ကို ရိုနာဗိုင်းရပ်စ်လူနာ အမှတ်(၁၅)ရှိခဲ့တဲ့ အင်းယားလိတ်ဟိုတယ်ဝန်းကို ဒီနေ့ (ဧပြီ ၁)ရက်၊ မနက်(၁)နာရီခွဲကစပြီး အဝင်၊ အထွက်ကန့်သတ်လိုက်ပြီလို့ ဗဟန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြောပါတယ်။

အဲဒီဟိုတယ် ဧရိယာမှာပါတဲ့ International SOS ဆေးခန်းက ဝန်ထမ်းတစ်ယောက်မှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိခဲ့ပြီးတဲ့နောက် အင်းယားလိတ်ဟိုတယ် တစ်ခုလုံးကို အဝင်အထွက် ကန့်သတ်လိုက်တာဖြစ်ပါတယ်။

“SOS က ဆက်စပ်လူနာပေါ့ဗျာ။ ဒီ လူနာအမှတ် (၁၅)နဲ့ ပတ်သက်လို့ SOS ကိုလည်း အဝင်၊ အထွက်ကန့်သတ် လိုက်ပါတယ်။ အင်းယားလိတ်တဝန်းလုံးကိုလည်း ကန့်သတ်လိုက်ပြီ။ ဒီနေ့ မကြာခင်မှာပဲ ကျန်းမာရေးဦးစီး ဌာနက ပိုးသတ်ဆေးလာဖျန်းလိမ့်မယ်။”လို့ ဗဟန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစောညီညီထွေးက ပြောပါတယ်။

အဲဒီ SOS ဆေးခန်းမှာ(၂၅)ယောက်၊ အင်းယားလိတ်ဟိုတယ်မှာ တည်းခိုသူ(၉၀)၊ ဟိုတယ်ဝန်ထမ်း(၃၃) ယောက် စုစုပေါင်း(၁၄၈)ယောက်ကို အဝင်၊ အထွက်ကန့်သတ်လိုက်ပြီလို့လည်း သိရပါတယ်။

အဲဒီလူနာဟာ ဗဟန်းမြို့နယ်၊ ဆရာစံအနောက်အရပ်၊ အနောက်ဗဟိုလမ်း၊ အမှတ်(၃၀)၊ (၃)လွှာ(A)မှာနေ ထိုင်သူဖြစ်ပြီ မနေ့ညပိုင်းက တစ်တိုက်လုံးကိုအဝင်အထွက်ကန့်သတ်ပြီး ဒီနေ့မနက်မှာတော့ ပိုးသတ်ဆေး ဖျန်းနေပြီလို့ သိရပါတယ်။

“သူက ပေါက်ခေါင်းမှာရှိတဲ့ သူ့ယောက်ကျားဆီကို ကလေးနဲ့ရောက်သွားတယ်။ ရောက်သွားပြီးတော့ မတ် (၂၈)ရက်နေ့ပြန်ရောက်တယ်။ တစ်နေ့လုံးနေပြီးတော့ သူ့ယောက်ကျားနဲ့ ကလေးက ပေါက်ခေါင်းကိုပြန် သွားတယ်။ အဲဒီနောက် ဗဟန်းမြို့နယ်ကျန်းမာရေးဆေးခန်းကိုပြတယ်။ ပြီးတော့ အနောက်ပိုင်းဆေးရုံကို ရောက်သွားတယ်။”လို့ ဗဟန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြတ်ကျော်က ပြောပါတယ်။

လူနာဟာ ခင်ပွန်းဖြစ်သူရှိတဲ့ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းကိုပြန်သွားခဲ့တာဖြစ်လို့ ကျန်းမာရေးဦးစီးဌာန က မတ်(၃၁)ရက်၊ ညကပဲ မိသားစုဝင်တွေနဲ့ဆက်သွယ်ပြီး တင်းကြပ်တဲ့ အိမ်တွင်းစောင့်ကြည့်မှုတွေလုပ် ထားတယ်လို့ ပဲခူးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

“မတ်လ (၂၇) ရက်မှာ ပေါက်ခေါင်းပြန်ရောက်တယ်၊ ပြန်ရောက် တဲ့အချိန်မှာ သူ့အမျိုးသမီးက နာစီး၊ ချောင်းဆိုးဖြစ်နေ ပြီပေါ့။ ကျွန်တော်တို့ရဲ့ ညွန်ကြားချက်အရဆိုရင် ရောဂါလက္ခာဏာ မပြခင်(၂)ရက်မှာပါဝင်သွားတော့ အိမ်မှာ သီးသန့်ခွဲထားပါတယ်။ တင်းကြပ်တဲ့ စောင့်ကြည့်မှု တွေလုပ်နေပါတယ်။ လိုအပ်လာရင်တော့ နာခေါင်းတို့ဖတ် ယူပြီးတော့ ဓာတ်ခွဲခန်းပေးပို့ပြီးစစ်ဆေးဖို့ စီစဉ်နေပါတယ်။”လို့ ပဲခူးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူး ဒေါက်တောအေးငြိမ်းက ပြောပါတယ်။

လူနာအမှတ်(၁၅)ဟာ အသက်(၄၅)နှစ်အရွယ်အမျိုးသမီးဖြစ်သလို ပြည်ပနိုင်ငံတွေကို လတ်တလော ခရီးမထွက် ဘူးတဲ့သူဖြစ်ပြီး မတ်လ(၂၇)ရက်က ဖျားတာ၊ လည်ချောင်းနာတာ၊ ချောင်းဆိုးတာ စတဲ့လက္ခဏာတွေ ခံစား ခဲ့ရတာကြောင့် မတ်လ (၃၀)ရက်မှာ ဗဟန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကို သွားပြခဲ့တာပါ။

ဒါကြောင့် သူ့ကို ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးမှာ စောင့်ကြည့်လူနာအဖြစ် သီးသန့်ထားပြီး ဆေးကုသ ပေးနေတာလို့ သိရပါတယ်။ အခုအချိန်မှာတော့ သူ့မှာ ကိုရိုနာဗိုင်းရပ်စ်ရှိနေတဲ့အတွက် ဝေဘာဂီအထူးကုဆေးရုံကြီးကို ပြောင်းလိုက်ပြီ လို့လည်း သိရပါတယ်။