အေ မရိကန်နိုင်ငံ၊ နယူးယောက်မြို့က ဆေးရုံတချို့ဟာ Covid-19 ကိုရိုနာဗိုင်းရပ်စ် ရောဂါနဲ့ သေဆုံးသူတွေ များပြားလွန်းလာတာကြောင့် အလောင်းထားဖို့ နေရာ မလုံလောက်တော့တဲ့အတွက် ယာယီ ရေခဲတိုက်တွေကို ကြံဆ တီထွင်ပြီး အသုံးချနေရပါတယ်။

နယူးေ ယာက်က ဘယ်လီဗျူး ဆေးရုံမှာဆိုရင် ပုံမှန် အသုံးပြုနေတဲ့ ရေခဲတိုက်တွေ အားလုံး ပြည့်သွားပြီ ဖြစ်တဲ့အတွက် ရွက်ဖျင်တဲတွေထဲမှာ အအေးပေးပြီး အလောင်းတွေ ထားနေရပါတယ်။

ပြီးတော့ အအေးခန်း ထရပ်ကားကြီးတွေကိုလည်း ရေခဲတိုက်အဖြစ် အသုံးပြုနေရတယ်လို့ ဆိုပါတယ်။

နယူးယောက်မြို့တော်ဝန် အန်ဒရူး ကူယိုမိုကလည်း ကိုရိုနာဗိုင်းရပ်စ်ဟာ သူ့ပြည်နယ်ထဲမှာ ကျည်ဆံရထားထက်ပိုမြန်န်တဲ့နှုန်းနဲ့ ပျံ့နှံ့နေတယ်လို့ သတိပေးလိုက်ပြီး ဆေးပစ္စည်းအထောက်အပံ့တွေ တောင်းခံထားပါတယ်။ နယူးယောက်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရကြောင်း အတည်ပြုထားသူ ၂၅၀၀၀ ကျော်ရှိနေပြီး အခုအချိန်အထိ အနည်းဆုံး လူ ၂၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ပါတယ်။

နယူးယောက်မြို့ တည်ရှိရာ နယူးယောက် ပြည်နယ်ဟာ အမေရိကန် ပြည်ထောင်စုမှာ Covid-19 ရဲ့ဒဏ်ကို အဆိုးရွားဆုံး သက်ရောက် ခံစားနေရတဲ့ နယ်မြေလည်း ဖြစ်ပါတယ်။ နယူးယောက်မှာ ၂၀၀၁ ခုနှစ်တုန်းက ကမ္ဘာကျော် စက်တင်ဘာ ၁၁ ရက် အကြမ်းဖက် တိုက်ခိုက်မှုကြီး ဖြစ်ပွားပြီး လူတွေ ထောင်နဲ့ချီ သေဆုံးတုန်းကလည်း ရေခဲတိုက်တွေ မလုံလောက်တော့လို့ အခုလို အစီအမံမျိုး ကျင့်သုံးခဲ့ရဖူးပါတယ်။

အမေရိကန် ပြည်ထောင်စု အရေးပေါ် အခြေအနေ စီမံခန့်ခွဲရေးဌာနက နယူးယောက်နဲ့ တခြားပြည်နယ် အစိုးရတွေ အနေနဲ့ ရေခဲတိုက်နဲ့ ရင်ခွဲရုံဆိုင်ရာ လုပ်ငန်းကဏ္ဍတွေကိုလည်း မျက်ခြေပြတ်မနေဘဲ လိုအပ်တာတွေ ကူညီ ဖြည့်ဆည်းပေးဖို့ တိုက်တွန်းထားပါတယ်။

နယူးယောက်မှာ အလောင်းထားတဲ့ ထရပ်ကားတွေ အသုံးပြုဖို့ ကုမ္ပဏီ တချို့နဲ့ စာချုပ်ထားပေမယ့် စီမံကိန်း တွင်တွင်ကျယ်ကျယ် မစတင်ရသေးပါဘူး။ ဒါပေမဲ့ လက်ရှိ အခြေအနေအရ အအေးခန်း ထရပ်ကား အသစ်တွေ အမြန်ဆုံး တင်ပို့ပေးဖို့ လိုအပ်ချက် ကြီးမားလာပြီ ဖြစ်ပါတယ်။

အခုဆိုရင် အမေရိကန်ဟာ ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ Covid-19 ကူးစက်မှု တတိယ အများဆုံး နိုင်ငံ ဖြစ်လာပါပြီ။

ရောဂါ ခံစားနေရသူတွေကို အမေရိကန်ရဲ့ ပြည်နယ် ၅၀ စလုံးအပြင် အမေရိကန် ပိုင်နက်ဖြစ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နိုင်ငံငယ်တွေမှာပါ စစ်ဆေး တွေ့ရှိထားပါတယ်။ မတ်လ ၂၆ ရက်ထိ စာရင်းတွေအရ အမေရိကန်မှာ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၆၉၀၀၀ နီးပါး ရှိလာပြီး သေဆုံးသူ ၁၀၀၀ ကျော်လာပြီလို့ သိရပါတယ်။