ကို ရိုနာနဲ့ ပတ်သက်ပြီး သမိုင်းတရားခံ မဖြစ်ကြစေရန်…

“ထရိုဂျန်မြင်းကို ခေါ်သွင်းခဲ့ကြသူများ” ထရိုဂျန်မြင်းကို ခေါ်သွင်းခဲ့သူများဖတ်ရန်…

ပုံထဲမှာမြင်တဲ့အတိုင်း ထရိုင်မြို့သားတွေဟာ သူတို့ပြည်ကြီးကို မီးတင်ရှို့ကာ မီးဟုန်းဟုန်းတောက်စေမယ့် ပြည်ဖျက် ဂရိစစ်သားတွေပါတဲ့ ထရိုဂျန်မြင်းရုပ်ကြီးကို ပျော်ရွှင်စွာ တိုင်းပြည်ထဲခေါ်သွင်းနေကြပါတယ်။

ကမ္ဘာ့သမိုင်းထဲက နာမည်ကျော် Trojan War ထရိုဂျန်စစ်ပွဲမှာ ဂရိတွေဟာ Troy ထရိုင်မြို့ကို ၁၀ နှစ်တိတိ ဝိုင်းထားတာ သိမ်းမရခဲ့ဘူးတဲ့။

အဲ့ဒါနဲ့နောက်ဆုံးတော့ သစ်သားမြင်းရုပ်ကြီးလုပ်ပြီး မြို့ပြင်မှာ ထားခဲ့ကာ သင်္ဘောတွေနဲ့ ဂရိဘက်ကို ပြန်တဲ့အသွင် ပြသတဲ့။

မြင်းရုပ်ကြီးထဲမှာတော့ အားလုံးသိကြတဲ့အတိုင်း Odysseus အပါအဝင် လက်ရွေးစင် စစ်သားတွေဖွက်ထည့်ထားတာပေါ့။

ဂရိတွေလဲမြို့ကို ဝိုင်းထားတာမရှိရော ထရိုင်မြို့သား ထရိုဂျန်တွေ ဝမ်းသာအားရထွက်လာပြီး ဒီမြင်းရုပ်ကြီးကို ဘာလုပ်မလဲ ဆွေးနွေးကြသတဲ့။

အဲ့ဒီမှာ ဘုရင် Priam ပရိယန်က ဂရိစစ်သား စီနွန်ကို မေးတယ်။ ဒီမြင်းရုပ်ကြီး ဘာလို့ထားခဲ့သလဲပေါ့။

အဲ့ဒါနဲ့ ဂရိစစ်သား စီနွန်က မြင်းရုပ်ကြီးက ကြီးလွန်းလို့ သူတို့မနိုင်လို့ ထားခဲ့ရတာပါတဲ့။

ဘုရင်ပရိယန်နဲ့ ပြည်သူတချို့က သူများမနိုင်တဲ့ မြင်းရုပ်ကြီး ငါတို့ပြည်ထဲဆွဲသွင်းမယ်လုပ်တော့ ဘုန်းကြီး လောင်ကွန်းကတားတယ်။

ဒီထရိုဂျန်မြင်းရုပ်ကြီးကို အန္တရာယ်ရှိတယ်လို့ ဘုန်းကြီးနဲ့ တိုင်းသူပြည်သားအချို့က အတန်တန်ပြောရဲ့နဲ့ တာဝန်ရှိသူအချို့က ပြည်ထဲပေးဝင်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်လေ။

နောက်ဆက်တွဲကတော့ အားလုံးသိကြတဲ့အတိုင်းပဲ ဂရိစစ်သားတွေက မီးတုတ်တွေနဲ့ ထရိုင်မြို့အနှံ့ မီးတင်ရှို့ခဲ့ကြပြီး တိုင်းပြည်ပျက်ခဲ့တယ်။

ထရိုင်မြို့သား ထရိုဂျန်တွေ ကျွန်ဖြစ်ခဲ့ရတယ်။ ဘုရင် ပရိယန်လညိး အာချီးလီးစ်ရဲ့သား ပရိုင်ဟတ်ရဲ့ အသတ်ခံခဲ့ရတယ်။

ဘုရင်းသမီးတော် ကက်စန်ဒရာခမျာမှာ ဘုရင့်ရှေ့က တရွတ်ဆွဲခေါ်ခံရပြီး အဂျက်ရဲ့ မတရားကျင့် တာခံခဲ့ရတယ်။

ပြည်တွင်းထဲကို မဝင်လာပါစေနဲ့လို့ အချိန်မီအတန်တန်တားကြပါရဲ့နဲ့ မစစ်မဆေးပဲ သူများမနိုင်လို့ ထားရတဲ့ဟာကြီးကို ကိုယ့်ပြည်ထဲခေါ်သွင်းခဲ့ကြတာမှာ…

ဘာကောင်းကျိုးတွေရခဲ့သလဲ? နောက်ဆက်တွဲ ပြဿနာတွေမှာ ဘယ်သူတွေမှာ တာဝန်ရှိသလဲဆိုတာ စဉ်းစားကြပေါ့ဗျာ။

ဆရာကြီးဒေါက်တာသန်းထွန်းက သမိုင်းဆိုတာ မအအောင် သင်ပေးတာဆိုလားပဲ။

အချိန်မီ လုပ်သင့်တာမလုပ်ခဲ့၊ တားဆီးနိုင်တာကို မတားဆီးခဲ့တဲ့ တာဝန်ရှိလူကြီးတွေရော၊ အခုကိုယ့်အိမ်မီးလောင်မယ့် မီးပွားကို အိမ်ကို အားရပါးရသယ်ပြီးပြန်နေကြတဲ့ လူတွေကိုကြည့်ရင်း… ရေးမိပါတယ်။

“ထရိုဂျန်မြင်းကို အိမ်ထဲ ထပ်မသွင်းကြပါနဲ့တော့ လားဗျာ။”

Richard Myo Thant