ကျန်း မာရေးနှင့်အားကစားဝန်ကြီးဌာနမှ ယနေ့ (မတ်လ ၂၈ ရက်)နံနက်ပိုင်းက ထုတ်ပြန်ခဲ့သော COVID-19 အတည်ပြု လူနာစာရင်းတွင် ပါရှိသော အသက် ၆၀ နှစ်အရွယ် အမျိုးသမီး လာရောက်ခဲ့သည့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ နေရာအချို့ Lock Down ပြုလုပ်ထားကြောင်း သိရသည်။

“ ကလော Hill Top Villa ၊ ပင်းတယက Green Tea စားသောက်ဆိုင်၊ ညောင်ရွှေက GIC One Hotel ၊ Mr Toe စားသောက်ဆိုင်၊ အင်းပေါခုံ ဦးသန်းနိုင် ယက္ကန်းရုံ အဲ့ဒီနေရာ ၅ ခု ကို သွားခဲ့တယ်။ သူသွားတဲ့အခါ စီးခဲ့တဲ့ Mini Bus နဲ့ ပတ်သက်ပြီး ထိစပ်တဲ့သူတွေ အနေနဲ့လည်း နီးစပ်ရာ ကျန်းမာရေးဌာနတွေမှာ ပူးပေါင်းတဲ့အနေနဲ့ စစ်ဆေးမှု ခံယူဖို့ မေတ္တာရပ်ခံချင်တယ်” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောသည်။

ထို့အတူ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ ပြောရေးဆိုခွင့် ရှိသူ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က “ ပြင်သစ်နိုင်ငံသား ၁၁ ဦး + Guide အမျိုးသမီး အသက် ၆၀ ဖြစ်ပါတယ်။” ဟု ပြောသည်။

အဆိုပါ အသက် ၆၀ နှစ်အရွယ် အမျိုးသမီး လာရောက်ခဲ့စဉ်က အသုံးပြုခဲ့သော မော်တော်ယာဉ်မှာ Mini Bus အမျိုးအစား 9C/8439 ဖြစ်ပြီးယာဉ်နှင့် ပတ်သက်ခဲ့သည့် သူများအနေဖြင့် သက်ဆိုင်ရာ ကျန်းမာရေးဌာနများနှင့် ပူးပေါင်းကာ စစ်ဆေးမှု ခံယူကြရန်ကိုလည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မေတ္တာရပ်ခံထားကြောင်း သိရသည်။

ယင်းလူနာသည် မတ်လ ၁၉ ရက်တွင် ကလောမြို့သို့ ရောက်ရှိ၍ Hill Top Villa ဟိုတယ်တွင် တစ်ည အိပ်ခြင်း၊ မတ်လ ၂၀ ရက်တွင် ပင်းတယ ရွှေဥမင်လှိုဏ်ဂူသို့ သွားရောက် လည်ပတ်ပြီး Green Tea စားသောက်ဆိုင်တွင် နေ့လယ်စာ စားကာ ညောင်ရွှေသို့ သွားရောက်၍ ညောင်ရွှေရှိ GIC One ဟိုတယ်တွင် ညအိပ်ခြင်း၊ မတ်လ ၂၁ ရက်တွင် အင်းလေးဒေသရှိ စံကားကျေးရွာ၊ သာလေးကျေးရွာသို့ သွားရောက်ကာ သာလေးကျေးရွာရှိ Mr Toe စားသောက်ဆိုင်တွင် နေ့လယ်စာ စားပြီး အင်းပေါခုံကျေးရွာသို့ ဆက်လက်သွားရောက်ကာ ဦးသန်းနိုင် ယက္ကန်းရုံတွင် အမှတ်တရ ပစ္စည်းများ ဝယ်၍ GIC One ဟိုတယ်တွင် ညအိပ်ခြင်း၊ မတ်လ ၂၂ ရက်တွင် ညောင်ရွှေမှ ဟဲဟိုးသို့ သွားရောက်ကာ ဟဲဟိုး-သံတွဲ-ရန်ကုန် လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာသွားခြင်း ဖြစ်ကြောင်း သိရသည်။

“အဲ့ဒီနေရာတွေကို ထွေအုပ်ကနေ တစ်ဆင့် Lock Down လုပ်ခိုင်းထားတယ်။ ကျန်းမာရေးဌာနက လိုအပ်တဲ့ ဆေးဖြန်းတာတွေ၊ စစ်ဆေးတာတွေ လုပ်မယ်” ဟု ဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောသည်။

မြန်မာနိုင်ငံတွင် ယနေ့ (မတ်လ ၂၈ ရက်) နံနက်ပိုင်းထိ COVID-19 အတည်ပြုလူနာ ၈ ဦး တွေ့ရှိထားပြီး ယခု ရှမ်းပြည်နယ်တောင်ပိုင်းသို့ ခရီးသွားရာဇဝင် ရှိခဲ့သည့် အသက် ၆၀ နှစ်အရွယ် အမျိုးသမီးမှာ လူနာအမှတ် ၈ (Case 8) ဖြစ်သည်။

KBZ Tai