံး ၁၄ရက်အထိ ဒီဆေးနဲ့ ကုသသွားမှာဖြစ်တယ်လို့လည်း အဆိုပါ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ တိရစ္ဆာန်တွေနဲ့ စမ်းသပ်ကြည့်တဲ့အခါမှာ ဘေးထွက်သက်ရောက်မှုတွေရှိတဲ့အတွက် ဒီသုတေသနမှာ ကိုယ်ဝန်ဆောင်မိခင်တွေတော့ ပါဝင်မှာမဟုတ်ဘူးလို့လည်း ၎င်းက ထပ်လောင်းပြောကြားပါတယ်။

ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက စနေနေ့ကပဲ သူ့အစိုးရဟာ အာဗီဂန်ကို ကိုရိုနာဗိုင်းရပ်စ်ကုသဆေးအနေနဲ့ တရားဝင်အတည်ပြုဖို့ လိုအပ်တာတွေကို စတင်လုပ်ဆောင်နေတယ်လို့ ပြောကြားအပြီးမှာ ယခုစမ်းသပ်မှု ပေါ်ထွက်လာခဲ့တာပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံကတော့ အာဗီဂန်ရဲ့ အဓိကပါဝင်ဖက်ဖြစ်တဲ့ ဖလာပီရာဗာကို ဆေးရုံဆေးခန်းတွေမှာ စမ်းသပ်သုံးစွဲကြည့်ပြီးဖြစ်တယ်လို့ ပြီးခဲ့တဲ့လကပဲ တရုတ် သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနက ပြောကြားခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံထဲမှာ စမ်းသပ်မှုနှစ်ခု ပြုလုပ်ခဲ့ရာမှာ ဒီဆေးဝါးကြောင့် လူနာတွေ ခပ်မြန်မြန် နာလံထလာတာကို တွေ့ကြရပေမယ့် ဖူဂျီဖလင်ကတော့ ဒီအစီအစဉ်တွေထဲမှာ မပါဝင်ခဲ့ဘူးလို့ ဆိုပါတယ်။ အာဗီဂန်ကို လတ်တလောမှာ ဆေးကုမ္ပဏီတွေအတွက် ထောက်ခံအတည်ပြုထားပြီး ဂျပန်မှာတော့ တုပ်ကွေးရောဂါတွက် ဗိုင်းရပ်သတ်ဆေးအနေနဲ့ ရောင်းချနေပြီဖြစ်တယ်လို့ ဆိုပါတယ်။ အခုအချိန်အထိ ကမ္ဘာနဲ့အဝန်းမှာ လူပေါင်း ၄၂၀၀၀လောက် သေဆုံးခဲ့ရပြီဖြစ်လို့ ကိုရိုနာဗိုင်းရပ်စ်အတွက် ကုသဆေးကို ဆေးသုတေသီတွေ အသည်းအသန် ရှာဖွေနေခဲ့ကြတာပဲ ဖြစ်ပါတယ်။

Credit-Writer_ နေဇင်ထွန်း ( XYZ News )
Source : Bangkok Post