ရဲ တပ်ဖွဲ့ကနေ နစ်နာသူအမည်များ ပြောဆိုထုတ်ပြန်တဲ့အပေါ် ဆောင်ရွက်စရာရှိတာတွေ ဆက်လက်ဆောင်ရွက်ဖို့ ပြည်သူ့လွှတ်တော်ဥက္ကဌ ထံ တင်ပြဆွေးနွေးသွားမယ်လို့ ပြည်သူ့လွှတ်တော်၊ အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ မှ ဥက္ကဌ ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည် က ပြောပါတယ်။ ဒေါ်ခင်စိုးစိုးကြည်က”လောလောဆယ်မှာတော့ ဒီအစီအစဉ်ကို လွှတ်တော် ဥက္ကဌကြီးနဲ့လည်း တွေ့ရပါအုံးမယ်။ဘာကြောင့်လဲဆိုတော့ ဒီနေ့က လွှတ်တော်ပိတ်တဲ့နေ့ ဖြစ်ပါတယ်။ဒါဆို ကော်မတီအားလုံးကလည်း မိမိနေရပ်ကိုပြန်တဲ့အချိန်ဖြစ်ပါတယ်။ဒါကြောင့်မို့လို့ ကျွန်မတို့က လွှတ်တော်ရဲ့ ကော်မတီတစ်ရပ်အနေနဲ့ ဘယ်လိုဆက်ပြီးဆောင်ရွက်ရမယ်ဆိုတာကိုတော့ ပြည်သူ့လွှတ်တော်ဥက္ကကြီးနဲ့ဆက်လက်ဆွေးနွေးပြီးတော့မှ ဆောင်ရွက်ရမှာ ဖြစ်တယ်“လို့ ပြောပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့က ဗစ်တိုးရီးယားအမှုကိစ္စနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ရာမှာ နစ်နာသူကလေးရဲ့ အမည်ကို ထုတ်ဖော်ပြောဆိုခဲ့သလို ရဲတပ်ဖွဲ့ရဲ့ ဖေ့စ်ဘုတ်ခ်စာမျက်နှာလည်း နစ်နာသူမိသားစုရဲ့ နာမည်တွေ နေရပ်လိပ်စာတွေ စတဲ့အချက်တွေ ပါရှိတဲ့ မှတ်တမ်းအချို့ကို တင်ခဲ့ပါတယ်။ နာရီပိုင်းအတွင်းမှာ ဖေ့ဘုတ်ခ်ပေါ်ကနေ ပြန်လည်ဖြုတ်ချလိုက်ပေမယ့်လည်း ပြည်သူတွေအနေနဲ့ ရဲတပ်ဖွဲ့အပေါ် ဒီလုပ်ရပ်နဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင် ပြောဆိုခဲ့ကြပါတယ်။ဒါ့အပြင် ရဲတပ်ဖွဲ့အနေနဲ့ သည်လုပ်ရပ်နဲ့ပတ်သက်ပြီး တာဝန်ယူမှု တာဝန်ခံမှု ရှိဖို့လည်း ပြည်သူတွေက လိုလားနေကြတာ ဖြစ်ပါတယ်။ ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည်က”သတင်းစာရှင်းလင်းပွဲလုပ်ပါတယ်။ဒီဟာက ပြဿနာ မရှိသေးပါဘူး။သူတို့ရဲ့ရဲဇာနည်ပေ့ချ်မှာ တင်လိုက်တဲ့ဟာမှာတော့ မိခင်တွေ သူတို့ရဲ့နေရပ်လိပ်စာတွေ ကလေးရဲ့ အမည်တွေ အထိပါလာတယ်။ဒါအရဆိုရင် ကျွန်မတို့က အခြေခံဥပဒေနဲ့လည်း ကြည့်လို့ရပါတယ်။၂၀၁၉ ဇူလိုင် ၂၃ မှာ ပြဌာန်းထားတဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေနဲ့လည်း ကြည့်လို့ရပါတယ်“လို့ ပြောပါတယ်။

ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေမှာဆိုရင် ကလေးသူငယ် အရေးတွေ နဲ့ ကလေးသူငယ်တွေရဲ့ မှုခင်တွေကို စီမံဆောင်ရွက်တဲ့အခါ၊စီရင်ဆုံးဖြတ်တဲ့အခါတွေမှာ ကလေးတွေရဲ့ အကျိုးစီးပွါးကို ကြည့်ကာ အဓိက ဆောင်ရွက်ရမယ်ဆိုတဲ့ ပြဌာန်းချက်တွေ ပါဝင်ပါတယ်။

ကလေးသူငယ်ဥပဒေကို ချိုးဖောက်တဲ့သဘောရောက်ပါတယ်။ တရားစွဲဆိုနိုင်တာက ကလေးရဲ့မိဘများက ပိုပြီး လုပ်ပိုင်ခွင့်ရှိပါတယ်။ စစ်အစိုးရလက်ထက်ကတည်းက ဗိုလ်ချုပ်ခင်ညွန့်ကို တိုက်ခိုက်တဲ့အခါမှာ ထင်ရှားတဲ့ ဥပဒေဆိုရိုးစကားရှိပါတယ်။ ဥပဒေအထက်မှာ ဘယ်သူမှမရှိစေရပေါ့ဗျာ။ အဲဒါနဲ့တွဲဖက်တဲ့စကားရပ်က ဥပဒေအောက်တွင် လူတိုင်းတန်းတူရှိပေါ့။ အဲဒီတော့ ဒီလိုထုတ်ပြန်ပြောဆိုမှုတွေဟာ ရဲတပ်ဖွဲ့နဲ့အရာရှိကြီးတွေမို့ မဆွဲဘူးဆိုရင်တော့ ဥပဒေအထက်မှာရှိနေမှာဖြစ်သလို ဥပဒေအောက်မှာလည်း လူတိုင်းတန်းတူမရှိဘဲ ဖြစ်သွားမှာပေါ့ခင်ဗျာ။” ဟု ဦးခင်မောင်ဇော်(ကိုအောင်ကြီး၏ ရှေ့နေအဖွဲ့ခေါင်းဆောင်) ကပြောဆိုထားပါတယ်။

“ရဲတပ်ဖွဲ့အနေနဲ့ကတော့ အခုချိန်ထိ လုပ်ကြံဖန်တီးထားခြင်းမရှိပဲ သည်အမှုကို ရိုးရိုးသားသား စုံစမ်းစစ်ဆေး ဖော် ထုတ်နေခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် အမှုမှန်ပေါ်ပေါက်ရေးက ရဲတပ်ဖွဲ့ရဲ့တာဝန်ဖြစ်သလို အမှုမှန်ပေါ်ပေါက်ဖို့ အလိုရှိဆုံးကလည်း ရဲတပ်ဖွဲ့ပဲ ဖြစ်တယ်လို့ မှုခင်းရဲတပ်ဖွဲ့ မှ ညွန်ကြားရေးမှူး ရဲမှူးကြီး မင်းဟန်က ဆိုပါတယ်။

ရဲမှူးကြီး မင်းဟန်က”အတတ်နိုင်ဆုံး ဖြောင့်ဖြောင့်တန်းတန်းပဲလျှောက်တယ်။ဘယ်သူကမှနောက်ကကြိုးကိုင်တာ ၊ထိန်းချုပ် တာလုံးဝမရှိပါဘူး။ မှုခင်းတပ်ဖွဲ့စစ်တယ်။ မှုခင်းတပ်ဖွဲ့ကလည်းသူ့ဟာသူလွတ်လွတ်လပ်လပ်ပဲ ဆောင် ရွက်တာ”လို့ပြောပါတယ်။

လက်ရှိမှာတော့ ရဲတပ်ဖွဲ့ အနေနဲ့ က ကိုအောင်ကြီးလွှတ်ပေးလိုက်ခြင်းနဲ့ ပတ်သက်ပြီး တရားရုံးရဲ့ စီရင်ချက်ကို မရရှိသေးတဲ့အတွက် သည်အမှုနဲ့ ပတ်သက်ပြီး ဘာဆက်လုပ်မယ်ဆိုတာ ပြောပြနိုင်ခြင်းမရှိသေးဘူးလို့ ရဲတပ်ဖွဲ့ က ဆိုပါတယ်။တရားရုံးရဲ့ စီရင်ချက်ရရင်တော့ ဥပဒေနဲ့ အညီဆောင်ရွက်သင့်တာတွေ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

နေပြည်တော်သပြေကုန်းရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ Wisdom Hill ပုဂ္ဂလိမူကြိုကျောင်းမှာ တက် ရောက်နေတဲ့ ၃နှစ်ခန့် အရွယ် မိန်းကလေးတစ်ဦးဟာ မေလ ၁၆ ရက်နေ့က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် မှုခံခဲ့ရတာကြောင့် မိခင်ဖြစ်သူကိုယ်တိုင် အမှုဖွင့်တိုင်တန်းခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်အထိ တရားခံ မပေါ်သေးတာဖြစ်ပါတယ်။