အေ မရိကန်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့ ( မတ်လ ၂၅ ) အထိ စုစုပေါင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်လူနာ ၆၈၅၇၂ ဦး၊ သေဆုံးသူကတော့ ၁၀၃၁ ဦး ရှိနေပြီ ဖြစ်တယ်လို့ John Hopkins တက္ကသိုလ်က ကောက်ယူခဲ့တဲ့ အချက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ နာရီအနည်းလောက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၈၂၇ ဦး ထပ်တိုးခဲ့တယ်လို့ စစ်တမ်းကောက်ယူသူတွေက ပြောပါတယ်။ အမေရိကန်နိုင်ငံဟာ တရုတ်နိုင်ငံနဲ့ အီတလီနိုင်ငံပြီးရင် တတိယမြောက် ဗိုင်းရပ်စ်ကူးစက်မှု အများဆုံး နိုင်ငံဖြစ်လာပါတယ်။

နယူးယောက်ဟာ ဗိုင်းရပ်စ်ကူးစက်မှု အဆိုးဝါးဆုံးဒေသဖြစ်ပြီး လူ ၂၈၀ ဦး သေဆုံးခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံမှာ နေထိုင်တဲ့ လူပေါင်း သန်း ၇၀ ကနေ ၁၅၀ အတွင်းဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ခံရနိုင်ကြောင်း အခုလ အစောပိုင်းက ကွန်ဂရက်နဲ့အတူ ပြုလုပ်ခဲ့တဲ့ ခန့်မှန်းချက်မှာ ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလက တရုတ်နိုင်ငံအလယ်ပိုင်းမှာ စတင်ကူးစက်ပျံ့ပွားလာခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးသူ စုစုပေါင်း ၂၁၀၀၀ ကျော် ရှိခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။

အကုန်သိ