အီ ရန်နို င်ငံမှာ သတင်းမှားများကို ယုံကြည်ပြီး ကိုရိုနာဗိုင်းရပ်စ် မကူးစက်ရေးအတွက် အရက်ပျံသောက်ခဲ့မိသောကြောင့် လူ ၃၀၀ နီးပါးသေဆုံးပြီး ၁၀၀၀ ကျော် နေထိုင်မကောင်းဖြစ်နေကြောင်း အီရန်မီဒီယာများက ဖော်ပြခဲ့သည်။

အီရန်ရှိ လူမှုမီဒီယာများတွင် ကိုရိုနာဗိုင်းရပ်စ် ပျောက်သည်ဆိုသည့် ဆေးမြီးတိုများအကြောင်းကိုဖော်ပြနေကြပြီး အီရန်အစိုးရ၏ လုပ်ရပ်အပေါ် မယုံကြည်သူများရှိနေသဖြင့် ရောဂါကာကွယ်ရေးအတွက် အရက်ပျံသောက်ရမည်ဆိုသည့် သတင်းများကို လက်ခံသူများရှိနေသည်။

ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေပြီဖြစ်ပြီး လူများသည် ဗိုင်းရပ်စ်ကို အာရုံစိုက်လွန်းသဖြင့် အနီးအနားရှိ အဆိပ်ဖြစ်စေသော အရာများကို အာရုံမစိုက်မိခဲ့ကြကြောင်း နော်ဝေနိုင်ငံ အော်စလိုရှိ အဆိပ်ဗေဒပညာရှင် ဒေါက်တာ နုအဲရစ်ဟိုဗ်ဒါက ပြောဆိုခဲ့သည်။

ဗြိတိန်ရှိ ကျောင်းဆရာတစ်ဦးနှင့် အခြားလူများသည် ဝီစကီနှင့် ပျားရည်ကိုရောစပ်သောက်ခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ်ကိုကုသနိုင်ခဲ့ကြောင်း ဖော်ပြထားသည့် သတင်းမှားကို အီရန်ရှိ လူမှုမီဒီယာများတွင် ဝေမျှမှုများရှိနေသည်။ အယ်လ်ကိုဟောပါဝင်သည့် လက်သန့်ဆေးဖြင့် ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်မည်ဆိုပါက အရက်ပျံသောက်လျှင်လည်း ကာကွယ်နိုင်မည်ဟု မှားယွင်းယူဆခဲ့ကြသည်။

အီရန်နိုင်ငံ၌ လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားသူ ၃၂၀၀၀ ကျော်နှင့် သေဆုံးသူ ၂၃၀၀ ကျော်ရှိနေသည်။ အီရန်သည် အရှေ့အလယ်ပိုင်းတွင် COVID-19 ကူးစက်ခံထားရသူအများဆုံးရှိနေသည့် နိုင်ငံဖြစ်သည်။ အီရန်သည် နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ခါစတွင် ဗိုင်းရပ်စ်ကူးစက်မှုနှင့်ပတ်သက်၍ များစွာအလေးမထားခဲ့သောကြောင့် တကယ်တမ်းကူးစက်ခံရသူဦးရေကို လျှော့ပေါ့ဖော်ပြနေခြင်းလည်း ဖြစ်နိုင်ကြောင်း ပြောဆိုမှုများရှိနေသည်။

အီရန်အနောက်တောင်ပိုင်း ခူဇက်စတန်ခရိုင်နှင့် တောင်ပိုင်းရှိ ရီရက်ဇ်မြို့တို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါမှ ကာကွယ်ရန် အရက်ပျံသောက်ခဲ့ကြခြင်းဖြစ်သည်။ အရက်သည် အစာချေစနစ်ကို ဆေးကြောပြီး သန့်ရှင်းပေးစေနိုင်ကြောင်း ကောလာဟလများရှိနေကြောင်း အီရန်အနောက်ပိုင်းရှိ ကာမန်ရှားမြို့မှ ဒေါက်တာ ဂျာဗတ်အမီနီက ပြောဆိုခဲ့သည်။ အီရန်၌ နိုင်ငံသားများ အရက်မသောက်ရဟု တရားဝင်ထုတ်ပြန်ထားသော်လည်း အရက်ခိုးချက်သူများ ရှိနေဆဲဖြစ်သည်။

Credit-Blacker