အီ တလီတို့ မျက်ရည်”

“ ဒါဟာ ဟာသတစ်ခု မဟုတ်ဘူး..။ ငါ့ အဖေကိုငါ ဗိုင်းရပ်စ်ပေးလိုက်တာပေါ့ …သူသေသွားပြီ”

အသက် ၄၁ နှစ်အရွယ် ကိုရိုနာဗိုင်းရပ်စ်ရနေတဲ့ Gianni Zampino (ဇမ်ပီနို) က ဗီဒီယိုရိုက်ပြီး တွမ်တာ ကနေ ဆိုရှယ်မီဒီယာတွေကို ပြောပြတယ်..။ ဗိုင်းရပ်စ်ရနေတဲ့ ဇမ်ပီနို တစ်ယောက် မျက်ရည်တွေနဲ့ပေါ့…။

ဘဝမှာ အချစ်ရဆုံး ဖခင်က လွန်ခဲ့တဲ့ရက်ပိုင်းက သေဆုံးသွားခဲ့ပြီ..။ သူ့ အဖေနဲ့ သူဆေးရုံအတူတက်ခဲ့ပေမယ့် အခုတော့ သူတစ်ယောက်တည်း..။ အဖေ သေဆုံးသွားတော့လည်း သူ သွားတွေ့ခွင့်မရခဲ့..။

“ ကျွန်တော် ဆင်ခြင်ခဲ့မိရင် အကောင်းသား…”

သူ ယူကြုံးမရဖြစ်တယ်..။

(၃) ပတ်အတွင်းမှာ အီတလီတစ်ခုလုံး “zona rossa” ဆိုတဲ့ အနီရောင်နယ်မြေကြီး ဖြစ်သွားခဲ့တယ်..။ ရောဂါနဲ့ သေမင်းရဲ့ အရိပ်ဟာ အီတလီကို အပေါ်က အုပ်ထားတယ်..။ အီတလီဟာ ပိတ်မိနေတယ်..။ ဘ၀ တွေဟာ ရပ်တန့်ကုန်တယ်..။

အီတလီမြောက်ပိုင်း Emilia-Romagna ဒေသ.. ၊ အရပ်ဘက် ကာကွယ်ရေးယာဉ်တွေရဲ့ အသံချဲ့စက်တွေမှ သတိပေးသံတွေဟာ နေ့ရော၊ ညပါ..။ ပင်လယ်ကမ်းခြေမြို့ Rimini ကိုဖြတ်ပြီးထွက်လာတယ်..။ “အိမ်မှာနေကြပါ။ အပြင်လုံးဝ မထွက်ပါနဲ့။ တကယ်လိုအပ်တဲ့ စားစရာ နဲ့ ဆေးဝယ်ဖို့သာ အပြင်ထွက်ပါ”

Lombardy ဒေသရဲ့ အထီးကျန် လမ်းတွေဟာ မတ်လ ၁၀ ရက် နေ့ကတည်းက အီတလီဝန်ကြီးချုပ် Giuseppe Conte ရဲ့ အမိန့်အောက်မှာ ပြားပြားဝပ်နေလေရဲ့…။

“ ဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်ဖို့ ငါဘာမှမလုပ်ခဲ့မိဘူး” ဒီရောဂါဟာ တုပ်ကွေးလောက်ပဲလို့ ဇမ်ပီနို ထင်ခဲ့ဖူးတယ်..။

ဒီနေ့အထိဆို အီလလီနိုင်ငံမှာ သေဆုံးသူ တစ်သောင်းကျော်သွားပြီ..။ ရောဂါကူးစက်တဲ့ အမှုပေါင်း တစ်သိန်းနီးပါးရှိနေပြီ။

ဇမ်ပီနို က ပြောတယ်..။ “ ဒါဟာ ဂိမ်းတစ်ခုမဟုတ်ဘူး။ ကျွန်တော် အသက်ရှူကိရိယာမရှိဘဲ ညမအိပ်နိုင်ဘူး..။ ကိရိယာရှိလည်း ကြောက်ပြီး အိပ်မပျော်ဘူး။ ဘဝက ဇောက်ထိုးမိုး​မျှော်ပါပဲ..။”

“ COVID-19 က သက်ကြီးရွယ်အိုတွေပဲ သေစေနိုင်တာ မဟုတ်ပါဘူး..”

ဝမ်းနည်းဖို့ အကောင်းဆုံးကတော့ လူတွေတစ်ယောက်ပြီးတစ်ယောက် အထီးကျန်စွာ သေဆုံးနေတာပါပဲ..။ မိသားစုဆိုတာ ဝေလာဝေး…။ အလုပ်များနေတဲ့ ဆေးဝန်ထမ်းတွေလည်း အနားမှာမရှိခဲ့..။ ဝတ်စုံဖြူဖြူတွေ၊ ပြေးလွှားနေတဲ့ နောက်ကျောပြင်တွေဟာ သူတို့တွေ့ခဲ့သမျှနောက်ဆုံးလူတွေပါပဲ..။

သေဆုံးပြီ… လို့သတင်းကြားရတဲ့ ကျန်ရစ်သူ မိသားစုကရော…။ အသုဘ အခမ်းအနားလုပ်ပေးဖို့ ဆိုတာ ဝေလာဝေး၊ နောက်ဆုံးအကြိမ် ချစ်ရသူ မျက်နှာကို ကြည့်ရဖို့ ခက်ခဲပါတယ်..။

တစ်နေ့ ၂၄ နာရီ အလုပ်လုပ်နေရတဲ့ အသုဘဝန်ဆောင်မှု ဝန်ထမ်းတွေဟာ အလောင်းတွေကို စစ်ကားတွေပေါ် စုပြုံတင်ကြတယ်..။ စစ်တပ်က ခေါင်းတလားတွေကို Modena နဲ့ Bologna မြို့တွေကို သယ်ဆောင်သွားကြတယ်လေ..။

“ ကျွန်တော် အခု လက်တွေ့မြင်နေရတယ်..။ သိပ်ခံစားရတယ်..။ မြင်တွေ့ရတဲ့ ဒီ ဆင်းရဲဒုက္ခတွေကို စကားနဲ့ ပြောလို့ မရ…စကားလုံးတွေ မရှိ…” ဇမ်ပီနို က ပြောတယ်..။

ဇမ်ပီနို တစ်ယောက်တည်းမဟုတ်ပါဘူး..။

ဒါတွေကို နေ့စဉ် တွေ့မြင်နေရတဲ့ Lombardy ဒေသက, Monza မြို့က အသက် ၃၄ နှစ်အရွယ် သူနာပြု ဆရာမလေး Daniela Trezzi ဟာ သူမကိုယ်သူမ သတ်သေလိုက်တယ်..။ အင်္ဂါနေ့၊ မတ်လ ၂၄ ရက်နေ့ကပေါ့..။

Bergamo မြို့မှာတော့ လူနာ အများဆုံးပါပဲ..ဆရာဝန်တွေဟာ ကတုတ်ကျင်းထဲ စစ်တိုက်နေရသလို ..။ ရှောင်မရ တိမ်းမရနဲ့ ဗိုင်းရပ်စ် ကူးစက်ခံနေရတော့တယ်..။ အီတလီမှာ ကျန်းမာရေးလုပ်သား ၅၀ နီးပါး သေဆုံးခဲ့ပြီ..။

ဗုဒ္ဓဟူးနေ့၊ မတ်လ ၂၅ ရက်နေ့က Lombardy ဒေသက, Brescia မြို့မှာပဲ သွားဆရာဝန်နှစ်ယောက် သေဆုံးခဲ့တယ်..။

ဗင်းနစ်မြို့ အနီးမှာနေတဲ့ အသက် ၄၉ နှစ်အရွယ် သူနာပြုဆရာမ Jesolo တစ်ယောက်လည်း Covid-19 လူနာတွေကို ကူညီနေရင်းနဲ့ အဖျားတက်လာတယ်..။

ဒါကြောင့် ပြီးခဲ့တဲ့အပတ်က ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မရှိစစ်ဆေးတယ်။ အဲဒီအဖြေကို သူမ မစောင့်ချင်ခဲ့..။ သူမ ကိုယ့်ကိုယ်ကို သတ်သေခဲ့တယ်..။

“ဒုတိယ ကမ္ဘာစစ်ကြီးပြီးတော့ ကျွန်တော့်အသက် ၂ နှစ်ပဲရှိသေးတယ်.. ကျွန်တော့် ဘဝမှာ ဒီလိုမျိုး တစ်ခါမှမတွေ့ခဲ့ဖူးဘူး။ စစ်ဖြစ်နေသလိုပဲ..” အီတလီ ၀န်ကြီးချုပ်ဟောင်း Monti လည်း မျက်ရည်တွေနဲ့..။

Brescia မြို့မှာရှိတဲ့ Poliambulanza ဆေးရုံက ကူးစက်ရောဂါဆိုင်ရာ ဆရာဝန် Roberto Stellini က..

“ဒါဟာ မုန်တိုင်းတိုက်ခတ်သလိုမျိုးပဲ…ပြဿနာက ဒီမုန်တိုင်းက ကျွန်တော်တို့ကို တိုက်ခတ်တဲ့အခါမှာ ကျွန်တော်တို့ဟာ ကြိုတင်ပြင်ဆင်မှု မရှိခဲ့ဘူး.. သေသွားတဲ့ ဆရာဝန် အများစုက အီတလီ အရေးပေါ်အခြေအနေ အစပိုင်းမှာ ရောဂါ ကူးခဲ့တာများတယ်…”

ဇမ်ပီနို က ပြောတယ်..။ “လူငယ်တွေက ဒီဗိုင်းရပ်စ်ပိုးဟာ လူငယ်တွေအတွက် ပုံမှန်တုပ်ကွေးလောက်ပဲလို့ ထင်ကြတယ်။ ကျွန်တော်သိလိုက်ရတာက ဒါဟာ ပုံမှန်တုပ်ကွေး မဟုတ်ဘူးဆိုတာပဲ။”

“ ဗိုင်းရပ်စ်တွေ ခင်ဗျားတို့ ခန္ဓာကိုယ် အတွင်းထဲဝင်သွားမယ်.. ပြီးတော့ ဗိုင်းရပ်စ်တွေက ခန္ဓာကိုယ်အတွင်းပိုင်းကို မောင်ပိုင်စီးလိုက်ကြမယ်.. သူတို့က ခင်ဗျားရဲ့အဆုတ်ကိုယူမယ်” တဲ့..။

ဒါကြောင့် အိမ်ထဲမှာနေကြပါလို့…။

မရွှေမိုး (ကိုရီးယား)
March 29th,2020.