အေ မရိကန်ပြည်ထောင်စုမှာ Coronavirus ကူးစက်ပြန့်နှံ့မှု အမြင့်ဆုံးနဲ့ အမြန်ဆုံး ဖြစ်နေတဲ့ နယူးယောက်မြို့မှာ အခုဆို သေဆုံးသူတွေကို ထားစရာ ရေခဲတိုက် အလုံအလောက် မရှိတော့လို့ အအေးခန်း ထရပ်ကားတွေပေါ် တင်ထားနေကြရသလို မြို့နယ်အစိုးရရဲ့ ဆေးရုံအချို့မှာလဲ အရေးပေါ်ရောက်လာတဲ့ လူနာတွေကို ထားစရာ ကုတင်မလောက်တော့လို့ ကားပါကင်ကွင်းထဲမှာ ခုံတန်းရှည်တွေ ချပြီးထားနေရတဲ့ အခြေအနေကို ရောက်နေပါတယ်…

တစ်ချိန်က အမေရိကန်ပြည်ထောင်စုထဲမှာရော ကမ္ဘာပေါ်မှာပါ Big Apple(ပန်းသီးကြီး) အဖြစ်နဲ့ နာမည်ကျော်ခဲ့ပြီး လူတိုင်းက တစ်သက်မှာတစ်ခေါက် ရောက်ဖူးသင့်တဲ့ မြို့လို့ တင်စားခံခဲ့ရသလို နယူယောက်မြို့က လာတဲ့သူတွေဆိုရင် လူတိုင်းက အထင်ကြီးလေးစား ခံခဲ့ကြရတဲ့ နယူးယောက်မြို့ကြီးဟာ အခုဆိုရင် လူတိုင်းက မသွားသင့်တဲ့ အရပ်အဖြစ်ရှုမြင်ခံနေရသလို အမေရိကန်ပြည်ထောင်စုထဲက အချို့ ပြည်နယ်/မြို့နယ် တွေမှာဆိုရင် နယူးယောက်မြို့က လာတဲ့သူတွေကို လက်မခံထားကြဖို့နဲ့ ၁၄ ရက် သီးခြားခွဲထားပြီးမှ မြို့ခံတွေနဲ့ ပေးထိတွေ့ ဆက်ဆံစေဖို့ စတဲ့ ညွှန်ကြားချက်တွေ ထွက်လာနေပါတယ်…

အခုလို ကမ္ဘာ့ထိပ်သီး မြို့ကြီးတစ်မြို့ကို မြို့ပျက်ကြီးလို ဖြစ်သွားစေဖို့ ကြာမြင့်ခဲ့တဲ့ အချိန်ဟာ ၁၄ ရက်ပါ… နယူးယောက်မြို့မှာ Coronavirus ပြဿနာ ရှိလာနေပြီမို့ သတိထားနေထိုင်ကြပါလို့ မြို့တော်ဝန်က အသိပေးလာခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ကနေ ၁၄ ရက်အကြာ မတ်လ ၂၇ ရက်နေ့မှာ Coronavirus ကြောင့်သေဆုံးသူဟာ နေ့စဉ် ၁၀၀ ကျော် ရှိလာနေပြီး အခြားပြည်နယ်အုပ်ချုပ်ရေးမှူးတွေက သမ္မတကို နယူးယောက်မြို့သားတွေအပေါ် ခရီးအသွားအလာ ကန့်သတ်ဖို့ တောင်းဆိုလာနေကြပါတယ်…

ဒီလို နေ့ချင်း/ညချင်း မြို့ပျက်ကြီးလို ဖြစ်သွားခဲ့ရတဲ့ နယူယောက်မြို့ဟာ တော်ရုံတန်ရုံ အသုံးစားရိတ်ငွေကြေးလေးနဲ့ လည်ပတ်နေရတဲ့ မြို့တစ်မြို့တော့ မဟုတ်ပါဘူး၊ Coronvirus ပြဿနာတွေ မရောက်လာမီ ယခုနှစ် ဇန်နဝါရီလက အတည်ပြုပေးခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွက် အသုံးစားရိတ် ဘတ်ဂျတ်ဟာ ဒေါ်လာ $ ၉၅.၃ ဘီလီယံ ရှိပါတယ်။

သဘောပေါက် လွယ်အောင် တွက်ပြရရင် မြန်မာပြည်ရဲ့ ၂၀၂၀ ခုနှစ်အတွက် တစ်နိုင်ငံလုံး အစိုးရ အသုံးစားရိတ်ဘတ်ဂျက် ကျပ်ဘီလီယံ ၂၄,၇၂၄ ဟာ ဒီနေ့ ငွေလဲနှုန်းနဲ့ဆို ​ဒေါ်လာ $၁၇.၆၄ ဘီလီယံ ပဲရှိပါတယ်၊ ဒါကြောင့် နယူးယောက်မြို့ဟာ မြန်မာပြည်တစ်နိုင်ငံလုံး အသုံးစားရိတ်ရဲ့ ၆ ဆ နီးပါးကို အသုံးပြု လည်ပတ်နေတဲ့ မြို့ဖြစ်ပြီး၊ နှစ်စဉ် မြို့ရဲ့အခွန်အခတွေကနေ ဝင်ငွေဟာ ဒေါ်လာ $၆၄ ဘီလီယံကျော် ရှိ​နေပါတယ်..

လက်ရှိ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၅ နိုင်ငံရှိတဲ့အထဲမှာ တစ်နှစ်အသုံးစားရိတ် ဒေါ်လာ $၉၀ ဘီလီယံကျော် သုံးနိုင်တဲ့ တိုင်းပြည်ဟာ ၃၀ ဝန်းကျင်ပဲ ရှိတာကြောင့် အမေရိကန်ထဲမှာရော ကမ္ဘာပေါ်မှာပါ နယူးယောက်မြို့ကို Big Apple လို့ တင်စားခေါ်ဝေါ် ရတဲ့ အကြောင်းရင်းတစ်ခုပါ..

အခုလို ဓနအင်အားလည်း တောင့်တင်းသလို ကမ္ဘာကျော်ထိပ်သီး ကိုလံဘီယာ နဲ့ ကော်နဲလ်တက္ကသိုလ်တွေ၊ ဆေးရုံတွေ၊ ဆရာဝန်တွေနဲ့ အပြည့်ရှိတဲ့ မြို့ကြီးကို ၁၄ ရက်အတွင်း ဖျက်နိုင်တာဟာ Coronavirus ရဲ့ အစွမ်းသတ္တိ တစ်ခုထဲကြောင့်တော့ မဟုတ်ပါဘူး၊ သူ့နောက်ကွယ်က လူသိနည်းတဲ့ နိုင်ငံရေး ပြဿနာတွေနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပြဿနာတွေ ကြောင့်လဲပါပါတယ်…

အစဉ်အလာအရ နယူးယောက်ရဲ့ နိုင်ငံရေးသမိုင်းမှာ အမြဲတမ်း ဒီမိုကရက်တွေ စိုးမိုးတာမို့ Blue State (အပြာရောင် ပြည်နယ်) လို့ လူသိများတဲ့ နယူးယောက်ဟာ သမ္မတအိုဘားမား လက်ထက်မှာ ကြုံတွေ့ခဲ့ရတဲ့ H1N1 ပြဿနာ နောက်ပိုင်းမှာ ကတည်းက ပြည်နယ်မှာရော၊ မြို့နယ်မှာပါ နောက်ထပ် ဆိုးရွားတဲ့ စပိန်တုပ်ကွေး (Spanish Flu) လိုမျိုး

အလားတူ ရောဂါပြန့်ပွားမှုမျိုးကို ကြိုတင်ကာကွယ်နိုင်ဖို့နဲ့ ကုသပေးနိုင်ဖို့ လိုအပ်တဲ့ စက်ပစ္စည်း၊ ဆေးဝါး နဲ့ ဆေးရုံကုတင်အနေအထား စတာတွေဟာ အရံအနေနဲ့ အဆင်သင့်ဖြစ်မနေဘူးဆိုတာကို ပညာရှင်တွေက အမြဲထောက်ပြပြီး လိုအပ်တဲ့ အသုံးစားရိတ် ဘတ်ဂျတ်ချပေးဖို့ကို တောက်လျှောက်တောင်းဆိုခဲ့ကြပေမယ့် အုပ်ချုပ်သူ ခေါင်းဆောင်ပိုင်းတွေဟာ ကျန်းမာရေးကဏ္ဍအတွက် ကြိုတင်ပြင်ဆင်ခြင်းအပိုင်းမှာ အသုံးပြုဖို့ စားရိတ်ကို အဲဒီလောက်အလေးမထားခဲ့ ကြပါဘူး…

ထင်ရှားတဲ့ သာဓကအနေနဲ့ ပြရရင် ၂၀၁၅ ခုနှစ်မှာ လက်ထောက်ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ ဆေးဘက်ဆိုင်ရာ ပညာရှင်များက နယူးယောက်ပြည်နယ်မှာ ဆေးရုံတွေအတွက် အသက်ရှူအထောက်အကူပြုစက် ventilators အလုံးရေ ၁၈,၀၀၀ ကျော် အရံအနေနဲ့ရှိဖို့ လိုအပ်ပေမယ့် အမှန်တကယ်မှာ အလုံးရေ ၂,၀၀၀ ပဲ ရှိနေတဲ့အတွက် နယူးယောက်ပြည်နယ်ရဲ့ အသုံးစားရိတ်ကနေ ဒေါ်လာ သန်း ၅၀၀ ကျော်အသုံးပြုပြီး လိုအပ်တဲ့ စက်အလုံး ၁၆,၀၀၀ ကိုဝယ်ထားဖို့

တင်ပြခဲ့ပေမယ့် ၂၀၁၅ မှာ အမေရိကန်သမ္မတ ရွေးကောက်ပွဲ ရှိနေတာကြောင့် အပြာရောင်ပြည်နယ် နယူးယောက်မှာ သမ္မတပြိုင်ပွဲဝင် ဟီလာရီကလင်တန် မရှုံးနိမ့်စေဖို့ ဝင်ငွေနည်းသူတွေကို အစိုးရက ထောက်ပံ့ပေးနေတဲ့ Section 8 အိမ်ယာတွေ၊ Food stamp ငွေကြေးတွေ၊ နဲ့ အခြား လူမှုအဖွဲ့အစည်းတွေအတွက် ပေးနေတဲ့ အထောက်အပံ့တွေကို လျှော့ချဖို့မလုပ်ချင်တာကြောင့် ကျန်းမာရေးပိုင်းအတွက် လိုအပ်တဲ့ ဆေးဝါးနဲ့ စက်ပစ္စည်းတွေကို ဝယ်ယူဖို့ ဘတ်ဂျက်ကို ငြင်းပယ်ခဲ့ပါတယ်… အဲဒီလိုနှစ်စဉ် ကျန်းမာရေးကဏ္ဍအတွက် အသုံးစားရိတ်ငွေ လျှော့ချလာမှုဟာ

ဒီနှစ်အတွက် အသုံးစားရိတ် ဘတ်ဂျက်မှာလဲ ဘဏ္ဍာရေးလိုငွေ ဒေါ်လာ$၆ ဘီလီယံ ရှိနေတာကြောင့် ဆိုပြီး နယူးယောက်မြို့ အစိုးရက ဦးစီးလုပ်ကိုင်နေတဲ့ NYC Health+ ဆေးရုံများရဲ့ အသုံးစားရိတ်ကို ထပ်မံဖြတ်တောက်ခဲ့ပါသေးတယ်…

အခုလို ဆေးရုံတွေနဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေ ဝယ်ဖို့အတွက် ဘတ်ဂျက်မရှိဘူးလို့ ပြောနေပေမယ့် အခြားတစ်ဖက်မှာ နယူးယောက်မြို့ဟာ အစိုးရဆီကနေ ထောက်ပံ့ကြေးအမျိုးမျိုး ရယူနေသူတွေအတွက် နှစ်စဉ်အစိုးရဘတ်ဂျက်ရဲ့ ၁၆.၈၆% ကို အသုံးပြုပေးနေပါတယ်… ဒီပမာဏဟာ နှစ်စဉ် အသက်ရှူအားကူစက် အလုံးရေ ၃ သိန်းလောက် ဝယ်လို့ရတဲ့ အသုံးစားရိတ်ပါ…

အမေရိကန်ပြည်ထောင်စုရဲ့ အုပ်ချုပ်ရေးစနစ်မှာ မြို့နယ် -> ပြည်နယ် -> ဗဟိုအစိုးရ ဆိုပြီး အုပ်ချုပ်ရေးပုံစံနဲ့ လုပ်ပိုင်ခွင့် အဆင့်ဆင့်ခွဲခြားထားသလို အခွန်ကောက်ခံမှု အပိုင်းမှာလဲ သီးခြားဆီခွဲကောက်ခံပြီး ပြည်သူတွေအတွက် အဆင့်ဆင့်တာဝန်ခံ ကြရပါတယ်… မြို့နယ်တွေက အကူအညီလိုအပ်လာတဲ့အခါ ပြည်နယ်အစိုးရကို အကူအညီတောင်းခံနိုင်ပြီး ပြည်နယ်အစိုးရကိုယ်တိုင် အကူအညီလိုအပ်လာတဲ့အခါ ဗဟိုအစိုးရကို အကူအညီတောင်းခံ ရပါတယ်… အမေရိကန်ရဲ့ ဥပဒေမှာ ဗဟိုအစိုးရဟာ ပြည်နယ်တွေအားလုံးကို တန်းတူအခွင့်အရေးနဲ့ အကူအညီပေးရပါတယ်။

အနီရောင်ပြည်နယ်၊ အပြာရောင်ပြည်နယ်၊ သူဌေးပြည်နယ်၊ ငမွဲပြည်နယ်ရယ်လို့ ခွဲခြားဆက်ဆံလို့ မရပါဘူး။ ဒါကြောင့် ပြည်နယ်အချို့မှာသာ ဘေးဒုက္ခကြုံကြရတဲ့အခါ အစိုးရဟာ အခြားပြည်နယ်တွေထက် ဒုက္ခရောက်နေတဲ့ ပြည်နယ်တွေကို ဦးစားပေးလို့ ရပေမယ့်၊ ပြည်နယ်အားလုံးလိုလို ဒုက္ခကြုံတွေ့လာတဲ့အခါ သို့မဟုတ် ဒုက္ခကြုံတွေ့လာဖို့ အနေအထားတွေ ရှိလာတဲ့အခါမျိုးမှာ ရှိသမျှအရင်းအမြစ် (ငွေကြေး၊ စက်ပစ္စည်း၊ ပညာရှင်၊ လူဝန်ထမ်း) တွေကို ပြည်နယ်တစ်ခု ဒေသတစ်ခုထဲအတွက် ပုံအောအသုံးပြုပေးဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး၊ ကျန်တဲ့ ဒုက္ခမဖြစ်သေးပေမယ့် ဖြစ်လာနိုင်ခြေရှိတဲ့ ပြည်နယ်တွေအတွက်ပါ ခြုံငုံစဉ်းစားပြီး ပြင်ဆင်ပေးထားရပါတယ်..

ဒါကြောင့် ပြည်နယ်တစ်ခုစီတိုင်းမှာ မှီတင်းနေထိုင်ကြသူ ပြည်သူတွေရဲ့ ကျန်းမာရေး၊ လူမှုရေး၊ ဘဝ၊ အသက်အိုးအိမ်စည်းစိမ် စတာတွေကို အကာအကွယ်ပေးဖို့ ပြင်ဆင်လုပ်ဆောင်စရာ ရှိတာတွေကို ပြင်ဆင်လုပ်ဆောင်ထားကြဖို့ တာဝန်ဟာ အုပ်ချုပ်ရေး ပုံစံအတိုင်း မြို့နယ် -> ပြည်နယ် -> ဗဟိုအစိုးရ ဆိုပြီး အဆင့်ဆင့် တာဝန်ခံကြရတာပါ…

အခုလက်ရှိ ကျွန်တော်တို့ နေထိုင်နေတဲ့ နယူးယောက်မြို့ကြီးဟာ တစ်နှစ်အသုံးစားရိတ် ဒေါ်လာ $၉၀ ဘီလီယံ ကျော်ရှိနေပေမယ့် အစိုးရပိုင်းဟာ ကျန်းမာရေးစောင့်ရှောက်မှု အတွက် လိုအပ်တဲ့ ဆေးဝါး၊ အသုံးအဆောင်၊ စက်ပစ္စည်း စတာတွေ ကြိုတင်ပြင်ဆင် ဝယ်ယူထားဖို့ အသုံးစားရိတ်တွေ မချပေးထားခဲ့တာကြောင့် ယခုလို မထင်မှတ်ထားတဲ့ Coronavirus ဘေးဒုက္ခနဲ့ ရင်ဆိုင်ကြုံတွေ့လာရတဲ့အခါ မလိုလားအပ်တဲ့ အသက်ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်လာနေရတာပါ…
အခုလို ဘေးဒုက္ခတွေ ကြုံနေချိန်မှာ တစ်ဦးနဲ့တစ်ဦး အပြစ်တင်ဝေဖန် နေတာထက်စာရင်၊ အတူတူပူးပေါင်း ဆောင်ရွက်မှုဟာ ပိုမိုအရေးကြီးတာမို့ လောလောလတ်လတ် ဂျန်နဝါရီလအစ ဘတ်ဂျက်ဆွေးနွေးပွဲတွေမှာ တစ်ဦးနဲ့တစ်ဦး အပြိုင်အဆိုင် ထိုးနှက်ခဲ့ကြတဲ့ မြို့တော်ဝန်နဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး အကြားမှာရော၊ မနှစ်က နှစ်အကုန်ကစလို့ ရွှေရောင်အိမ်မက်တွေနဲ့ သမ္မတရွေးကောက်ပွဲဝင်ပြိုင်ခွင့်ရဖို့ ကြိုးစားရင်း အဖုအထစ်တွေဖြစ်ခဲ့ရတဲ့ မြို့တော်ဝန် နဲ့ အမေရိကန်သမ္မတ တို့ရဲ့ကြားက ဆက်ဆံရေးတွေမှာ လှိုင်းကြပ်ခွပ်လေးတွေနဲ့ အဆင်ပြေအောင် အောင့်အည်းသည်းခံပြီ

း ပူးပေါင်းလုပ်ဆောင်နေကြပေမယ့်၊ ဒီကာလတွေကို အောင်မြင်စွာ ဖြတ်သန်းပြီးသွားတဲ့ အချိန်မှာတော့ Project Management နဲ့ Disaster Recovery Management သီအိုရီတွေအတိုင်း Lessons Learned သင်ခန်းစာတွေကို မှတ်တမ်းတင်ရင်း စာမျက်နှာအသစ်တွေ ဖွင့်ရတော့မှာမို့ လာမယ့်နှစ်ရဲ့ နယူးယောက်မြို့အတွက် အသုံးစားရိတ် ဘတ်ဂျက်တွေမှာ ထူးခြားတဲ့ အကောင်းဘက်က အပြောင်းအလဲအသစ်တွေ ရှိလာတော့မယ်လို့ မြင်ပါတယ်…

လောလောဆယ်မှာတော့ လူမသိသူမသိ ပိုးကိုက်ခံနေရတဲ့ တစ်ချိန်က ရွှေရောင်ပန်းသီးကြီးဟာ Coronavirus ရဲ့ အဆိုးထဲက အမြတ်အဖြစ်နဲ့ အုပ်ချုပ်ရေးပိုင်းရဲ့ လိုအပ်ချက် လျှစ်ဟာချက်တွေကို အုပ်ချုပ်သူတွေ အပါအဝင် အားလုံးက နားလည်သိရှိလာအောင် လူ့အသက်တွေနဲ့ ရင်းပြီး ချပြခွင့်ရလိုက်ပါတယ်… ကျွန်တော်တို့တွေအားလုံးပဲ ဒီအမှားတွေကနေ သင်ခန်းစာယူပြီး အနာဂါတ်အတွက် အကောင်းဆုံး ပြင်ဆင်လုပ်ဆောင် သွားနိုင်ကြလိမ့်မယ်လို့ မျှော်လင့်သလို၊ နယူးယောက်မြို့ကြီးရဲ့ အဖြစ်ကို

သင်ခန်းစာယူပြီး အခြားသော ပြည်နယ်များ၊ တိုင်းပြည်များ ဟာလည်း အသုံးစားရိတ်ရေးဆွဲ ပြင်ဆင်ကြတဲ့အခါမှာ လူ့အသက်တွေနဲ့ တိုက်ရိုက်အချိုးကျပတ်သက်နေတဲ့ ကျန်းမာရေးကဏ္ဍရဲ့ အရေးကြီးတဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို နားလည်သဘောပေါက်ပြီး မှန်ကန်စွာ အသုံးစားရိတ်တွေ ချမှတ်ပေးလာနိုင်ဖို့ ဆုတောင်းရင်း…

လေးစားစွာဖြင့် ခရစ်ဒက် ……မိုက်ကယ်ကျော်သူ
မတ်လ ၃၀, ၂၀၂၀

(မှီငြမ်း Ref: Public documents from the Council of the City of New York, Ministry of Planning and Finance (Myammar), XE Currency converter, CIA World Fact Book)