မွန်ပြည် နယ် ကျိုက်ထိုမြို့နယ်မှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 စောင့်ကြည့်လူနာ ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး ပြန်ရောက်ပြီး (၉) ရက်မြောက်နေ့တွင် ရုတ်တရက် သေဆုံးသွားတယ်လို့ ကျိုက်ထိုမြို့နယ် ဆေးရုံအုပ် ဒေါက်တာစောကလျာက အတည်ပြုပြောဆိုပါတယ်။

ကိုယ်ဝန် ၄ လရှိပြီးဖြစ်တဲ့ ဒီအမျိုးသမီးဟာ ထိုင်းနိုင်ငံကနေ မတ်လ ၁၉ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး နေအိမ်မှာ Home Quarantine ခံယူနေတာပါ။

Home Quarantine ခံယူနေစဉ် သူ့အမျိုးသားကို ရဟန်းခံတာလုပ်တွေ လုပ်ဆောင်ခဲ့ပြီး မတ်လ ၂၈ ရက်နေ့မှာတော့ သေဆုံးသူ အမျိုးသမီးဟာ ဖျားတာနဲ့ ချောင်းဆိုးတာတွေ ဖြစ်ပေါ်ခဲ့တာပါ။

အဲဒီနောက် အမျိုးသမီးဟာ နေ့လယ်ပိုင်းလောက်မှာ အဖျားကျသွားလို့ ခေါင်းလျှော်တာတွေ ပြုလုပ်ခဲ့ပြီး မတ်လ ၂၈ ရက်နေ့ ည ၁၀ နာရီမှာတော့ ရုတ်တရက် အပူချိန်တွေ မြင့်တက်ပြီး သတိလစ်သွားခဲ့တာပါ။

သတိလစ်ပြီးနောက် ကျိုက်ထိုဆေးရုံမှာ တက်ရောက်ကုသစဉ် မတ် ၂၉ ရက်နေ့ မနက် ၄ နာရီမှာ သေဆုံးသွားခဲ့တယ်လို့ ဒေါက်တာစောကလျာက ပြောပါတယ်။

အခုအခါ သေဆုံးသူ အမျိုးသမီးရဲ့ စစ်ဆေးချက်တွေကို အမျိုးသားဓာတ်ခွဲခန်းဌာနကို ပို့ဆောင် သံသယလူနာအဖြစ် သတ်မှတ်ထားပြီး စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ကျိုက်ထိုမြို့နယ်ကို မတ်လ (၂၂)ရက် နောက်ပိုင်း နိုင်ငံရပ်ခြားကနေ ပြန်လည်ရောက်ရှိလာသူတွေကို ပြည်နယ်အစိုးရရဲ့ ညွှန်ကြားချက်အတိုင်း အသွားအလာကန့်သတ်စောင့်ကြည့်ခြင်း (Quarantine) ပြုလုပ်ခြင်းကို မတ်လ (၂၉)ရက်က စတင်ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ဒေါက်တာ ခင်ဆောင်က ပြောပါတယ်။

Credit-Blacker