သူမ ရဲ့ ခံစားချက်ကို အခုလို ပြောပြလာပါတယ်။သက်မွန်မြင့်ဟာ COVID-19 ကာကွယ်ရေးအတွက် ကျန်းမာရေး ဝန်ထမ်းတွေ အနေနဲ့ မိသားစုကို ခွဲခွာပြီး တာဝန် အရ ဆောင်ရွက်နေကြတဲ့အပေါ် လေးစားတဲ့စိတ်ဖြစ်ပေါ် မိတယ်လို့ ဆိုပါတယ်။ သရုပ်ဆောင် သက်မွန်မြင့်ကတော့ အနုပညာအလုပ်တွေ တစိုက်မတ်မတ် ဆောင်ရွက်နေသူ တစ်ယောက်ပါ။ အပြင်မှာ အလုပ်လုပ်နေရတဲ့ မိခင်တစ်ယောက်အတွက် သားသမီးတွေ အနားကပ်ရဖို့ စိုးရိမ်စိတ်တွေ များလှတယ်လို့ သက်မွန်မြင့်က ပြောပြလာပါတယ်။

ကိုယ်နေမကောင်းရင် ကလေးတွေ အနားပေးမကပ်တဲ့ခါ သူတို့မှာ အမေကပ်ချင်ရက်နဲ့ မကပ်ရလို့ ဝမ်းနည်းတဲ့မျက်နှာနဲ့ ကြည့်ရင် အသည်းခိုက်အောင်နာပါတယ်။ အလုပ်လုပ်တဲ့ မေမေတွေ အသိဆုံးနေမှာပါ သူတို့မှာ အိမ်မှာ ရှိချိန်လေး ကပ်ချင်တာလေနော်။ ခု Covid-19 ကြောင့် အလုပ်တွေ နားချိန် ကိုယ်တွေ မိသားစုနဲ့ အချိန်တူတူဖြုန်းရတာပေါ့ဆိုတဲ့အတွေးနဲ့ ရင်ဆိုင်ကြချိန်မှာ ဆရာဝန်တွေ နာစ်တွေ ကျန်းမာရေးဝန်ထမ်းတွေက အသက်ကို စတေး မိသားစုကို လျစ်လျူရှုကြရတယ်။ ကျန်တဲ့ အိမ်မှာ နေမရပဲ ပြည်သူအတွက် ကြိုးပမ်းနေကြသူတွေလည်း ရှိကြမှာပဲ။ အားလုံးကို လေးစားစွာနဲ့ ဆုလည်းတောင်းပေးပါတယ်! အားလုံး ဘေးရန်ကင်းကျန်းမာကြပါစေလို့” လို့ ဆိုပါတယ်။

သူမ ချစ်ရတဲ့ ပရိသတ်တွေလည်း ကိုယ်ခံအားကောင်းအောင် နေထိုင်ဖို့ သက်မွန်မြင့်က တိုက်တွန်းထားပါသေးတယ်။ မိသားစုကိုလည်း ပို ဂရုစိုက်သင့်တယ်ဆိုပြီးတော့ မတ်လ ၃၀ ရက်နေ့ ညနေ ၅ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။”ချစ်တဲ့ ပရိသတ်တွေလည်း ကျန်းမာကြပါစေနော်၊ အိမ်မှာ နေကြမယ်။ ရောဂါ မဖြစ်အောင် သယ်တဲ့သူမဖြစ်အောင် ဂရုတစိုက်နဲ့ နေကြမယ် စည်းကမ်းလိုက်နာကြမယ်နော်!စားဝတ်နေရေးတွက် အလုပ်လုပ်နေရသူတွေလည်း သွားတာလာတာ လှုပ်ရှားမှုအားလုံး ဂရုစိုက်ကြမယ်နော်။ ကျန်းမာအောင် ကိုယ်ခံအားကောင်းအောင် နေကြမယ်။ ကိုယ်ကိုယ်တိုင်ရော ကိုယ်ချစ်ရတဲ့ ကိုယ့်ကို ချစ်တဲ့ မိသားစုတွေရော ကိုယ့်မြို့ကိုယ့်ရွာ ကိုယ့်နိုင်ငံ ကိုယ့်ကမ္ဘာကြီး အတွက်ဒီကပ်ရောဂါကြီး တိုက်ထုတ်ကြပါစို့နော်!!!!ချစ်ခင်စွာဖြင့် Mon” ဆိုပြီးတော့ ဆက်လက် ရေးသားထားတာပါ။

လက်ရှိမှာတော့ COVID-19 ကူးစက်ရောဂါကြောင့် အနုပညာရှင်တွေလည်း ဇာတ်ကား ရိုက်ကူးမှုတွေ နားထားတယ်လို့ သိရပါတယ်။ အခုဆိုရင် COVID-19 ကူးစက်ရောဂါ တွေ့ရှိသူ (၁၄) ဦး ရှိသွားပြီဖြစ်ပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာန သာမက အနုပညာရှင်တွေကလည်း COVID-19 ကူးစက်ရောဂါ ကာကွယ်ရေးအတွက် တစ်ကိုယ်ရေ သန့်ရှင်းမှုကို အထူး ဂရုစိုက်စေချင်တယ်လို့လည်း အင်တာဗျူးတွေ၊ Social Media တွေမှာ ပြောပြထားပါသေးတယ်။ သက်မွန်မြင့်ကတော့ Music Video တွေမှာ ပါဝင်သရုပ်ဆောင်ရင်းနဲ့ ပရိသတ်ရင်ထဲရောက်လာသူ တစ်ဦးဖြစ်ပါတယ်။ အမျိုးသမီးအနုပညာရှင်တွေထဲမှာ အရပ်မြင့်မြင့် ချစ်စရာကောင်းတဲ့ ရုပ်ရှည် စကားသံ ဝဲဝဲလေးနဲ့ ဆွဲဆောင်နိုင်သူကတော့ သက်မွန်မြင့်ပါပဲ။ သူမဟာ ၂၀၁၀ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ဆုကို ‘’အာဒံရယ် ဧဝရယ် ဒဿရယ် ‘’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပထမဆုံး အကယ်ဒမီဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၆ ခုနှစ် အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ‘’ ချစ်လှစွာသော အမုန်း’’ ဇာတ်ကားနဲ့ ဒုတိယအကြိမ်မြောက် ရရှိခဲ့တာဖြစ်ပါတယ်။