မြန် မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသော လူနာများ တွေ့ရှိလာပီးနောက် ဆရာဝန်များသည် အသက်စွန့်တိုက်ပွဲကို စတင်ဆင်နွှဲနေကြရပီဖြစ်သည်။ ထို့အတူ တချို့ဆရာဝန်များသည်လည်း မိမိဆန္ဒအလျောက် ထိုဗိုင်းရပ်နှင့် ရင်ဆိုင် တိုက်ပွဲဝင်ရန် ရှေ့တန်းကူးစက်ဆေးရုံများသို့ ထွက်ခွာသွားကြပီဖြစ်သည်။ ထိုအထဲတွင် လူရှေ့ သိပ်မထွက်ရှိသော အရေးအကြီးဆုံး သူရဲကောင်းများ ရှိနေသည်။ သူတို့ကား ဤတိုက်ပွဲဝင် အရေးအကြီးဆုံးလူသားများဖြစ်သည်။ ထိုသူတို့မှာ National Health Laboratory (အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်း) မှ ဓာတ်ခွဲပညာရှင်များနှင့် ဆရာဝန်များဖြစ်သည်။

ရွှေတိဂုံဘုရားလမ်းနှင့် ဦးဝိစာရလမ်းကြားရှိ မော်ကွန်းတိုက်လမ်းရှိ ရှေးလက်ရာ ကိုလိုနီအဆောက်အဦးကြီးတခုသည် ယခု တိုက်ပွဲတွင် မြန်မာနိုင်ငံ၏ အရေးအကြီးဆုံးနေရာမှ တိုက်ပွဲဝင်လျက်ရှိပါသည်။ ယခု COVID-19 တိုက်ပွဲတွင် PPE များ အ၀တ်ရဆုံးနေရာဖြစ်ပီး မျက်နှာပေါ်တွင် Mask အရာများ ပေါ်လာသည့် ပထမဆုံးသော အစုအဖွဲ့ဖြစ်သည်။ သူတို့သည် ၂၄ နာရီ ၇ ရက်ပတ်လုံး နေ့မအား ညမနားပဲ တပြည်လုံးမှ ပေးပို့လိုက်သော သံသယလူနာများ၏ ဓာတ်ခွဲနမူနာများကို စမ်းသပ် စစ်ဆေးပေးနေကြသည်။ ရှိသည့်လူအင်အားနဲ့ မမျှအောင်ပင် ပင်ပန်းလွန်းစွာ တိုက်ပွဲဝင်နေရသည်။ သို့သော် ဇွဲကား မလျှော့ပေ။

သာမန်လူတို့ ကြောက်၍ အိမ်ထဲပုန်းနေရသော ကိုရိုနာဗိုင်းရပ်ကို လက်တကမ်းအကွာမှ ထိုင်ကြည့်နေသည့် သတ္တိရှိသူများလဲဖြစ်သည်။ ပေးပို့သော နမူနာသည် Positive ထွက်ခဲ့ပါက ထို နမူနာကို သေချာစေရန် Protocol ၄ ခုခန့်ဖြစ် ထပ်တလဲလဲ စစ်ဆေးရသည်။ တခါ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကိုလဲ ပေးပို့ဓာတ်ခွဲရသေးသည်။ ထို့နောက် စာရွက်တွင် ဆေးရုံအမည်နဲ့ လျို့ဝှက်ကုတ်များဖြင့် အဖြေလွှာကို သေချာပေးပို့ရပြန်သည်။ တခုမှ လွဲချော်၍ မရပေ။ သူတို့ဆီမှ အဖြေပြန်လာသော အချိန်သည် ညနက်ချိန် ဖြစ်သောကြောင့် Positive ဖြစ်သော လူနာ၏ ဆေးရုံ၊ ထိုမှ တဆင့် အများပြည်သူကို အသိပေးရန် ထိုလူနာ၏ ၀င်ရောက်လာသော နေ့ရက်၊ သွားခဲ့သည့်နေရာများ အစရှိသဖြင့် စုံလင်အောင် ရေးသားရသဖြင့် ထုတ်ပြန်ချိန်သည် ညသန်းခေါင်ကို ကျော်လွန်သွားခြင်းသာ ဖြစ်သည်။

တပြည်လုံးက စောင့်မျှော်နေရသော အဖြေများကို ထုတ်လုပ်ပေးသည့် အဓိကနေရာမှာ အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်း NHL ပင်ဖြစ်သည်။ သူတို့၏ နေ့မအား ညမနား ကြိုးစားလုပ်ဆောင်နေမှုကြောင့်ပင် ကျနော်တို့ အဖြေများကို နေ့ချင်းရရှိနေခြင်းဖြစ်သည်။ မျက်နှာတွင် အရာများပေါ်လာသည်အထိ၊ အအိပ်ပျက် အစားပျက် နေ့ညများစွာ၊ အန္တရာယ်နဲ့ လက်တကမ်းအကွာတွင် နေထိုင်ရင်း များစွာသော Work Load များကို ခံစားရင်း ၂၄ နာရီပတ်လုံး အဖြေထုတ်ပေးနေသော အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်း NHL မှ ၀န်ထမ်းအားလုံးကို ဂုဏ်ပြုလိုက်ရပါသည်။

ကျနော်တို့ ညသန်းခေါင်တွင် အဖြေမှန် သိရှိစေရန် သူတို့သည် ယခု အချိန်တွင်လဲ ရန်ကုန်မြို့လယ်နားရှိ အဆောက်အဦးတခုတွင် မနားမနေ အားသွန်ကြိုးစားနေကြပါသည်။ မြန်မာတပြည်လုံးကတော့ ထိုအဆောက်အဦးမှ ထွက်ပေါ်လာမည့် အဖြေကို ရင်ခုန်စွာ နားစွင့်နေကြပါတော့သည်။

Nay Thway