ပဲခူးေ ဆးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်ကသူ့ထုံးစံအတိုင်း လေသံခပ်အေးအေးနဲ့ ပြောတယ်။

“ကျွန်တော်တို့ လွန်ခဲ့တဲ့ ၃ လထဲကဆေးပစ္စည်းတွေ ဝယ်စုထားတယ်..တရုတ်က ဗိုင်းရပ်စ်ဟာ တစ်ခြားနိုင်ငံတွေကိုကူးဆက်သွားပြီဆိုထဲက မြန်မာနိုင်ငံကိုကျိန်းသေ ရောက်လာမယ်တွေးပြီး ရှေ့ရေးအတွက်ကျွန်တော်တို့ အစစ အရာရာ ပြင်ဆင်တယ်..ဇန်နဝါရီလထဲကပေါ့..”

“အဓိက ချီးကျူးချင်တာက ဝန်ကြီးချုပ်ဦးဝင်းသိန်းပါပဲ..ပဲခူးတိုင်း ဝူဟန်ဗိုင်းရပ်စ် ကာကွယ်ရေးအတွက်ကော်မတီကို ဇန်နဝါရီလထဲက ဖွဲ့ခဲ့ပြီးပြီ..တိုင်းတပါးက လာမယ့် ရောဂါမို့ကော်မတီ ဥက္ကဌကို ပဲခူးတိုင်း လဝက ဝန်ကြီးဦးထွန်းထွန်းဦးကို တာဝန်ပေးခဲ့တယ်..ကော်မတီရဲ့ အကြံဥာဏ်ကိုလည်းဝန်ကြီးချုပ်က အကုန် ဖော်ဆောင်ပေးတယ်..ရွှေမော်ဓောဘုရားပွဲကို ပိတ်လိုက်တာမျိုးကအစအခုဆိုရင် ပဲခူးမြို့ပေါ်မှာ ဘာသာရေးပွဲအပါအဝင် ဘာပွဲမှ မလုပ်ရဘူး..”

“ဗိုင်းရပ်စ်က အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာမို့ အဲဒီအတွက် လိုအပ်တဲ့ Mask တွေ ၊ဆေးဝါးတွေ ၊ PPE တွေ ၊ဆရာဝန်သုံး ပစ္စည်းတွေကို ဇန်နဝါရီလထဲကအများပြည်သူ အလှူငွေနဲ့ဝယ်ပြီးရော ၊ကျန်းမာရေး ဝန်ကြီး ဌာနဆီက ရရှိတာတွေရော၃ လစာလောက်ကို စုဆောင်းထားတယ်။

အခုဆို ဈေးကွက်ထဲမှာ ဝယ်မရတော့တဲ့အသုံးများတဲ့ ဆေးဝါးတွေကိုကျွန်တော်တို့ ပဲခူးဆေးရုံမှာပူမပင်ဘဲ သုံးလို့ရနေသေးတယ်..”

“အထူးသဖြင့် ဘတ်ဂျက်အတွက်ကိုတိုင်းဒေသကြီး အစိုးရ ရန်ပုံငွေထဲက​နေလိုသလောက်သုံးဗျာဆိုတဲ့ ခွင့်ပြုချက်ကိုလည်းဝန်ကြီးချုပ်ဆီက ရခဲ့တယ်..”

“ကျွန်တော်တို့ ဆေးရုံမှာဆိုလည်းသံသယလူနာထားမယ့် အခန်း သုံးခန်းအထိပြင်ဆင်ထားတယ်..အဲဒီအခန်းနားမှာပဲသူနာပြုတွေ ကျန်းမာရေးဝန်ထမ်း​တွေနားနေဖို့ အခန်းလည်း ပြင်ဆင်ထားတယ်…တကယ်ဖြစ်ပြီဆို သူတို့ အရမ်းပင်ပန်းမှာ..တကယ်လို့ သံသယလူနာက ပေါ့စတစ်ဆိုရင်ပဲခူးအထွက် ကလိမှာရှိတဲ့တိုင်းကုသရေးအဆောင်သစ် ကြီးမှာထားဖို့ အစစ အရာရာပြင်ဆင်ထားပြီးသား.”

“ကလိမှာ ရေမရတဲ့အတွက်ရေကန်ကြီးကိုလည်း ပဲခူးတိုင်း အစိုးရအဖွဲ့ကတူးခဲ့ပြီးပြီ..အဲဒီရေကန်ထဲကို ဆည်မြောင်းကရေသွင်းပြီး ရေသန့်စက်နဲ့ ဆေးရုံကိုပို့မယ်..”

“ကိုဗစ်လူနာ ထားတဲ့အခန်းမှာ Aircon ၊Wifi ၊ Sky net တပ်ထားပေးပြီးပြီ..”

” ပဲခူး မှာရှိတဲ့ PPE ထုတ်တဲ့ စက်ရုံကနေမြန်မာနိုင်ငံအတွက် PPE တွေ ချုပ်ပေးဖို့တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့အတူကျွန်တော်တို သွားရောက်ညှိနှိုင်းပြီးအောင်မြင်ခဲ့တယ်..အခုဆိုရင် စက်ရုံတစ်ချို့နဲ့Mask အတွက်ပါ ဆက်လက်ညှိနှိုင်းနေတယ်..”

“ပဲခူးမြို့ပေါ်က ပရဟိတအသင်းတွေဆီကနေဗော်လန်တီယာ အယောက် ၂၀ ကိုကျွန်တော်တို့ သေသေချာချာ လေ့ကျင့်ပြီးအဆင်သင့်ထားတယ်..
မီးသတ် ၊ ရဲ ဌာနတွေနဲ့ကအစချိတ်ဆက်ထားတယ်..

အုံလိုက်ကျင်းလိုက်ဖြစ်ကြပြီဆို သူတို့ကရှေ့တန်းကနေ စာရင်းပြုစုမယ်..လိုအပ်တာ ကူညီ ဆောင်ရွက်မယ်..သူတို့က ဝိုင်းဝန်းတဲ့အခါကျန်းမာရေးဝန်ထမ်းတွေက ကုသရေးကိုအပြည့်အဝ အာရုံစိုက်နိုင်မှာဖြစ်ပါတယ်..”

“မြန်မာနိုင်ငံကို ကိုဗစ်မရောက်ခင်ကတည်းကရောက်ခဲ့ရင်ဆိုတဲ့ အတွေးနဲ့ ကျွန်တော်တို့အစစ အရာရာ ပြင်ဆင် စုဆောင်းထားတယ်..အခုဆို မြန်မာနိုင်ငံကို ကိုဗစ်ရောက်လာပြီ..တစ်ယောက်စ နှစ်ယောက်စ ဖြစ်နေရာကနေအစုလိုက် အပြုံလိုက်ဖြစ်လာခဲ့သည်ရှိသော်ဆိုတဲ့ အတွေးနဲ့ အခုဆို ရှေ့ရေးကိုပြင်ဆင်နေပါပြီ..

မတော်တဆ lock down အခြေအနေမျိုးကြုံလာခဲ့ရင် ပြည်သူတွေရဲ့ စားဝတ်နေရေး ၊လုံခြုံရေးကအစ ပဲခူးတိုင်း အစိုးရအဖွဲ့နဲ့အတူတိုင်ပင်နေကြပါပြီ..ကိုစိုးထိုက်ရေ…”

ဆရာဝန်ကြီးက ကျွန်တော့်ကို ရှည်လျားစွာရှင်းပြပါတယ်..။

သူ့စကားသံအဆုံးမှာ ကျွန်တော့်ရင်ထဲကနေကြုံးဝါးမိပါရဲ့..

“ငါတို့….ပဲခူးကွ..”

ကိုစိုးထိုက် (ဖဒို)