ဖိ လစ်ပိုင်၊ မတ်လ (၂၇)

ဖိလစ်ပိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖယ်လီမွန် ဆန်တော့စ်ဂျူနီယာသည် ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကူးစက် ခံရပြီး ၎င်းနှင့်ထိတွေ့ဆက်ဆံခဲ့သည့် ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဒယ်လ်ဖင်လိုရင်ဇာနာကိုလည်း သီးသန့်ခွဲ၍ နေခိုင်းရမည်ဖြစ်ကြောင်း ဖိလစ်ပိုင်တပ်မတော် က ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြထားသည်။

ဖိလစ်ပိုင် ကာချုပ် ဆန်တော့စ်သည် မတ် ၂၃ ရက်က ကိုရိုနာဗိုင်းရပ်စ်ရောဂါရှိ၊ မရှိ စမ်းသပ်စစ်ဆေးခံခဲ့ရာ ၎င်း၏ ဆေးရလဒ် COVID-19 Positive ကို မတ် ၂၇ ရက်တွင် လက်ခံရရှိခဲ့ကြောင်း၊ လောလောဆယ် တွင် ဆန်တော့စ်၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန် လျက်ရှိသော်လည်း တပ်မတော်ဆေးရုံမှ ဆရာဝန်များက အနီးကပ်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ကာကွယ်ရေးဦးစီးချုပ် ဆန်တော့စ်သည် ယခင်က ဂျော်ဒန်နိုင်ငံသို့ ခရီးသွားဖူးသော ဖိလစ်ပိုင်ရေတပ် အရာရှိတစ်ဦးထံမှ ရောဂါကူးစက်ဖွယ်ရှိပြီး မတ် ၂၇ ရက်မှစ၍ ဧပြီ ၁၀ ရက်အထိ ၁၄ ရက်ကြာ ၎င်း၏နေအိမ် တွင် သီးခြားခွဲ၍ နေထိုင်ရမည်ဖြစ်သည်။

ထို့အတူ ကာကွယ်ရေးဦးစီးချုပ် ဆန်တော့စ်နှင့် နှစ်ကြိမ်ထိတွေ့ခဲ့သော ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး လိုရင်ဇာနာသည် မတ် ၂၇ ရက်မှစ၍ သီးသန့်ခွဲ၍ နေထိုင်ရန်ဆုံးဖြတ်ထားကြောင်း သိရသည်။ “ကျွန်တော့် မှာ COVID-19 ရောဂါလက္ခဏာမရှိပေမယ့် လုပ်ထုံး လုပ်နည်းအရ ၁၄ ရက်တော့ သီးခြားခွဲပြီး နေထိုင်ရမှာပါ” ဟု လိုရင်ဇာနာက ဆိုသည်။

ဖိလစ်ပိုင်နိုင်ငံတွင် လက်ရှိအချိန်ထိ COVID-19 ရောဂါကူးစက်ခံရသူလူနာ ၈၀၃ ဦးရှိပြီး ၎င်းတို့အနက် ၅၄ ဦး သေဆုံးခဲ့ကြောင်း ယနေ့ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။ ဖိလစ်ပိုင် အထက်လွှတ်တော် အမတ် (၃) ဦးနှင့် အောက် လွှတ်တော်အဖွဲ့ဝင်များအပါအဝင် အဆင့်မြင့်အရာရှိ အချို့သည် အဆိုပါ ရောဂါကူးစက်ခံရသူများထဲတွင် ပါဝင်ကြကြောင်း သိရသည်။

သမ္မတ ဒူတာတေးအစိုးရ၏ ဥပဒေပြုလွှတ်တော် အမတ်များနှင့် အဆင့်မြင့်အစိုးရအဖွဲ့ဝင်များသည် သီးခြားခွဲ၍နေထိုင်မှု စီမံချက်ကိုပြဋ္ဌာန်းရန် ဆုံးဖြတ်ချက် ချမှတ်လိုက်ကြောင်း သိရသည်။

ကိုးကား – ဆင်ဟွာ
Credit-Blacker