(၁) C19 virus ပိုး ဟာ ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အဝလွန်၊ အဆုပ်ရောဂါ၊ ကင်ဆာရောဂါ ရှိသူတွေမှာ အဖြစ်များပါတယ်။ ဖြစ်ရင်လဲ ပြင်းထန်စွာခံစားရတတ်ပါတယ်။(၂) C19 virus ကြောင့် ရုတ်တရပ် ကျောက်ကပ်ထိခိုက်ခြင်း လို့ခေါ်တဲ့ Acute Kidney injury ဖြစ်တတ်ပါတယ်။ ဖြစ်ရတဲ့ အကြောင်းကတော့ ပြင်းထန်တဲ့ ပိုးကြောင့်ဖြစ်စေ၊ ရေဓာတ်ဆုံးရှုံးလို့ဖြစ်စေ၊ ကိုယ်လက်ကိုက်ခဲလို့ အပြင်းစား အကိုက်အခဲ ပျောက်ဆေးများ သောက်မိလို့ ဖြစ်စေ ဖြစ်နိုင်ပါတယ်။ ဆီးထဲမှာ သွေးပါခြင်း၊ protein အသားဓာတ်ပါခြင်းများလဲ ဖြစ်နိုင်ပါတယ်။ အရမ်းဆိုးရင်တော့ ကျောက်ကပ်ဆေးရတဲ့ အထိ ဖြစ်နိုင်ပါတယ်။ နာတာရှည်ကျောက်ကပ်ရောဂါ အခံရှိတဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။(၃) ကျောက်ကပ်အစားထိုးလူနာများ၊ autoimmune ကျောက်ကပ်ရောင်ရောဂါ တစ်ခုခုရှိလို့ ခုခံအားကို ဖိနှိပ်ရသော (immunosuppressive drugs) ဆေးများ သောက်နေရသော သူများ အနည်းဆုံး ‘၁၂ ပတ် ‘ strict self-isolation အိမ်အပြင်လုံးဝ မထွက် သင့်ပါဘူး။

(၄) နာတာရှည်ကျောက်ကပ်ဝေဒနာရှင်၊ကျောက်ကပ်ဆေးနေရသော သူများ လဲ အတတ်နိုင်ဆုံး stay home လုပ်ရပါမယ်။ social distancing တစ်ယောက်နဲ့ တစ်ယောက် ၃ ပေအကွာ မှာနေပါ၊ လက်ကို စနစ်တကျ မကြာခဏ ဆေးပါ၊ လူ ၂ ယောက်ထက်ပိုပြီး မစုပါနဲ့။(၅) ကျောက်ကပ်ဆေးနေရသော သူများ ကျောက်ကပ်ဆေးတာ မပျက်ပါနဲ့။ C19 ရောဂါဝေဒနာ စပြီးခံစားနေရပီလို့ မိမိကိုယ်ကို သံသယဖြစ်ရင် ပုံမှန်ကျောက်ကပ်ဆေးတဲ့ dialysis unit ကို ဖုန်းဆက်အကြောင်းကြားပါ။ လူကိုယ်တိုင် အရင်မသွားပါနဲ့။ ကျောက်ကပ်ဆေးဌာနက လိုအပ်သလို ဆက်လက်စီစဉ်ပေးပါလိမ့်မယ်။ ကိုယ့်ကြောင့် တခြား ကျောက်ကပ်ဆေးလူနာတွေ ကိုမကူးစက်ပါစေနဲ့။

(၆) ကျောက်ကပ်ဆီးချိုသမားတွေ သောက်ရတဲ့ သွေးကျဆေး ACEI လို့ခေါ်တဲ့ pril နဲ့ဆုံးတဲ့ဆေး (perindopril, ramipril, lisinopril) တွေဟာ C19 ရောဂါကို ပိုဆိုးစေနိုင်တယ်ဆိုတဲ့ သုတေသန စာတမ်းတွေ ထွက်လာပါတယ်။ ဒါပေမဲ့ အထောက်အထား ခိုင်ခိုင်မာမာ မပြနိုင်သေးပါဘူး၊ ဒီဆေးတွေဟာ ကျောက်ကပ်၊ ဆီးချို၊ နှလုံးရောဂါသမားတွေအတွက် အထူး အကျိုးရှိလို့ ဆက်သောက်ပါ။ အကိုက်အခဲပျောက်ဆေး အပြင်းစားတွေဖြစ်တဲ့ Ibuprofen, diclofenac, စတဲ့ ဆေးဝါးများကိုတော့ ရှောင်ရပါမယ်။

(၇) C19 ဟာ ဆီးချိုသမားတွေမှာ အဖြစ်များပါတယ်၊ အထူးသဖြင့် ဆီးချိုဓာတ် ကောင်းစွာ မထိန်းနိုင်တဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။ သက်ဆိုင်ရာဆရာဝန်နဲ့ပြပီး ဆီးချိုဆေးများ သေချာညှိဖို့လိုနိုင်ပါတယ်။(၈) ကျောက်ကပ်ရောဂါရှိတဲ့ အမျိုးသမီးများ ကိုယ်ဝန်ဆောင်ဖို့ကြိုးစားနေရင် C19 outbreak ကျော်တဲ့အထိ ဆိုင်းငံ့ထားပါ။ ကလေးကော အမေပါ ကူးစက်ခံရနိုင်ပါတယ်။(၉) ကျောက်ကပ်အစားထိုးဖို့ ကြိုးစား/ပြင်ဆင် နေသော သူများလဲ C19 outbreak ကောင်းကောင်းပြီးတဲ့ အထိ စောင့်သင့်ပါတယ်။ အစားထိုးပြီးပြီးချင်း သောက်ရသော ပြင်းထန်သည့် ခုခံအားချဆေးများဟာ C19 ရောဂါကို လက်ရပ်ခေါ်နေပါလိမ့်မယ်။ကျောက်ကပ်ရောဂါရှင်အားလုံး၊ မိသားစုဝင်အားလုံး Covid-19 ကပ်ရောဂါဘေးမှ ကင်းဝေးကြစေဖို့ ဆုတောင်းပါတယ်။

လေးစားစွာဖြင့်, ဒေါက်တာဇေထက်